ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့) မြို့နယ်မှာ IEC က စပါးတပိဿာကို ကျပ် ၂,၂၀၀ ကနေ ၂,၇၀၀ ကျပ်အထိ ဈေးသတ်မှတ်ထားပေမယ့် မြေပြင်မှာတော့ သတ်မှတ်ဈေးအတိုင်း ဝယ်ယူသူမရှိသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ဒီးမော့ဆို (ရှေ့) မြို့နယ် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ( IEC )ရဲ့ မြို့နယ်ကောင်စီက စပါးဈေးနှုန်းတွေကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သတ်မှတ်ဈေးနှုန်းအရ ယာကိုးစပါးတပိဿာကို ကျပ် ၂,၂၀၀ ကနေ ၂,၅၀၀၊ ရွှေရည်အေးနဲ့ ရွှေအ စပါးကိုတော့ တပိဿာ ကျပ် ၂,၇၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
စပါးဈေးနှုန်းတွေကို အခုလို သတ်မှတ်ရတာဟာ တောင်သူတွေရဲ့ တောင်းဆိုမှုနဲ့ အခြားမြို့နယ်တွေရဲ့ စပါးဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရာမှာ ဈေးနှုန်းကွာဟမှုတွေရှိနေတာကြောင့် ဖြစ်တယ်လို့ IEC မြို့နယ်ကောင်စီဝင်တဦးက ပြောပါတယ်။
“ဘာဖြစ်လို့ အဲဒီလို သတ်မှတ်ပေးလဲဆိုရင် တောင်သူတွေအနေနဲ့လည်း တောင်းဆိုလာတယ်။ ဒီဆန်စပါးဈေးနှုန်းတွေက တခြားမြို့နယ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဈေးနှုန်းတွေက တအားကွာနေတယ်။ ဒီဘက်မှာက ဆန်စပါးလုပ်နေတဲ့ တောင်သူတွေက အရင်းအမြစ် ကုန်ကျများတယ်။ ဈေးနှုန်းမတတ်နိုင်ဘူး။ အဲဒီအပိုင်းကို ပြန်ညှိနှိုင်းတဲ့အချိန်မှာ အဖြေက ဒီလိုမျိုး ဖြစ်လာတယ်။ လုပ်ငန်းရှင်တွေ၊ အုပ်စုမှူးတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ တွေ့ပြီးမှ အတည်ပြုလိုက်တာဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စပါးချွေလှေ့ခကိုလည်း တဧက ကျပ် ၂၆၀,၀၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ တောင်သူတွေဟာ သတ်မှတ်ထားတဲ့ စပါးချွေလှေ့ခကို ပေးဆောင်နေရပေမယ့် စပါးကိုတော့ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူသူ မရှိသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။
စပါးဈေးနှုန်းကို သတ်မှတ်ထားတဲ့အတိုင်း ဝယ်ယူပေးနိုင်ခြင်းမရှိတာက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာနဲ့ ဆန်ဝယ်လိုအားနည်းပါးတာကြောင့် ဖြစ်တယ်လို့ ဒီးမော့ဆို (ရှေ့) မြို့နယ် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“လောလောဆယ် အနေအထားနဲ့ဆို ဝယ်ပေးဖို့က အဆင်မပြေသေးဘူး။ ဘာကြောင့်လဲဆိုတော့ အဓိကအားဖြင့် ကုန်သွယ်ရေးလမ်းကြောင်းပေါ့။ ကုန်သွယ်ရေးလမ်းကြောင်းက အားလုံးပိတ်ထားတဲ့အခါကျတော့ ကျနော်တို့ ဆန်ပို့မယ့်နေရာ မရှိဘူးဖြစ်နေတယ်။ အဓိကအားဖြင့် ဆန်ဝယ်လိုအားပေါ့။ စားသုံးသူ၊ ဆန်ဝယ်တဲ့သူ မရှိတဲ့အခါကျတော့ ဆန်တွေက ရောင်းလို့မရဘူးဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ဝမ်းရေးအတွက် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေကြတဲ့ တောင်သူတွေဟာ စပါးပေါ်ချိန်မှာ ဈေးကောင်းရရှိဖို့ မျှော်လင့်နေကြတာပါ။
“ကျနော်တို့လို တောင်သူတွေက တခြားအလုပ်ဆိုတာ မရှိဘူး။ လယ်ယာစပါးကိုပဲ အဓိကအားထားရတယ်။ ဈေးကောင်း၊ ဈေးမှန်နဲ့ ရရင်တော့ ကျနော်တို့အတွက် သက်သာတာပေါ့။ ဈေးကောင်းရဖို့ပဲ မျှော်လင့်တယ်” လို့ ဒီးမော့ဆို(ရှေ့) မြို့နယ်က စပါးစိုက်တောင်သူ ဦးပါးရယ်က ပြောပါတယ်။
လက်ရှိမှာတော့ စပါးတပိဿာကို ကျပ် ၂,၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒါ့အပြင် ရာသီဥတုမမှန်တာနဲ့ ပိုးကျတာတွေကြောင့် ဒီနှစ် စပါးအထွက်နှုန်းဟာ ပြီးခဲ့တဲ့နှစ်ထက် လျော့နည်းတယ်လို့ သိရပါတယ်။
စပါးအထွက်နှုန်း လျော့နည်းတာအပြင် ထွက်ရှိလာတဲ့ စပါးကိုလည်း သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ခြင်းမရှိတာကြောင့် ဒီးမော့ဆို (ရှေ့) မြို့နယ်က တောင်သူတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။







