ကန္တာရဝတီတိုင်း (မ်)
၂၀၂၃ ခုနှစ် အမျိုးသားနေ့ပွဲမှာ ကယန်းရိုးရာဂါဝန်ရှည်ကို ဝတ်ဆင်ပြီး လူအများရှေ့ ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုယ် ဖော်ပြနိုင်ခဲ့တဲ့နေ့ဟာ Han အတွက် လွတ်လပ်မှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
တောင်ယာ စိုက်ခင်းတွေနဲ့ စိမ်းလန်းလှပနေတဲ့ ဖယ်ခုံမြို့နယ်က ကယန်းရွာလေးတစ်ခုမှာ ကယန်းဘာသာစကားလို ဖော့ခွန်း (သားငယ်လေး) လို့ ချစ်စနိုးနဲ့ အခေါ်ခံခဲ့ရတဲ့ Han မွေးဖွားခဲ့ပါတယ်။
Han ၊ သူ့အစ်မနဲ့ မိဘနှစ်ပါးတို့ ထမင်းဝိုင်းမှာ ထမင်းပူပူနွေးနွေး အတူလက်ဆုံစားခဲ့တဲ့ အချိန်တွေနဲ့အတူ ဖယ်ကျဥ်ခံခဲ့ရတဲ့ သူ့ရဲ့ ကလေးဘဝကလည်း အခုတော့ အဆုံးသတ်သွားခဲ့ပါပြီ။
လက်ရှိ Han က အသက် ၂၅ နှစ်ရှိနေပါပြီ။ သူ့နဲ့ သက်ဆိုင်တဲ့နေရာလို့ ပထမဆုံးအကြိမ်သူခံစားရတဲ့ ရေခြားမြေခြား နိုင်ငံက မြို့ကြီးတစ်ခုမှာလည်း နေထိုင်နေပါပြီ။
Han ရဲ့ ကလေးဘဝက မျက်ရည်တွေနဲ့ ပြည့်နေခဲ့ရပါတယ်။ အကြောင်းက ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံလို့ လူတွေ သတ်မှတ်ထားတဲ့ Han ရဲ့ကိုယ်ထဲမှာ နွဲ့နှောင်းမှုတွေ ကိန်းအောင်းနေခဲ့လို့ဖြစ်ပါတယ်။
“ကျနော်တို့အတွက်က နားမလည်ဘူး။ ဒီအခြောက်ဆိုတဲ့ စကားလုံးကို။ ဆိုတော့ အရမ်းဒေါသထွက်တယ်။ ဘာလို့ ငါ့ကို ဒီလိုခေါ်ရတာလဲ ဒီလိုမေးခွန်းတွေ ထုတ်မိတယ်ပေါ့နော” လို့ Han က သူ့ငယ်ဘဝအကြောင်းကို ပြန်ပြောင်းပြောပါတယ်။
သူ့ရဲ့ နွှဲ့နှောင်းတဲ့ အမူအရာ၊ ထက်မြက်တဲ့ ဉာဏ် နဲ့ အနုပညာဝါသနာ တို့ကြောင့် “အခြောက်မ” ဆိုတဲ့ ခါးသီးဖို့ ကောင်းတဲ့ စကားလုံးကို ငယ်ဘဝတလျှောက် မျက်ရည်နဲ့အတူ အရွယ်မရောက်မချင်း Han ထမ်းပိုးလားခဲ့ရတာပါ။

Han ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ သူ့ရဲ့ ဖြစ်တည်မှုကြားထဲက ရွာငယ်လေးထဲက ပတ်ဝန်းကျင်ရဲ့ စိမ်းသက်သက်အကြည့်၊ ခါးသက်သက် အပြော နဲ့ ရွယ်တူကလေးတွေရဲ့ ဖယ်ကျဥ် စနှောက်မှုကို နေ့စဥ်ရက်ဆက် ခံခဲ့ရပါတယ်။
မိသားစုတွေနဲ့အတူ လယ်စိုက်ခင်းဆီသွားရတဲ့အခါတိုင်းလည်း ယောကျာ်းတွေလုပ်ရမယ့်အလုပ်လို့ လူ့ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စပါးထုတ်ကြီးထမ်းရတာကိုလည်း စိတ်ထဲက မနှစ်မြို့ပေမယ့် သူမလွန်ဆန်နိုင်ခဲ့ပါဘူး။
