spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

မငြိမ်းချမ်းနိုင်သေးတဲ့ သယံဇာတခွဲဝေမှုနောက်ကွယ်

Author

Date

Category

စိုးထိုက်အောင်၊ အန်ထောနီ

သဘာဝသယံဇာတရဲ့ ခွဲဝေမှုတွေက တိုင်းရင်းသားဒေသတွေဘက်မှာ ပြည်သူတွေအတွက် အမျိုးသမီးတွေ တန်းတူ ရပိုင်ခွင့်မရတာတွေ ဘာသတင်းအချက်အလက်မှ သိခွင့်မရတာတွေက ဒေသခံ အမျိုးသမီးထုတွေအတွက် ငြိမ်းချမ်းရေးမရတာနဲ့ အတူတူပဲလို့ ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ဥက္ကဌ ဆရာမ မာဂရက်စိန်က ပြောကြားလိုက်ပါတယ်။

“ကျမတို့ဒေသခံတွေ ဘာမှသိပိုင်ခွင့်မရှိဘူးပေါ့နော်။ ဒါလေးတွေရှိတဲ့အတွက်ကြောင့်မိုလို့ ငြိမ်းချမ်းလာလို့ပြောမယ်ဆိုလို့ရှိရင် သေနတ်သံရပ်စဲသွားတာတော့ ဟုတ်တယ်။ Peace (ငြိမ်းချမ်းရေး) ဆိုတာတော့ မရှိသေးဘူး။ ပြည်သူတစ်ယောက်ချင်းစီမှာ ငြိမ်းချမ်းလာဆိုလို့ရှိရင် ငြိမ်းချမ်းတယ်လို့မထင်ဘူးပေါ့။” လို့ ဆရာမ မာဂရက်စိန်က ပြောပါတယ်။

မော်ချီးဒေသမှ အမျိုးသမီးတွေ ခဲလုပ်ငန်းမှာ ပင်ပင်ပန်းပန်းနဲ့ ခဲထုနေတဲ့ အမျိုးသမီးထုတွေ မြင်တတွေ့ရစဉ်။ ပုံ – ကန္တာရဝတီတိုင်း(မ်)

“ပပွာကလူ(ကရင်) လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီး” အဖွဲ့ဟာဆိုရင် ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်က ကျေးလက်နေ ဒေသခံပြည်သူတွေ အမျိုးသမီးထုတွေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တဖက်တစ်လမ်း ဆောင်းရွက်ပေး နေတဲ့အဖွဲ့ဖြစ်ပါတယ်။

၎င်း အမျိုးသမီးအဖွဲ့အစည်းရှိနေတဲ့ ဒေသဟာဆိုရင် ခဲမဖြူအဖြိုက်နက် အများဆုံးထွက်တဲ့ မော်ချီးဒေသ ဖြစ်ပြီး သဘာဝသံယံဇာတ ပေါ်ကြွယ်တဲ့ နေရာဖြစ်ပါတယ်။

သို့ပေမယ့် ဒီသယံဇာတတွေကို ဒေသခံအမျိုးသမီးထုတွေ အကျိုးကျေးဇူးမခံစားရတဲ့အတွက် မော်ချီးဒေသဘက်က အမျိုးသမီးတွေဟာဆိုရင် လက်ရှိမှာ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးတာဖြစ်တယ်လို့ ဆရာမ မာဂရက်စိန်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

အဓိက ဦးပိုင်ကုမ္ပဏီတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ အကျိုး ခံစားခွင့်ရှိကြပြီး ဒေသခံပြည်သူလူထုတွေက အကျိုးခံစားခွင့်မရတာဟာ ငြိမ်းချမ်းရေးမရတာဖြစ်တယ်လို့ ဆိုပါတယ်။

မော်ချီးခဲသတ္တုသယံဇာတကနေ ပြည်သူတွေအတွက် အကျိုးကျေးဇူးတန်းတူမရလို့လည်း ဒေသခံအမျိုးသမီးထုတွေမှာ အေးအေးချမ်းချမ်းမနေရဘဲ ပင်ပင်ပန်းပန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြရတယ်လို့ မောချီးဒေသခံ ကျပန်းအလုပ်လုပ်နေတဲ့ ဒေါ်လွမ်းပို အခုလိုပြောပါတယ်။

၎င်းက “လွှတ်လပ်ခွင့်မရှိပဲနဲ့ သားသမီးတွေ ရှေ့ရေးအတွက်ကောကိုယ့်ရဲ့စားဝတ်နေရေးအတွက် ကောပြေလည်အောင် အန္တရာယ်ကြားထဲကနေပြီးတော့မှ ဒီလိုပဲပေါ့ အသက်ကြီးလည်း လုပ်စား နေရတယ်ပေါ့။ ပင်ပင်ပန်းပန်းလုပ်စားရတယ်ပေါ့။ ကိုယ့်အတွက်က ငြိမ်းချမ်းရေးမရဘူးပေါနော် အဲလိုမျိုးပုံစံပေါ့နော။” လို့ပြောပါတယ်။

