spot_img
Homeသတင်းဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ခိုင်မာတဲ့မူဝါဒလမ်းကြောင်းနဲ့ စုစည်းဆောင်ရွက်နေကြောင်း SCEF ပြော

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ခိုင်မာတဲ့မူဝါဒလမ်းကြောင်းနဲ့ စုစည်းဆောင်ရွက်နေကြောင်း SCEF ပြော

-

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ခိုင်မာတဲ့ မူဝါဒလမ်းကြောင်းနဲ့ စုစည်းဆောင်ရွက်နေတယ်လို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ပြောပါတယ်။

SCEF ရဲ့ အလှည့်ကျသဘာပတိ ခူဦးရယ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ အဓိကသဘောတရားဟာ “အာဏာသည် ပြည်သူ့ထံမှလာသည်” ဆိုတဲ့အတိုင်း ပြည်ထောင်စုရဲ့ အနာဂတ်ကို သေနတ်၊ စစ်အင်အားနဲ့ ဟန်ပြပွဲတွေနဲ့ မဟုတ်ဘဲ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့သာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုင်းရင်းသားအင်အားစုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရနဲ့ ကြားကာလအုပ်ချုပ်ရေးအဖွဲ့အစည်းတွေအားလုံး ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ပြီး တူညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီ ဘုံပန်းတိုင်နဲ့ ချီတက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုရဲ့ အာဏာထိန်းချုပ်ထားမှုကို ရပ်တန့်နိုင်ရေး၊ ပြည်သူ့အာဏာကို ပိုင်ရှင်အစစ်ဖြစ်တဲ့ ပြည်သူလူထုထံ ပြန်လည်ပေးအပ်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိရေးနဲ့ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ပေးရေးတို့ကို ကမ္ဘာတဝန်းက ဒီမိုကရေစီမိတ်ဆွေတွေကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဖန်တီးထားတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်၊ အစိုးရအမည်ခံ အဖွဲ့အစည်းတွေဟာ တိုင်းပြည်ကို ဆက်လက်ထိန်းချုပ်နိုင်ရေးနဲ့ စစ်အုပ်ချုပ်ရေးကို တရားဝင်မှုရရှိစေရေးအတွက် စနစ်တကျ စီစဉ်ထားတဲ့ လှည့်ကွက်တရပ်သာဖြစ်ပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်နေတာ မဟုတ်ဘူးလို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

SCEF အနေနဲ့ လိုလားတောင့်တတဲ့ ဒီမိုကရေစီဟာ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သဟဇာတဖြစ်မှုကို အာမခံပေးနိုင်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ဖြစ်တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီ သွားရာလမ်းဟာ ကြမ်းတမ်းပေမယ့် ပြည်သူတွေရဲ့ တွန်းလှန်စွမ်းအားနဲ့ အင်အားစုတွေရဲ့ ညီညွတ်မှုကနေ မျှော်မှန်းထားတဲ့ အနာဂတ်ကို အပြည့်အဝ ရရှိနိုင်မှာဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