spot_img
Homeဆောင်းပါးအကူအညီအတွက် တိုးညင်းတဲ့ တံခါးခေါက်သံ

အကူအညီအတွက် တိုးညင်းတဲ့ တံခါးခေါက်သံ

-

ကန္တာရဝတီတိုင်း(မ်)

“သူများဆီကနေ ပိုက်ဆံတောင်းခံရတယ်ဆိုတဲ့အခါမှာ မျက်နှာပူရတယ်။ ဒါပေမဲ့ ကိုယ့်အတွက် မဟုတ်ဘူးပေါ့နော။ ရှင်းရှင်းပြောရရင် အကူအညီတကယ်လိုအပ်တဲ့သူကို ကိုယ်ကလည်း ဖြည့်ဆည်းပေးချင်တယ်” လို့ မော်သျှားမာက ပြောပါတယ်။

သူမဟာ ဆေးကုသဖို့ ငွေကြေးအခက်အခဲ ကြုံတွေ့နေသူတွေအတွက် Online ( အွန်လိုင်း ) ပေါ်ကနေ အသိမိတ်ဆွေတွေဆီမှာ အကူအညီတောင်းခံပေးနေပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်သျှားမာဟာ ထိုင်းနိုင်ငံထဲက ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ နေထိုင်သူပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ အမေရိကန်အစိုးရ ရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ မော်သျှားမာတို့ နေထိုင်တဲ့ ဒုက္ခသည်စခန်းက လူထုတွေအတွက် အစားအစာထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားပါတယ်။

ဒီလိုပဲ အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ IRC (International Rescue Committee) ရဲ့ လုပ်ငန်းတွေဟာ ၂၀၂၅ နှစ်လယ်ပိုင်းလောက်မှာ ရပ်ဆိုင်းခဲ့တဲ့နောက်ပိုင်း စခန်းနေလူထုတွေ အတော်လေး ဒုက္ခရောက်ကြရပါတယ်။

အထူးသဖြင့် နာတာရှည်ရောဂါဝေဒနာခံစားရသူတွေ၊ အရေးပေါ်ဆေးကုသမှု ခံယူရမည့်သူတွေဟာ ဆေးကုသမှုအတွက် ကုန်ကျစရိတ်ကို မိမိတို့ကိုယ်တိုင် ပေးဆောင်လာရတာကြောင့်ပါ။ အလုပ်အကိုင်မရှိ၊ ဝင်ငွေရလမ်းမရှိတဲ့ စခန်းနေလူထုတွေအဖို့တော့ ဒီလိုကုန်ကျစရိတ်တွေအတွက် မတတ်နိုင်ကြတာကြောင့် ဆေးကုသမှုကို လက်လျော့လိုက်ရသူတွေလည်း ရှိနေပါတယ်။

မော်သျှားမာကတော့ သူမရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုခက်ခဲနေတဲ့ လူတွေကို မြင်တွေ့နေရဖန်များလာတာကနေ အကူအညီပေးနိုင်ဖို့ ကြိုးစားလာပါတယ်။ ကနဦးကတော့ သူမရဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အကူအညီလူအပ်သူတွေအတွက် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ facebook ကတဆင့် အကူအညီတောင်းရာကနေစတင်ခဲ့တာပါ။ တောင်းခံတဲ့ အကူအညီတွေကတော့ ဆေးကုသစရိတ်တွေ၊ ဆေးဖိုးဝါးခတွေ အတွက် အများစုပါ။

“စာရေးတာကတော့ ကျမတတ်နိုင်တယ်။ အဲ့ဒါ ကြိုးစားပေးကြည့်ချင်တယ်။ ဒါပေမဲ့ ရမရဆိုတာကလည်း ကိုယ်က ဘာမှ ပြောလို့မရဘူးဖြစ်နေတယ်။”လို့ မော်သျှားမာက ပြောပါတယ်။

ဒီလို ရင်းနှီးတဲ့ ပတ်ဝန်းကျင်ရဲ့ အခက်အခဲကို စတင်ကူညီဖြစ်ရာကနေ တချို့ကလည်း အတိုင်းအတာတခုထိ ငွေကြေးအကူအညီတွေရလာခဲ့တာကြောင့် အခုဆို မော်သျှားမာကို အကူအညီအတွက် လာရောက်တောင်းဆိုသူတွေ များလာပါပြီ။

များလာရတဲ့ အကြောင်းရင်းကလည်း ဒုက္ခသည်စခန်းအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေက အားနည်းလာတာကြောင့် ဖြစ်ပါတယ်။

လက်ရှိ ဒုက္ခသည် စခန်းတွင်းက ဆေးပေးခန်းတွေဟာ ရှိတဲ့ လူ့အရင်းအမြစ်တွေနဲ့ ဆက်လက်လည်ပတ်နေပေမဲ့ လူနာတွေကို ပေးဖို့အတွက် အခြေခံဆေးဝါး လိုအပ်မှုတွေမြင့်တက်နေပါတယ်။ ဒါအပြင် နာတာရှည်ရောဂါသည် လူနာတွေအတွက် ဆီးချို၊သွေးတိုးနဲ့ ဆိုင်တဲ့ ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ ကရင်နီကျန်းမာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဆရာမနော်ခူဖောက ပြောပါတယ်။