ဝတ်ရတာမကြိုက်မှန်း စိတ်ထဲကကွဲကွဲပြားပြားမသိခဲ့တဲ့ ကျောင်းစိမ်းပုဆိုးကို Han စဝတ်တဲ့ လေးတန်းကျောင်းသား အရွယ်တုန်းကလည်း တခြားကျောင်းသားတွေရဲ့ ဆွဲချွတ်စနှောက်မှုကို ခံခဲ့ရပါတယ်။
“ငါတို့က LGBT ကို နားမလည် မသိသေးချိန်မှာ ပြုပြင်ဆုံးမပြီး လမ်းညွှန်ပြမယ့် အစားပေါ့နော။ သူတို့ရဲ့ အမြင် သူတို့ရဲ့ နှုတ်ကနေထွက်လာတဲ့ စကားမှန်သမျှကို သုံးနှုန်းခံရတယ်။ ပြောခံရတယ်ပေါ့နော။ ဆိုတော့ ငိုတယ်။ ကလေးသဘာဝအရ ငိုတယ်။ ကြောက်တယ်။ အားငယ်တယ်” လို့ Han က သူ့ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာကို ပြန်ပြောပြနေပါတယ်။
ယောကျာ်းဖြစ်ပြီး “ကရသလား” ဆိုတဲ့ မိဘတွေရဲ့ ကဲ့ရဲ့ ကန့်ကွက်မှုကြားကနေ ရူးသွပ်နေတဲ့ အကဝါသနာကိုလည်း Han တယောက်တည်း အတိုက်အခံဆက်လုပ်နေရင်း “ငါ့မှာ ဘာတွေမှားနေတာလဲ” ဆိုတဲ့ မေးခွန်းတွေကို နှစ်ပေါင်းကြာအောင် တကိုယ်တည်း မေးရင်းမေးနေခဲ့ရပါတယ်။
ဒါပေမဲ့လည်း “ အဆိုးပြီးရင် အကောင်းလာစမြဲ” ဆိုသလို ရွာငယ်တွေမှာ ကဲ့ရဲ့ခွဲခြားမှုအမျိုးမျိုးကို ခံစားနေကြရတဲ့ LGBTQ+ အများကြီးထဲမှာမှ Han က ကံကောင်းခဲ့ပါတယ်။ Han အခြေခံပညာကျောင်းသားဘဝပြီးသွားမှ သူ့ရဲ့ ဖြစ်တည်မှုအမှန်ကို အဖြေရှာပြပေးနိုင်ခဲ့တဲ့ ဆရာတစ်ယောက်နဲ့ ကျောင်းတစ်ကျောင်းမှာ တွေ့ဆုံခဲ့ပါတယ်။
Gender လို့ခေါ်တဲ့ ကျား၊မ ရေးရာအကြောင်းကနေ လိင်စိတ်ကွဲပြားမှု၊ လိင်စိတ်တိမ်းညွှတ်မှုအကြောင်းတွေကို စာသင်ခန်းထဲမှာ သင်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မြင်ယောင်လာနေမိတဲ့အခါ Han ရဲ့ ငယ်ဘဝမေးခွန်းတွေက အဆုံးသတ် စပြုလာပါတော့တယ်။
“မိန်းကလေးလို ဝတ်ဖို့လည်းမကြောက်တော့ဘူး။ မိတ်ကပ်တွေ ပြင်ဖို့လည်းမကြောက်တော့ဘူး။ ဘာဖြစ်လို့လဲဆို ဒီအရာတွေက ကိုယ့်ရဲ့ ဝါသနာ၊ကိုယ့်စိတ်ကို ကုစားပေးတဲ့ အရာတွေဖြစ်တယ်” လို့ Han က ပြောပါတယ်။
ပညာတွေလေ့လာသင်ယူရင်း ၂၀၂၃ ခုနှစ်ရောက်တော့ စင်ကာပူနိုင်ငံကို ပညာသင်ဖို့သွားလိုက်တဲ့အခါ Han ရဲ့ လွတ်လပ်မှု ၊ ဦးဆောင်မှု လမ်းခရီးက စတင်လာပါတယ်။
“ကျနော့ကို ကျနော် Gay လို့ပဲသတ်မှတ်တယ်” လို့ ရဲရဲဝံ့ဝံ့ဝန်ခံလာတဲ့ Han က လူတိုင်းက တန်းတူညီမျှစွာဆက်ဆံခံရဖို့ အခွင့်အရေးရှိတယ်လို့ ခံယူထားပါတယ်။
