spot_img
Homeဆောင်းပါး“စာသင်ခန်းကိုကျောခိုင်းပြီး ဝမ်းရေးခရီးဆီ လျှောက်လှမ်းလာရသူများ..”

“စာသင်ခန်းကိုကျောခိုင်းပြီး ဝမ်းရေးခရီးဆီ လျှောက်လှမ်းလာရသူများ..”

-

ကန္တာရဝတီတိုင်း(မ်)

“အာဏာသာမသိမ်းခဲ့ရင် တက္ကသိုလ်တွေတက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေ အကောင်အထည် ဖော်နေရလောက်ပြီ။” လို့ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ ပို့ပို (အမည်လွှဲ) က ပြောပါတယ်။

ပို့ပိုဟာ လက်ရှိမှာ အသက် ၁၇ နှစ်ရှိပြီး ၈ တန်း နဲ့ ကျောင်းနားထားသူပါ။ အာဏာသိမ်းစစ်အစိုးရ လက်အောက်မှာ စနစ်သစ်နဲ့ ၂ နှစ်လောက် ကျောင်းတက်ခဲ့ပေမဲ့ မိသားစုအခက်အခဲကြောင့် ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ကို ရွေးချယ်ခဲ့ပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားတဲ့မြို့ကြီးတခုက အထည်ဆိုင်မှာ အလုပ်လုပ်နေပါတယ်။ တလ ၃ သိန်း ဝင်ငွေရပေမဲ့ လစာထုတ်ရက်ပြီးတိုင်းမှာ အိမ်ကိုငွေပို့ပေးပြီး မိမိအသုံးစရိတ်ကိုတော့ အလုပ်ရှင်ကပေးတဲ့ မုန့်ဖိုးတွေကိုစုပြီး သုံးစွဲနေပါတယ်။အခုတော့ သူမ အလုပ်လုပ်လာတာ ၃ နှစ်ထဲ ရောက်လာပါပြီ။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အလုပ်လုပ်ကိုင်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်မှာ ၁၄ နှစ် ဖြစ်ပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၅ နှစ် အတွင်းရှိသူတွေကို “ကလေး” အဖြစ် သတ်မှတ်ပြီး၊ ဆရာဝန်ရဲ့ ထောက်ခံချက်ရမှသာ ပညာသင်ကြားရေးကို မထိခိုက်စေပဲ ပေါ့ပါးတဲ့အလုပ်တွေကို တရက် ၅ နာရီ အထိ လုပ်ကိုင်ခွင့် ပြုထားပါတယ်။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်းကို အထက်ပါအသက်အုပ်စုအား အလုပ်ခိုင်းစေခြင်းကို ဥပဒေမှာ ခွင့်မပြုထားပါဘူး။

အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်းရှိသူတွေကိုတော့ “လူငယ်လုပ်သား” အဖြစ် သတ်မှတ်ပြီး ရုံးချိန် ၈ နာရီအထိ အလုပ်လုပ်ကိုင်ခွင့်ရှိပေမဲ့၊ စက်ကိရိယာအန္တရာယ်၊ ဓာတုပစ္စည်းကိုင်တွယ်ရတာ စတဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ သူတို့ကို ဝင်ရောက်လုပ်ကိုင်ခွင့်မပြုရပါဘူး။
ဒါပေမဲ့ ရွေးချယ်စရာမရှိတဲ့ ပို့ပိုတို့လို လူငယ်အလုပ်သမားတွေအဖို့တော့ တရက်ကို ၁၀ နာရီကနေ ၁၂ နာရီအထိ လုပ်ငန်းခွင်ထဲမှာ ရှိနေရပါတယ်။ စျေးရောင်းတဲ့အလုပ်ကတော့ ဝယ်သူတွေပါးတဲ့ အချိန်တွေလည်း ရှိနေတတ်တာမို့ အလုပ်ထဲမှာ နားရတဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။

 

ပို့ပို (အမည်လွှဲ ) လုပ်ကိုင်နေသည့် အထည်ဆိုင်။

ကရင်နီပြည်တွင်းမှာ ပို့ပိုလို ပညာရေးကိုစွန့်လွှတ်ပြီး ဝမ်းရေးအတွက်အလုပ်လုပ်ကိုင်နေကြရတဲ့ ကျောင်းနေအရွယ်လူငယ်တွေ အများကြီးရှိပါတယ်။

လူငယ်တယောက်အတွက် ပညာသင်ယူခွင့်ဟာ အနာဂတ်ကိုတည်ဆောက်ဖို့ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တခု ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကရင်နီပြည်က လူငယ်တွေအများစုကတော့ စာသင်ခန်းထဲမှာ ရှိနေရမယ့်အစား ခေတ်ကာလအခြေအနေတွေကြောင့် သမိုင်းပေးတာဝန်နဲ့ မိသားစု ဝမ်းစာရေးဝန်ကိုပါ ထမ်းပိုးနေကြရပါတယ်။