“အများဆုံး လိုအပ်နေတဲ့ ဆေးတွေ ရှိတယ်၊ ဥပမာ ကျမတို့ NCD လို့ ခေါ်တဲ့ လူနာတွေရဲ့ ဆေးတွေက ပိုလိုအပ်တယ် ပေါ့နော။ ဆီးချို၊ သွေးတိုးတို့နဲ့ ဆိုင်တဲ့ ဆေးဝါးတွေက ပိုပြီးတော့ လိုအပ်တယ်၊ အခု ပြတ်ပြီ။ စခန်းမှာက ပြတ်နေတော့ အဲ့ဒီအတွက် ရှေ့ဆက် ပြတ်မယ် ဆိုလို့ရှိရင် လူနာတွေက ဆေးသောက်တာ ပြတ်သွားလို့ရှိရင်ဆို သူတို့အတွက်လည်း အန္တရာယ် ရှိတယ်”လို့ ဆရာမနော်ခူဖောက ပြောပါတယ်။

ယခင်ကတည်းက စခန်းအတွင်းက ဆေးပေးခန်းမှာ ဆေးကုသမှု မပေးနိုင်တဲ့ လူနာတွေကိုတော့ မယ်ဟောင်ဆောင်မြို့ ဆေးရုံကို ပို့ဆောင်ကုသစေပါတယ်။ အဆိုပါလူနာတွေအတွက် ဆေးခန်းမှာ ပို့ဆောင်မယ့်ကားကို ထားပေးထားပေမဲ့ ကားပြုပြင်ထိန်းသိမ်းစရိတ်၊ ဆီဖိုး၊ နဲ့ ကားမောင်းသမားကို ထောက်ပံ့စရိတ်တွေအတွက် အခက်အခဲရှိနေတယ်လို့ ဆရာမနော်ခူဖော ကပြောပါတယ်။

ဒါတင်မကပါဘူး၊ လူနာတွေအတွက် ဆေးကုသမှုကုန်ကျစရိတ်တွေကိုလည်း အရင်က IRC ရဲ့ ကျန်းမာရေး စရိတ်တွေကနေ အသုံးပြုခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ လူနာတွေကိုယ်တိုင် ကျခံရပါတယ်။ တချို့က ကုန်ကျစရိတ်မြင့်မားတဲ့ ဆေးကုသမှုတွေအတွက် လက်လျော့လိုက်ရသူလူနာတွေလည်း ရှိတယ်လို့ နော်ခူဖောက ပြောပါတယ်။

“လူနာတွေက ဆေးရုံမှာသွားလို့ရှိရင် သူ့ဟာသူပေးဆောင်ရတယ်ပေါ့နော။ ကုန်ကျစရိတ်ကို ကိုယ့်ဟာကိုယ်ပဲပေးရတယ်ပေါ့နော။ ကျမတို့ကျန်းမာရေးဌာနကလည်း အထောက်အပံ့မရှိတော့ လူနာတွေလည်း မကူညီပေးနိုင်ဘူးပေါ့‌နော။ ဆိုတော့ အဲ့လိုမျိုးလူနာတွေက သူ့ဟာသူသွားရ၊ ပေးရတာရှိတယ်။ တချို့ဆိုလို့ရှိရင် မပေးနိုင်ဘူး။ ကုသမှုစရိတ်က တအားကြီးတဲ့အခါမျိုးမှာဆိုရင် ဆရာဝန်တွေနဲ့ ဆေးရုံမှာရှိတဲ့ ဆရာဝန်တွေနဲ့ လက်မှတ်ထိုးပြီး လူနာတွေကို ပြန်ခေါ်လာရတာမျိုးလည်းရှိတယ်။” လို့ နော်ခူဖော ကပြောပါတယ်။

ဒီလို အခက်အခဲတွေကြားမှာ ရပ်တည်ရှင်သန်နေရတဲ့ စခန်းနေ လူထုတွေအတွက် မော်သျှားမာ ရဲ့ နည်းလမ်းက တထောင့်တနေရာကနေအကျိုးပြုလို့နေပါတယ်။

မော်သျှားမာဟာ ဒုက္ခသည်စခန်းအတွင်းက စာသင်ကျောင်းတခုမှာ ဆရာမအဖြစ်အလုပ်လုပ်ကိုင်နေတာပါ။ စာရေးရတာကိုလည်းဝါသနာပါတဲ့ သူမဟာ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာမှာ အကူအညီလိုအပ်နေသူ အတွက် လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ ကူညီပေးနိုင်တဲ့ အခြေအနေတွေကို စာရှည်တွေနဲ့ရေးတင်ပေးလေ့ရှိပါတယ်။

