spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

KSCC မှာ အင်အားစုတွေ အားလုံးပူးပေါင်းပါဝင်နိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမည်လို့ KSCC ဥက္ကဌပြောကြား

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) ကို အင်အားစုတွေ အားလုံးပူးပေါင်းပါဝင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KSCC ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ KSCC ဥက္ကဌ အောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိမှာ KSCC အတွင်း တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့၊ နိုင်ငံရေးပါတီတဖွဲ့၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့နဲ့ CSO CBO အဖွဲ့တွေ ပါဝင်နေပါတယ်။

သို့ပေမဲ့ ကရင်နီပြည်တွင်းမှာ KSCC ထဲ မပါရှိသေးဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအဖွဲ့တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေပါသေးတယ်။ KSCC ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သုံးနှစ်ပြည့်သွားပြီဖြစ်ပါတယ်။

KSCC အဖွဲ့အစည်းရဲ့ သုံးနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး KSCC ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ ဥက္ကဌ အောင်ဆန်းမြင့်ကို ကန္တာဝတီတိုင်း( မ် ) က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။     ။ လက်ရှိ ဆရာတို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) အနေနဲ့ ဘယ်လို စတင်ဖွဲ့စည်းခဲ့တာလဲ။

ဖြေ။     ။ ကျနော်တို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီကိုပေါ့နော ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာစတင်ပြီးတော့မှ ဆောင်ရွက်ခဲ့တာဖြစ်တယ်၊ အဲ့ဒီအချိန်တုန်းကတော့ ကျနော်တို့ KSCC မှာဖွဲ့စည်းပုံ နဲ့တာဝန်ဝတ္တရားတွေပေါ့နော၊ တိတိကျကျနဲ့ရှင်းရှင်းလင်းလင်း ကျနော်တို့မရေးဆွဲ မပြဌာန်းနိုင်ခဲ့ဘူး ပေါ့နော၊ အဲ့အချိန်တုန်းကလည်း တိုက်ပွဲတွေကပြင်းထန်တယ် လူထုတွေကလည်းဒုက္ခရောက်တဲ့အချိန် ဖြစ်တဲ့အတွက် လူထုတွေရဲ့ လုံခြုံရေးနဲ့လိုအပ်ချက်တွေကိုဘဲ ကျနော်တို့အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်ပေါ့၊ အဲ့တော့ KSCC ရဲ့အောက်ပါ လုပ်ငန်းကော်မတီပေါ့နော၊ ကော်မတီတွေဖွဲ့ပြီးမှ ပြည်သူလူထုရဲ့  လုံခြုံရေးနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တယ်၊ ဥပမာအားဖြင့်ပြောရင် ကျနော်တို့က ကျန်းမာရေးကော်မတီ၊ ပညာရေးကော်မတီ၊ လူသားချင်းစာနာထောက်ထားမှုကော်မတီ၊ ပြီးတော့ CDM ကော်မတီ၊ သပိတ်ကော်မတီ၊ နောက်ပြီးတော့ လုံခြုံရေးကော်မတီဆိုပြီး ကော်မတီလေးတွေဖွဲ့ပြီးတော့ လူထုလိုအပ်ချက်ကိုဖြည့်ဆည်းပေးခဲ့တယ်ပေါ့နော၊ ဒါပေမဲ့ နှစ်နှစ်တာလုပ်ပြီးတဲ့နောက်မှာ အဲ့တုန်းကျနော်တို့ အဖွဲ့ဝင် ၃၇ ဦးနဲ့စတင်ပြီးဆောင်ရွက်ခဲ့တယ်ပေါ့။