“သူများတွေ ကျောင်းတက်တာ သင်တန်းတက်တာတွေ့ရင်လည်း တအားအားကျတယ်။ ပညာသင်ယူရမယ့်အချိန် ကိုယ့်ရဲ့ မိသားစုတွေနဲ့ နွေးနွေးထွေးထွေးအတူနေရမယ့်အချိန်မှာ အလုပ်တွေ လုပ်နေရတယ်” လို့ ပို့ပို က သူမရဲ့ အခြေအနေကို ပြောပြပါတယ်။

ကရင်နီပြည်တွင်းမှာ ပို့ပိုလိုပဲ မိသားစုစားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူတွေ ဒီနေ့ခေတ်မှာ ဒုနဲ့ဒေး ရှိနေပါတယ်။ တိကျတဲ့လူဦးရေစာရင်း ကောက်ယူနိုင်တာမျိုးမရှိပေမဲ့ အများစုလက်ခံထားတာကတော့ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလူငယ်တွေ အများကြီးရှိနေတယ် ဆိုတာပါပဲ။

“အာဏာသာမသိမ်းရင် ကိုယ်မှမဟုတ်ပါဘူး။ ကျောင်းနေဖက်သူငယ်ချင်းတွေ ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူး။ အဓိက ကတော့ အိမ်အခြေအနေကြောင့်လည်း ပါတာပေါ့။”လို့ အသက် ၂၄ နှစ်အရွယ် ဒီးမော့ဆိုဒေသခံ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာတော့ သူမဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အာဏာသိမ်းမှုမဖြစ်ခဲ့ရင်တော့ ဒီအချိန်မှာ သူမဟာ တက္ကသိုလ်တခုခုမှာ တက္ကသိုလ်ကျောင်းသူ ဖြစ်နေမှာ အမှန်ပါပဲ။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပြင်းထန်းတဲ့လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ကရင်နီပြည်ဟာ မြန်မာနိုင်ငံအတွင်း အကြီးမားဆုံးနေရပ်စွန့်ခွာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ဒေသတခုလည်း ဖြစ်လာပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ရဲ့ Running out of times အစီရင်ခံစာအရ ကရင်နီပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသူအနည်းဆုံး ၂၁၀,၀၀၀ အထိ ရောက်ရှိခဲ့ပြီး ပြည်နယ်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ရှိတယ်လို့ဆိုထားပါတယ်။ တိုက်ပွဲ၊ မလုံခြုံတဲ့ လမ်းပန်း ဆက်သွယ်ရေး၊ စီးပွားရေးကျဆင်းမှုနဲ့ အခြေခံဝန်ဆောင်မှု ပြတ်တောက်မှုတွေက လူငယ်တွေရဲ့ ပညာရေးလမ်းကြောင်းအပေါ် သက်ရောက်မှုများခဲ့ပါတယ်။

လတ်တလောမှာလည်း မြေပြင်အခြေအနေ မတည်ငြိမ်မှုတွေကြောင့် ကရင်နီပြည်က တချို့ဒေသတွေမှာ ကျောင်းတွေပိတ်ထားရသလို၊ ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေရတဲ့ စာသင်ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကျောင်းတွေဆိုရင် လူနေအိမ်တွေထဲမှာ ခိုးကြောင်ခိုးဝှက် သင်နေကြသလို၊ တချို့ကျောင်းတွေက လူတွေအလွယ်တကူမမြင်နိုင်တဲ့ တောတောင်တွေထဲမှာ ဖွင့်ထားရပါတယ်။

အခုလိုအဖက်ဖက်က စိုးရိမ်ရတဲ့ အခြေအနေတွေကြား၊ လိုအပ်ချက်တွေကြား ပို့ပိုတို့လို ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျောင်းထွက်နှုန်းက တနေ့တခြား ပိုများလာပါတယ်။

ကရင်နီပြည်မှာ ယခုနှစ်အခြေခံပညာကျောင်းတက်ရောက်တဲ့ ကျောင်းသား/သူ အရေအတွက်ဟာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် လူဦးရေ ၂၀၀၀ လောက် လျော့ကျလာတယ်လို့လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပညာရေးဌာန၊ ဌာနမှူးကြီး မော်မီးမာ က ပြောပါတယ်။

“ဟုတ်ပါတယ်။ လက်ရှိကောက်ခံရရှိတဲ့ စာရင်းအရက အရင်နှစ်နဲ့ယှဥ်ရင် ကျောင်းသားနှစ်ထောင်နီးပါး လျော့သွားတာ တွေ့ရပါတယ်။” လို့ (IEC) ရဲ့ ပညာရေးဌာနမှ ဌာနမှူးကြီး မော်မီးမာ က ပြောပါတယ်။

ကျောင်းထွက်ရတဲ့ အကြောင်းရင်းတွေကတော့ လုံခြုံရေးအရဖြစ်နိုင်သလို၊ ကျောင်းဆရာ၊ဆရာမ လိုအပ်ချက်တွေ၊ မိသားစု လိုအပ်ချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

