ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလအတွင်း ကျောင်းနေအရွယ်ကလေးတွေအပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။
ဒါ့အပြင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦးနဲ့ ကလေး ၃ ဦး ပါဝင်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ ကလေး ၆ ဦး ပါဝင်တယ်လို့ KnHRG က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေပါ တိုက်ခိုက်ခံရတာ၊ ကလေးတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေမြာက အခုလို ပြောပါတယ်။
“အဓိကပြောချင်တာက တာဝန်ခံမှုဖော်ဆောင်ရေးဟာ အနာဂတ်မှာ ဒီလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် ဖြစ်သလို၊ လက်ရှိမှာလည်း ကလေးတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ချက်ချင်းကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ကျောင်းဆိုတာ ကလေးတွေ ကြောက်ရွံ့ရမယ့်နေရာမဟုတ်ဘဲ လုံခြုံစွာ ပညာသင်ယူပြီး အနာဂတ်ကို တည်ဆောက်နိုင်ရမယ့် နေရာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အသက်နဲ့ ပညာရေးအခွင့်အရေးကို ကာကွယ်ဖို့ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်း၊ မြေပြင်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူအားလုံးရဲ့ ပူးတွဲတာဝန်ဖြစ်ပါတယ်။” လို့ မော်ဖရေမြာက ပြောပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးမှုအပြင် နေအိမ်၊ ယာဉ်၊ စိုက်ခင်းနဲ့ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးမှုတွေရှိလာတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့တာကြောင့် စာသင်ကျောင်းတချို့ကို ယာယီပိတ်ထားရတယ်လို့ KnHRG က ပြောပါတယ်။







