spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မတည်ငြိမ်သောနိုင်ငံရေးကြောင့် ကယား၌ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံရန် မဝံ့မရဲဖြစ်

Author

Date

Category

ပြည်နယ်သည် ငြိမ်းချမ်းနေပြီဟုဆိုသော်လည်း နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခဲ့သည့် အချိန်များစွာ ကြုံတွေ့နေခဲ့သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးပြည်နယ်ထဲတွင် ပါဝင်နေသည်။

မူအက်စတာ

လက်ရှိကယား(ကရင်နီ)ပြည်နယ်သည် ငြိမ်းချမ်းနေပြီဟုဆိုသော်လည်း နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခဲ့သည့် အချိန်များစွာ ကြုံတွေ့နေခဲ့သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးပြည်နယ်ထဲတွင် ပါဝင်နေရသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံး၏ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။

“စီးပွားရေးလုပ်ငန်းရှင်နဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီဟာကိုစောင့်ကြည့်နေတယ်ပေ့ါ။ အထူးသဖြင့် NCA မထိုးရသေးတဲ့အချိန်ကိုလည်း သူတို့စောင့်ကြည့်နေပါတယ်။ ဒီအခြေအနေတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက် အဟန်အတားပဲ၊ အဆင်မပြေမှုတွေ ဖြစ်နိုင်တယ်။”ဟု ၎င်းကပြောသည်။

တဘက်တွင်လည်း ပြည်သူများ မကန့်ကွက်သည့် စီမံကိန်းမဖြစ်များ မဖြစ်စေရန်အတွက်လည်း ပြည်နယ်အစိုးရမှ ပြည်သူများနှင့် အပြန်အလှန်အကျိုးအမြတ်ရရှိစေရေးအတွက် မူဘောင်တွေရေးဆွဲပြီး ကြပ်မတ်ဆောင်ရွက်မှုများ နှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေကြောင်း ဒေါ်မေမျိုးဇော်ကဆက်ပြောသည်။

မြန်မာနိုင်ငံ၌ ကယားပြည်နယ်သည် ချင်းပြည်နယ်ပြီးလျှင် ဒုတိယ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အနည်းဆုံး ပြည်နယ်ဖြစ်သည်။ ပြည်နယ်သည် ငြိမ်းချမ်းနေပြီဟုဆိုသော်လည်း နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခဲ့သည့် အချိန်များစွာ ကြုံခဲ့ရခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများက သတိထားစောင့်ကြည့်နေကြဆဲဖြစ်သည်။

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ပြီး ပြည်နယ်အတွင်းတွင် စိုက်ပျိုးမွေးမြူရေး၊ တွင်းထွက်သယံဇာတ၊ ထုတ်လုပ်မှုကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

“ဖိတ်ခေါ်တာတော့ ကောင်းပါတယ်၊ ဒါတိုးတက်မှုတစ်ခုလို့တော့ ပြောလို့ရတယ်၊ ပြည်နယ်တိုင်း လူတိုင်းလိုလို လိုအပ်တဲ့အရာတစ်ခုပဲ သို့ပေမယ့် ဖိတ်ခေါ်တဲ့အပေါ်မှာ ကြည့်ပြီးတော့ ဒေသဓလေ့တွေနဲ့ ကိုက်ညီ မညီကြည့်ဖို့လိုတယ် လုပ်ချင်တိုင်း လုပ်လို့မရဘူးပေါ့နော။”ဟု Kayah Earthright Action Network(KEAN) မှ ပြောရေးဆိုခွင့်ရှိသူ ကိုဖိုးဆွိက ပြောသည်။

ကယားပြည်နယ်တွင် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှုနည်းပါးရခြင်းမှာ International Border Tradeကို မဖွင့်လှစ်နိုင်သေးသည့် အချက်ကြောင့်လည်း ပါဝင်သည်။ နယ်စပ်ဂိတ်မဖွင့်သေးသဖြင့် နှစ်နိုင်ငံကုန်သွယ်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ဒေါ်မေမျိုးဇော်က ပြောသည်။

နောက်တစ်ချက်မှာ ပြည်သူများအနေနှင့် အစိုးရမှ လက်ခံလုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စွာနှင့် လက်ခံပေးနိုင်လျှင် ကယားပြည်နယ်အနေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကယားပြည်နယ်တွင် လာရောက်ရင်းနှီးလုပ်ကိုင်မည့် အကြီးစားစီမံကိန်းများ အားလုံးနီးပါးကို ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းလုပ်ဆောင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အများဆုံးမရှိအောင်လုပ်ဆောင်နေသည်ဟု သိရသည်။

“ချပြမှုမရှိခဲ့ဘူး၊ ရှိခဲ့ရင်လည်း အပေါ်ယံလောက်ပဲလို့ ကျွန်တော်တိုု့က သုံးသပ်တယ်၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် လုပ်ဆောင်နေတယ်လို့ပြောတဲ့အပေါ်မှာလည်း သူတို့လုပ်ထားတဲ့ Report တွေရှိလား၊ ရှိရင် ပြည်သူလူထုတွေကို ချပြဖို့လိုတယ်။” ဟု ကိုဖိုးဆွိက ဆက်ပြောသည်။

ပြည်နယ်အစိုးရအနေနှင့် အဲန်စီအေ လက်မှတ်ထိုးပြီးသည့် အချိန်ထိကိုစောင့်နေမည်မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုကိုရော ငြိမ်းချမ်းရေးလုပ်ငန်းကိုပါ ဆောင်ရွက်နေကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံသူများအနေနှင့်လည်း ဒေသခံများ၏ လိုလားချက်များကို ဆောင်ရွက်ကာ ၎င်းတို့၏ထောက်ခံမှုကို ရယူပြီး ပြည်သူများမကန့်ကွက်သည့် စီမံကိန်းများလုပ်ဆောင်ရန်လိုအပ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနည်းဆုံးပြည်နယ်မှာ ချင်းပြည်နယ်ဖြစ်ပြီး ဒုတိယအနည်းဆုံးမှာ ကယားပြည်နယ်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြည်နယ်/တိုင်းမှာ ပဲခူးတိုင်းဖြစ်ကြောင်း ၂၀၁ရခု ဩဂုတ်လထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်များစာရင်းမှ သိရသည်။

 

spot_img
spot_img

Recent posts