“ဒီနှစ်ကျောင်းထွက်သွားတဲ့ ကျောင်းသားတွေရှိတယ်။ အရင်နှစ်တွေက မရှိဘူး ကျောင်းထွက်တာ၊ အဓိက ဘာကြောင့်ထွက်လဲ မေးကြည့်‌တော့လဲ သူတို့ မှာ အဖြေရှိမနေဘူး။ ဘာအဆင်မပြေမှုတွေ ကြောင့်လဲပေါ့နော်။ အကယ်၍ ကျ‌နော်တို့ဖက်က ဆောင်ရွက်ပေးလို့ရတဲ့ ကူညီလို့ရတဲ့ဟာဆို ဆောင်ရွက်ပေးမယ်ပေါ့။ ဒါပေမဲ့ သူတို့သူငယ်ချင်းတွေကနေတဆင့်မေးတော့ အဓိက သူတို့အိမ်မှာ အလုပ်လုပ်မယ့်သူ မရှိတာတို့ အဲ့လိုပြောကြတယ်။ “လို့ ကျောင်းဆရာတဦးက ကျောင်းသားတွေ ကျောင်းထွက်နှုန်းများလာတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ အခြေအနေက ပိုပြီးခက်ခဲလာသလို လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ စာသင်နေရတဲ့တချို့ကလေးတွေဟာ စိတ်ဒဏ်ရာတွေရလာကြသလို၊ အာရုံစူးစိုက်မှုတွေ အားနည်းလာတာ၊ စာအပေါ် စိတ်ဝင်စားမှု အားနည်းလာတာ တွေ့နေရတယ်လို့ ဌာနမှူးကြီး မော်မီးမာ က ပြောထားပါတယ်။

ဒါ့အပြင် မိဘတွေအနေနဲ့လည်း စစ်ဘေးရှောင်နေရတဲ့အပြင် ပုံမှန်ဝင်ငွေရတဲ့ အလုပ်အကိုင်တွေ မရှိတာကြောင့် သားသမီးတွေရဲ့ ပညာရေးကို ဦးစားမပေးနိုင်တော့ဘူးလို့လည်း သူမ က ထပ်လောင်းပြောပါတယ်။

“အခုလိုအခြေအနေက မိဘတယောက်အနေနဲ့ ဆုံးဖြတ်ချက်ချရ အရမ်းခက်တယ်။ သူတို့ကိုကျောင်းဆက်တက်ခိုင်းရင် ကျောင်းခ ဘာညာ ဘယ်နားရှာပေးရမလဲ။ အရေးထဲ မိသားစုထဲ ပြင်ပထွက်လုပ်တဲ့သူမရှိတော့ ဘယ်လိုမှ အဆင်မပြေဘူး။”လို့ ကျောင်းသားမိခင် တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်တွေကို ဩဂုတ်လအတွင်းမှာ မြင်တွေ့ရစဥ်။

ဒီကနေ့မှာ လူငယ်တယောက်က ပညာရေးကို စွန့်လွှတ်လိုက်တာဟာ ချက်ချင်းဆိုသလို သက်ရောက်မှုတွေမများနိုင်ပေမဲ့ အဲဒီလိုလူငယ်တွေများလာပြီး နောက်နှစ်အနည်းငယ်အတွင်းမှာတော့ လူ့အသိုက်အဝန်းအတွက် ပြန်လည်အကျိုးပြုမယ့် လူ့အရင်းအမြစ်တွေ လျော့နည်းလာနိုင်ပါတယ်။

“ကျနော်တို့ ဒီလူငယ်ထုတွေ ပြည်ပထွက်အလုပ်ထွက်မလုပ်နိုင်အောင် ကျ‌နော်တို့ လက်ရှိကြားကာလမှာ တာဝန်ယူတာဝန်ခံနေရတဲ့သူတွေ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘယ်လောက်ထိ လုပ်ထားမလဲ၊ ဘယ်လောက်ထိ စီမံရေးထားမလဲဆိုတာ မူတည်တယ်။ အဲ့ဒါမှပဲ အလုပ်ထွက်လုပ်တဲ့သူတွေကို တနည်းအားဖြင့် ထိန်းချုပ်နိုင်မယ့် လမ်းကြောင်း‌လေးပေါ့နော်။ အဲ့လို အစီအမံမရှိသေးသရွေးတော့ ကျနော်ထင်တယ် နီးစပ်ရာနိုင်ငံ အလုပ်လုပ်ကိုင်တဲ့ကိစ္စ ဘယ်လိုမှ ထိန်းချုပ်လို့ရသေးမှာ မဟုတ်ဘူးပေါ့။ ဆိုတော့ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ကျနော်တို့ ဖန်တီးပေးနိုင်မှသာ ဒီကိစ္စကို ကျနော်တို့ ထိန်းချုပ်နိုင်မှာဖြစ်တယ်။” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လူငယ်ရေးရာဌာန၊ ဌာနမှူးကြီး ခွန်းသောမတ်စ် က ပြောပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လူငယ်ရေးရာဌာန၊ လက်လှမ်းမီစာရင်းအရ အာဏာသိမ်းပြီး ပြည်ပထွက်အလုပ်ထွက်လုပ်တဲ့ လူငယ်ပေါင်း ခုနှစ်ထောင် ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