မေး။     ။ ဖွဲ့စည်းပြီး သုံးနှစ်အတွင်းမှာ ဘာတွေကို အဓိက လုပ်ဆောင်ခဲ့တာလဲ။

ဖြေ။     ။ နှစ်နှစ်တာလုပ်ငန်းတွေကိုအကောင်အထည်ဖော်တဲ့အခါမှာ ဖွဲ့စည်းပုံကရှင်းရှင်းလင်းလင်းမဖြစ်တဲ့အတွက် လုပ်ငန်းလုပ်တဲ့အချိန်မှာ အားနည်းချက်တွေတချို့တွေ့လာတယ်၊ လုပ်ပိုင်ခွင့်အပိုင်းနဲ့ တာဝန်ယူတာဝန်ခံမှုအပိုင်းက အားနည်းတာကိုတွေ့တယ်၊ အဲ့ကြောင့် ၂၀၂၂ ခုနှစ် မေလကစပြီး ကျနော်တို့ ကြားကာလ အစီအမံ ဆိုပြီးတော့ ကျနော်တို့ရေးဆွဲခဲ့ကြတာပေါ့၊ ရေးဆွဲပြီးတော့ ဒီကျနော်တို့ ၂၀၂၃ ခုနှစ်အတွင်းပေါ့၊ ပါဝင်တဲ့ အဖွဲ့အစည်းတွေကြားမှာ ရှင်းလင်းချပြသဘောတူညီချက်တွေယူခဲ့တယ်ပေါ့၊ ယူပြီးတော့ KSCC ရဲ့ ပထမဆုံး ညီလာခံကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ကနေ ၂၀ ရက်နေ့ထိပေါ့နော ကျင်းပပြုလုပ်ခဲ့တယ်၊ ကျင်းပပြုလုပ်ပြီးတော့မှ KSCC ကို ပြန်လည်ဖွဲ့စည်းခဲ့တာပေါ့နော၊ အခုဆိုရင် KSCC မှာကျနော်တို့ အဖွဲ့ဝင် ၁၃ ဦးရှိပါတယ်။ အဲ့တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း သုံး ဖွဲ့ ပါတယ်၊ နိုင်ငံရေးပါတီ တဖွဲ့ရှိတယ်၊ နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များအစုအဖွဲ့ပါတယ်၊ နောက်ပြီးမှ လူငယ်၊ အမျိုးသမီး ပြီးတော့ CBO CSO ဆိုပြီးတော့ ဒီအစုအဖွဲ့တွေအားလုံး KSCC မှာပေါင်းပြီးတော့မှ ပါဝင်တာပေါ့နော၊ ကျနော်တို့အခု ပြန်အသစ်ဖွဲ့လိုက်တဲ့ KSCC  ရဲ့အောက်မှာ ဒီလုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ ကဏ္ဍကြီး sector သုံးခုကို ထပ်မံဖွဲ့စည်းလိုက်တယ်၊ အဲ့တာတွေကဘာတွေလဲဆိုတော့ ကြားကာလလွှတ်တော်ရှိတယ်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီရှိတယ်၊ နောက်ပြီးတော့ ကြားကာလတရားစီရင်ရေး မဏ္ဍိုင် သုံးခုဆိုပြီးတော့ ကျနော်တို့ တပြိုင်နက်တည်း အလုပ်လုပ်နေတာဖြစ်တယ်ပေါ့နော၊ ဆိုတော့ KSCC မှာလည်းကျနော်တို့ လုပ်ငန်းကော်မတီ လေးခုကို ဖွဲ့ပြီးတော့ဆောင်ရွက်နေတယ်၊ နံပါတ် တစ် ကတော့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ နံပါတ် နှစ် ကတော့ မူဝါဒရေးဆွဲရေးကော်မတီ ပေါ့နော၊ နံပါတ် သုံး ကတော့ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုကော်မတီပေါ့နော၊ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဒီ ကရင်နီပြည်အတွင်းမှာရှိတဲ့ အစုအဖွဲ့တွေအားလုံးနဲ့သော်လည်းကောင်း ကရင်နီပြည်ပမှာရှိတဲ့ အင်အားစုတွေနဲ့သော်လည်းကောင်း ကျနော်တို့အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံသဘောတူညီချက်တွေ ရယူဖို့အတွက် ကျနော်တို့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ရတာဖြစ်တယ် အဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကော်မတီဆိုပြီး ကျနော်တို့ ဖွဲ့စည်းထားတာရှိတယ်၊ နောက်ဆုံးတခုကတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေးကော်မတီပေါ့နော၊ ဒီ ကော်မတီ လေးခုလောက်ဖွဲ့စည်းပြီးလုပ်နေတယ်၊ အခုဆိုရင်ကျနော်တို့ကြားကာလအတွက်ကတော့ ကြားကာလအစီအမံကို အခြေခံပြီးတော့မှ ကျနော်တို့ ကျင့်သုံးနေတယ်၊ အကောင်အထည်ဖော်နေတယ်၊ အသွင်ကူးပြောင်းရေးကာလအတွက်ကြတော့ ကျနော်တို့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ရေးဆွဲနေပြီဖြစ်တယ်ပေါ့နော၊ စပြီးတော့ ရေးဆွဲနေပြီ၊ ပညာရှင်တွေကနေ လေ့လာသင်ယူတာတွေ ပြီးမှ အခန်းလိုက်ပြန်ရေးဆွဲတာ စတင်နေပြီပေါ့နော၊ ဆိုတော့ ဒါကတော့ KSCC  ကနေလုပ်နေတာတွေရှိတယ်။