ပြည်ပရောက်လာတဲ့အချိန်ကစလို့ Han ရူးသွပ်နေတဲ့ သီဆို၊ ကခုန်မှုတွေကို အာရုံစိုက်လုပ်ဆောင်လာခဲ့ပြီး လူမှုအဖွဲ့အစည်းတွေမှာ နည်းပြအဖြစ်လည်း လုပ်ကိုင်နေပြီဖြစ်ပါတယ်။ Han တချိန်လုံးဝတ်ထားရတဲ့ ယောကျာ်းလေးဆိုတဲ့ မျက်နှာဖုံးကြီးကိုလည်း ချွတ်ပစ်လိုက်ပါပြီ။
“ကျနော်တို့လည်း လူထဲက လူပဲလေးနော။ ဒီလူသားထဲကလူပဲ” လို့ပြောတဲ့ Han အတွက် မိသားစုဝင်တွေသာမက ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေကို ငယ်ဘဝတလျှောက် အကြီးကြီး ထမ်းပိုးခဲ့ရတဲ့ ရင်တွင်းနာကျင်မှုတွေက မနေ့တနေ့က အိပ်မက်ဆိုးတစ်ခုလို လတ်ဆတ်နေဆဲပါပဲ။
လက်ရှိ မှာတော့ Hanဟာ စင်ကာပူကနေ တခြားသော နိုင်ငံတစ်ခုမှာ ပြောင်းရွေ့နေထိုင်နေပါတယ်။ အဲ့ဒီနိုင်ငံမှာတော့ လိင်တူချစ်သူတွေကို ဥပဒေအရ တရားဝင် ထိမ်းမြားစေတဲ့ နိုင်ငံဖြစ်နေလို့ စိတ်လွတ်ကိုယ်လပ်နဲ့ ထိုးနှက်မယ့်စကားလုံးတွေ မကြားရတော့တာကြောင့် အိမ်မပြန်ဖြစ်တော့ဘူးလို့ ပြောပါတယ်။
“မွေးကတည်းက ဖြစ်ရလို၏ “လို့ ဆုမတောင်းပဲဖြစ်လာကြတဲ့ လိင်စိတ်တိမ်းညွတ်မှုကြောင့် ခွဲခြားဆက်ဆံခံနေရတာက လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း၊အခွင့်အရေးတွေကို ကန့်သတ်ထားခြင်းသာ ဖြစ်တယ်လို့လည်း Han က ပြောပါတယ်။
“အရင်ခေတ်ကတည်းက ယောကျာ်းရှိတယ်။ မိန်းမရှိတယ်။ LGBT မရှိခဲ့တာမဟုတ်ဘူး။ ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့တွေမပွင့်ခဲ့ဘူး။ အရင်ခေတ်ကဆိုလို့ရှိရင် ဆိုဆုံးမ ခံခဲ့ရမှာပဲ။ ပြီးတော့ သူတို့အတွက် လုံးဝ ကိုယ်ထိလက်ရောက် ရိုက်ခံရမှာ။ အပြောခံရမှာ။ အပြောမခံ ချင်လို့ ပုန်းနေတဲ့ အရာတွေပဲလို့မြင်တယ်ပေါ့နော” လို့ Han ကပြောပါတယ်။
အမေရိကန် စိတ်ပညာဆိုင်ရာ အသင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လိင်စိတ်တိမ်းညွှတ်တယ်ဆိုတာ အမျိုးသားတွေ၊ အမျိုးသမီးတွေ ဒါမှမဟုတ်ရင် လိင်နှစ်မျိုးစလုံး အပေါ်မှာ ခံစားချက်၊ အချစ်ရေးဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ သဘောထားဆန္ဒ ရှိနေခြင်း ဆိုတဲ့ ရေရှည်တည်ရှိနေတဲ့ ပုံစံတစ်ခုကို ဆိုလိုပါတယ်။
လိင်စိတ်တိမ်းညွတ်မှုကို ဘာတွေကဖြစ်စေသလဲဆိုတာတော့ အခုအချိန်ထိ သိပ္ပံပညာရှင်တွေကြားမှာ တူညီတဲ့၊ တိကျတဲ့ အဖြေတစ်ခုမထွက်သေးပါဘူး။