အွန်လိုင်းကနေတဆင့် တခြားသူတွေဆီ အကူအညီတောင်းခံမှုတွေက မသေချာဘူးဆိုပေမဲ့
သူမအနေနဲ့ စခန်းတွင်းလူထုတွေအတွက် အတတ်နိုင်ဆုံး အကျိုးပြုပေးချင်တဲ့ စိတ်ဓာတ်က ပေါ်လွင်နေပါတယ်။
ဒါပေမဲ့ ကျန်းမာရေးအတွက် အခွင့်အလမ်းတွေနည်းလာတဲ့ စခန်းတွင်းက လူထုတွေအဖို့တော့ သူမရဲ့ နည်းလမ်းက မျှော်လင့်စရာ ကြိုးစလေးတမျှင်ပါ။

မော်သျှားမာ အကူအညီတောင်းခံခဲ့တဲ့ case (ဖြစ်စဉ်) ပေါင်း ၂၆ ခုထိရှိခဲ့တဲ့အထဲမှာ အကူအညီရပြီး အောင်မြင်တယ်လို့ ယူဆနိုင်တဲ့ case ၂၄ ခုထိရှိပါတယ်။
အထူးသဖြင့်တော့ လူနာ ကလေးငယ်တွေအတွက် အကူအညီတွေတောင်းခဲ့မှုတွေမှာ အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။

“ဝန်းရံပေးတဲ့အလှူရှင်ရှိရင်တော့ ဒီ case က အောင်မြင်တယ်လို့ ကျမယူဆတယ်။ အလှူခံပို့စ်တင်ပြီးတော့ တယောက်မှလည်း မဆက်သွယ်လာဘူး။ ဝန်းရံပေးမယ့်သူမရှိဘူးဆိုရင်တော့ ဒီ case မှာ ကျမ မအောင်မြင်ဘူးလို့ ယူဆတယ်”လို့ မော်သျှားမာက ပြောပါတယ်။

အခုလို ထောက်ပံ့မှုတွေ နည်းပါးလာချိန်မှာ နာတာရှည်လူနာတွေနဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေးအပြင် ဆေးဝါးကုသရေးအတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရပါတယ်။

စခန်းထဲက ရပ်ကွက် ၁၇ မှာနေထိုင်တဲ့ ဒေါ်အယ်ဝါးရဲ့ သားဖြစ်သူကတော့ SLE လို့ခေါ်တဲ့ နေရောင်ထိလို့မရတဲ့ ရောဂါတမျိုးကို ကုသနေရပါတယ်။ လစဉ် မယ်ဟောင်ဆောင်မြို့က ဆေးရုံကို ရက်ချိန်းသွားရောက်ပြသရပြီး ဆေးဖိုးတင် အနည်းဆုံး ဘတ် ၂၀၀၀ ဝန်းကျင်ကုန်ကျပါတယ်။

“တခါတလေဆို ရုန်းကန်ရတာနဲ့ တလပြည့်မှန်းမသိ၊ ရက်ချိန်းက ရောက်ပြန်ပြီ။ နောက် ဖင်လှည့်၊ ခေါင်းလှည့်နဲ့ ရက်ချိန်းက ရောက်ပြန်ပြီ။ အဲ့လိုမျိုးဖြစ်တော့ ကျမတို့တော်တော်လေး အခက်အခဲနဲ့ကြုံတွေ့ရတယ်။ ဒါပေမဲ့ မလွှဲရှောင်လို့သာ ရုန်းကန်နေရတာပေါ့”လို့ ဒေါ်အယ်ဝါးက အခုလို ပြောပါတယ်။

ဒါပေမဲ့ ဒေါ်အယ်ဝါးတို့လို ထိုင်းဘာသာစကား မတတ်မြောက်သူတွေအဖို့ ဆေးဖိုးဝါးခအပြင် စကားပြန်ငှားခ၊ ကားခတွေကိုလည်း ကုန်ကျခံရပါသေးတယ်။ ဒီလိုကုန်ကျစရိတ်ကို စခန်းနေလူထုတွေ အများစုက မတတ်နိုင်ကြပါဘူး။

ဆေးကုသစရိတ် မတတ်နိုင်တဲ့ လူနာတွေအတွက်တော့ တံခါးတချပ်ချင်းစီက အကူအညီတောင်းစရာနေရာ ဖြစ်နေပါတယ်။ အဲဒီတံခါးတွေရှေ့မှာ မော်သျှားမာက သူတို့ကိုယ်စား တတ်နိုင်သမျှ ခေါက်ပေးနေပါတယ်။

တံခါးဘက်က ပြန်ထွက်လာမယ့် အသံကို သူမလည်း ကြိုမသိနိုင်ပါဘူး။ ဒါပေမဲ့ တခါတခါ ပွင့်လာတဲ့ တံခါးတချပ်ဟာ လူနာတယောက်အတွက် အသက်ရှင်ခွင့်တခု ဖြစ်လာနိုင်တာကြောင့် သူမရဲ့ တိုးညင်းတဲ့ တံခါးခေါက်သံကတော့ ဆက်လက်ထွက်ပေါ်နေဦးမှာပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