မော််ချီးဒေသတွေဘက်က ကျေးရွာတွေအတော်တော်များများဟာဆိုရင် တိုက်ပွဲတွေ မကြာမကြာဖြစ်ခဲ့ ပြီး အခုချိန်ထိ အမဲနယ်မြေလို့ သတ်မှတ်ထားတာကြောင့် ဖွံ့ဖြိုးမှုအစစအရာရာ နောက်ကျကျန်နေပါသေးတဲ့ နေရာတွေလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေပေါ်မြေအောက် သယံဇာတပေါ်ကြွယ်တဲ့ မော်ချီးခဲသတ္တုလည်းရှိနေပြန်တော့ ပြည်သူတွေ အကျိုးမခံစားရတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့မှာ နယ်မြေခွဲဝေမှု ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခြေအနေမျိုးတွေရှိလာပြန်တော့ စစ်ပွဲတွေ ဖြစ်မှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မော်ချီးဒေသဘက်မှ မငယ်ငယ်က “စိုးရိမ်တယ်ဘာဖြစ်လို့လဲဆိုရင် ဒီနေရာမှာ ဟို့တခြားနေရာမှာဖြစ်တယ်ဆိုရင် ဒီနေရာမှာ မဖြစ်ဘူးလို့ ပြောလို့မရဘူးလေး။ ဒါလည်းပြောရမယ်ဆိုရင် သူများအမြင်မှာ အမဲရောင်နယ်မြေပဲကော အဲဒါကြောင့် စိုးရိမ်တယ်။” လို့အခုလိုပြောပါတယ်။

မော်ချီးဒေသဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ကရင်နီတပ်၊ မြန်မာအစိုးရစစ်တပ်နဲ့ ကရင်နီ အမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့ (KNSO) ခေါ် ကြယ်ဖြူ ပြည်သူ့စစ်အဖွဲ့တို့ရဲ့တပ်စခန်းတွေ ရှိပါတယ်။

ငြိမ်းချမ်းရေးမရှိလို့ရှိရင် အမျိုးသမီးတွေအပေါ်ဆိုးကျိုးတွေပိုပြီးခံနေရတယ်ဆိုတဲ့ အကြောင်းတွေကို မော်ချီးဒေသဘက်မှာ နေထိုင်တဲ့ အမျိုးသမီးထုတွေကပြောဆိုထားကြပါတယ်။

မော်ချီးဒေသ ယူကော်ခိုကျေးရွာရှိ အမျိုးသမီးများ မြင်တွေ့ရစဉ်ဖြစ်ပါတယ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

နယ်မြေဒေသမအေးချမ်းလို့ရှိရင် အမျိုးသမီးတွေအတွက် လုံခြံမှုမရှိတော့တဲ့အတွက် ငြိမ်းချမ်းရေးရဖို့မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အကြောင်းကို မော်ချီးဒေသ ညောင်သာယာရွာမှ ကျေးရွာအတွင်းရေးမှူး ဒေါ်နော်စတာ က အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးမရှိဘူးဆိုရင် အမျိုးသမီးတွေအပေါ်မှာတော့ ဆိုးကျိုးတွေအများကြီးဖြစ်ပေါ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အရင်တုန်းကဆိုရင် သက်ငယ်မုဒိမ်းမှုတွေမကြားဖူးဘူး။ ဒီနောက်ပိုင်းမှာမှ သက်ငယ်မုဒိမ်းတွေ အရင်တုန်းကဆိုရင် ကိုယ့်မိဘတွေက ကိုယ့်ကို အိမ်မှာထားခဲ့တယ်။ ဘာမှမဖြစ်ဘူး စိတ်ချတယ်။ တကယ်လည်းပါမှမဖြစ်ဘူး။ အခုဆိုရင် မိဘတွေက စိတ်မချရတဲ့အဆင့်တွေရောက်နေပြီ သားသမီးတွေဆိုရင် လွတ်လွတ်လပ်လပ်သူတို့ကို သီးသန့်မထားခဲ့နိုင်ဘူးပေါ့နော်။ တခုခုဖြစ်မှာစိုးလို့ အဲဒါလည်း မငြိမ်းချမ်းဘူးပေါ့နော်။” လို့ပြောပါတယ်။

၂၀၁၂ ခုနှစ် မတ်လက အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးတဲ့အထဲမှာတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဒီလိုအကြီးစားစီမံကိန်းတွေကို ဆက်မလုပ်ဖို့ ပါရှိထားပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာက သတ္တုတူး ဖော်ရေးလုပ်ငန်း သက်တမ်းတိုးမြင့်ထားတဲ့အတွက် အကောင်အထည်ဖော်မှု များပြားလာပါတယ်။

spot_img
spot_img

Recent posts