သေချာတာတစ်ခုကတော့ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုဟာ လူတစ်ယောက်က စိတ်ကြိုက်ရွေးချယ်လိုက်တဲ့ အရာတစ်ခုလို့ မဆိုနိုင်ပါဘူး။ Han လို လိင်တူချင်း စိတ်ဝင်စားသူတွေလည်း ကမ္ဘာတစ်ဝန်းမှာ ရှိနေကြပြီး သူတို့ရဲ့ ခံစားချက်နဲ့ ချစ်ခြင်းမေတ္တာဟာလည်း အခြားသူတွေရဲ့ ခံစားချက်နဲ့ ချစ်ခြင်းမေတ္တာတွေလိုပဲ လေးစားအသိအမှတ်ပြုခံထိုက်ပါတယ်။
လိင်စိတ်တိမ်းညွတ်မှုဆိုတာ လူတစ်ဦးက ဘယ်သူ့အပေါ် အချစ်ရေးဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသလဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။ အမေရိကန် စိတ်ပညာဆိုင်ရာအသင်း (American Psychological Association – APA) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရလည်း လိင်စိတ်တိမ်းညွတ်မှုဟာ အခြားသူတွေအပေါ် ခံစားရတဲ့ အချစ်ရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်မှု၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတို့နဲ့ သက်ဆိုင်တဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။
လိင်စိတ်တိမ်းညွတ်မှု၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလိင်ဝိသေသရှိသူအဖြစ် ခံယူသလဲဆိုတဲ့ ကျား/မ လိင်ဝိသေသခံယူမှု (Gender identity) နဲ့ အဝတ်အစား၊ အပြုအမူ၊ အသွင်အပြင်တို့ကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖော်ပြသလဲဆိုတဲ့ ကျား/မ ဆိုင်ရာ ဖော်ပြမှု (Gender expression) တို့ဟာ မတူညီတဲ့ အယူအဆတွေဖြစ်ပါတယ်။
လူတစ်ဦးရဲ့ အဝတ်အစားဝတ်ဆင်ပုံ၊ အမူအရာနဲ့ စိတ်နေသဘောထားတွေကို ကြည့်ရုံနဲ့ သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို သတ်မှတ်လို့မရပါဘူး။ အမျိုးသားတစ်ဦးဟာ နူးညံ့သိမ်မွေ့တဲ့ အမူအရာရှိနိုင်သလို အမျိုးသမီးတစ်ဦးဟာလည်း ရဲရင့်ပြတ်သားနိုင်ပါတယ်။ ဒီလိုကွဲပြားမှုတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ ဖော်ပြမှုပုံစံတွေဖြစ်ပြီး ခွဲခြားဆက်ဆံဖို့ အကြောင်းပြချက် မဖြစ်သင့်ပါဘူး။
လိင်စိတ်တိမ်းညွတ်မှု ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီးတော့ ဇီဝဗေဒဆိုင်ရာ၊ ဖွံ့ဖြိုးမှုဆိုင်ရာနဲ့ အခြားအချက်တွေ ဘယ်လိုပါဝင်သက်ရောက်သလဲဆိုတာကို သိပ္ပံပညာရှင်တွေက ဆက်လက်လေ့လာနေကြပါတယ်။ ဒါပေမဲ့ လိင်စိတ်တိမ်းညွတ်မှုကို လူတစ်ဦးက မိမိစိတ်ကြိုက် ရွေးချယ်ဆုံးဖြတ်လိုက်တဲ့ အရာတစ်ခုအဖြစ် ရိုးရှင်းစွာ သတ်မှတ်လို့မရပါဘူး။
