spot_img
Homeသတင်းမြန်မာနိုင်ငံမှာ တလအတွင်း အမျိုးသမီး ၅၈ ဦးသေဆုံး၊ ကရင်နီပြည်က ၅ ဦးပါဝင်

မြန်မာနိုင်ငံမှာ တလအတွင်း အမျိုးသမီး ၅၈ ဦးသေဆုံး၊ ကရင်နီပြည်က ၅ ဦးပါဝင်

-

ကန္တာရဝတီတိုင်း ( မ် )

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမျိုးသမီး ၅၈ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကရင်နီပြည်က ၅ ဦး ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

သေဆုံးမှုတွေထဲမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၈ ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၇ ဦး၊ ကျည်ထိမှန်မှု၊ မတရားသတ်ဖြတ်ခံရမှုနဲ့ မြေမြှုပ်မိုင်းကြောင့် ၁ ဦးစီ ပါဝင်တယ်လို့ ဆိုပါတယ်။ စာရင်းအရ သေဆုံးသူ အမျိုးသမီး ၅၈ ဦးထဲမှာ မသန်စွမ်းအမျိုးသမီး ၁ ဦးအပါအဝင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၆ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၀ ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၃ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၂ ဦး စုစုပေါင်း ၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို လစဉ်အမျိုးသမီးတွေ သေဆုံးနေတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တွဲဖက်အတွင်းရေးမှူး-၁ မူထရီဇာက သုံးသပ်ပြောပါတယ်။

“စစ်အုပ်စုတွေရဲ့ လေကြောင်းပစ်ကူတွေကြောင့် နေ့စဉ်နဲ့အမျှ အမျိုးသမီးတွေ သေဆုံးနေတာတွေ ရှိတယ်။ ဒါက ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်သလို လက်ရှိနိုင်ငံရေးအကြပ်အတည်းကာလမှာ အမျိုးသမီးအခွင့်အရေးတွေကလည်း နေ့စဉ်နဲ့အမျှ ချိုးဖောက်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ကရင်နီပြည်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ အမျိုးသမီးတွေဟာ လုံခြုံရေးအန္တရာယ်ကို ကြီးမားစွာ ရင်ဆိုင်နေရတယ်လို့ ပြောရမှာဖြစ်တယ်” လို့ မူထရီဇာက ဆိုပါတယ်။

အမျိုးသမီးသေဆုံးမှုဖြစ်စဉ်အရ ကရင်နီပြည်က ၅ ဦးအပါအဝင် ရခိုင်ပြည်နယ်က ၁၇ ဦး၊ မကွေးတိုင်းက ၁၃ ဦး၊ စစ်ကိုင်းတိုင်းက ၁၁ ဦး၊ မန္တလေးတိုင်းက ၇ ဦးနဲ့ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က ၁ ဦးစီ ပါဝင်ပါတယ်။

ကရင်နီပြည်က သေဆုံးသူ ၅ ဦးရဲ့ ဖြစ်စဉ်အသေးစိတ်မှာတော့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မှတ်တမ်းအရ စက်တင်ဘာ ၂၁ ရက်က ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့၊ ဝါရီးဆူပလိုင်ကျေးရွာမှာ လက်နက်ကြီးထိမှန်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁ ရက်က မော်ချီးဒေသရှိ ခဲလုပ်ကွင်းတစ်နေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ဦးနဲ့ စက်တင်ဘာ ၅ ရက်က ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်တစ်နေရာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးခဲ့ပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