Han လို လိင်တူချစ်သူတစ်ဦးအတွက်လည်း ကိုယ့်ဖြစ်တည်မှုကို နားလည်လက်ခံလာခြင်းနဲ့ လူ့အသိုင်းအဝိုင်းရှေ့မှာ လွတ်လပ်စွာ ဖော်ပြခွင့်ရခြင်းဟာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူတစ်ဦးရဲ့ လိင်စိတ်တိမ်းညွတ်မှု ဘယ်လိုပဲရှိနေပါစေ သူ့ရဲ့ အခွင့်အရေး၊ အရည်အချင်းနဲ့ လူ့ဂုဏ်သိက္ခာကို တန်းတူလေးစားအသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။
“ကျနော်တို့က လူထဲကလူပဲ ဘာမှကို တမူထူးကဲနေတယ်လို့မမြင်ဘူး” လို့ ဆက်တိုက် ပြောနေရင်း သူ့ကြီးပြင်းလာခဲ့တဲ့ လူ့အသိုင်းအဝိုင်းက LGBTQ+ တွေကို လက်ခံနိုင်ဖို့ကို Han လိုလားနေပါတယ်။
ခေတ်ကာလတိုးတက်နေတဲ့ ပညာရေးအမြင်ပွင့်လင်းမြင်သာလာခြင်းတို့ကြောင့် သူ့ ဇာတိကျေးရွာလေးအပြင် ကရင်နီပြည်တစ်ခုလုံးမှာ LGBTQ+ ကို လက်ခံနိုင်မှုက ၃၀ ရာခိုင်နှုန်းတော့ ရှိလာနေလောက်ပြီလို့ Han က ခန့်မှန်းပါတယ်။
“ဒီအရာက ပျောက်သွားမှာ မဟုတ်ဘူး။ ဒီအရာက ဆက်ရှိနေအုံးမှာပဲ” လို့ ပြောတဲ့ Han က လူတစ်ယောက်မှာပါလာပြီးသား ပါရမီတွေကို မကန့်သတ်ကြတော့ဖို့ လူ့အဖွဲ့အစည်းတွေလည်း သိထားသင့်တယ်လို့ခံယူပါတယ်။
တဖက်မှာလည်း လိင်စိတ်တိမ်းညွတ်တဲ့ မည်သူမဆို ရဲရဲဝံ့ဝံ့ ရပ်တန်ရှင်သန်နိုင်အောင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကိုယ်တိုင် အသိပညာပေးတွေ ဦးဆောင်လုပ်ပေးသွားမယ်လို့ Han ကပြောပါတယ်။
Han က လိင်စိတ်တိမ်းညွှတ်သူတွေမှာ သာမာန်လူတွေထက် ထူးကဲတဲ့ အတွေးအခေါ်တွေ ရှိနေနိုင်လို့ ရှေ့ဆက် အုပ်ချုပ်ရေး အခန်းကဏ္ဌတွေမှာ ပါဝင်လာနိုင်မှုကိုလည်း အလေးပေးသင့်တယ်လို့ ခံယူထားသူဖြစ်ပါတယ်။
နှစ်ပေါင်း ၂၀ ကျော်အကြာမှာ ဘဝရဲ့ ဖြစ်တည်မှုအမှန်ကို ရှာဖွေပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့ Han က အခုဆိုရင် သူစိတ်လွတ်လပ်ရာ ရပ်ဝန်းမှာ သူချစ်တဲ့ အနုပညာအလုပ်အပြင် အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့တွေမှာလည်း စေတနာ့ဝန်ထမ်းလုပ်ရင်း အသက်မွေးဝမ်းကျောင်းနေပါပြီ။
မိသားစုဝင် လေးယောက်နဲ့ ထမင်းပူပူ လက်စုံစားခဲ့တဲ့ အိမ်အိုလေးနဲ့အတူ Han ရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာတွေကတော့ ရွာငယ်လေးထဲမှာ ကျန်ခဲ့ပါပြီ။