မေး။     ။ နောက်ထပ် ဘယ်လိုတွေ ထပ်လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။     ။ ဆိုတော့နောက်ပိုင်းမှာ KSCC ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အားလုံးပါဝင်ရေးကိုလည်း ပြည်နယ်တွင်းမှာရှိတဲ့ အင်အားစုတွေ အားလုံးပူးပေါင်းပါဝင်မှုကိုလည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိပါတယ်လို့၊ နောက်ပြီးတော့ ကျနော်တို့ လူထုတွေလိုအပ်တဲ့ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများရရှိရေးအတွက် နိုင်ငံတကာနဲ့သော်လည်းကောင်း နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း KSCCကနေ ချိတ်ဆက်ဆောင်ရွက်ပေးနေတာတွေလည်း လုပ်ပါတယ်ပေါ့နော၊ ဒါကတော့ KSCC ရဲ့လုပ်ငန်းအကြမ်းဖျင်းကို ကျနော်တို့ ဖော်ပြတာဖြစ်တယ်။ နောက်တခုက ကျနော်တို့ ဒီ ကြားကာလအစီအမံအရပေါ့နော ခုနပြောတဲ့ implementation sector ကြီး သုံးခုကို ကျနော်တို့လုပ်ငန်းအကောင်အထည်ဖော်ရေး  ကဏ္ဍသုံးခုကို ကျနော်တို့ဖွဲ့စည်းလိုက်တာပေါ့၊  ပြီးတော့ ပထမဆုံးအနေနဲ့ ကြားကာလလွှတ်တော်ကိုတော့ ၂၀၂၀ ရွေးကောက်ခံအမတ်ပေါ့နော အခုလောလောဆယ် ၁၅ ဦးနဲ့ကျနော်တို့ဖွဲ့စည်းထားတယ် သူ့အောက်မှာကျနော်တို့ ကော်မတီငါးခုကိုလည်း ဖွဲ့စည်းထားတယ်၊ အဲ့တာက ကြားကာလလွှတ်တော်ရဲ့လုပ်ငန်းကော်မတီတွေကတော့ နိုင်ငံတကာဆက်ဆံရေးကော်မတီရှိတယ်၊ လူထုရေးရာကော်မတီရှိတယ်၊ နောက်ပြီးတော့ ဘဏ္ဍာ ငွေကြေးဆိုင်ရာ စိစစ်စောင့်ကြည့်ရေး ကော်မတီဆိုတာရှိတယ်၊ နောက်တခုက ကျနော်တို့ဒီ ဥပဒေကြမ်းရေးဆွဲရေးကော်မတီဆိုတာ ရှိတယ်၊ နောက်တခုက လွှတ်တော်အမတ်များစိစစ် ကြပ်မတ်ရေးကော်မတီဆိုပြီးတော့မှ ငါးခုနဲ့ပေါ့နော။

လွှတ်တော်ကလည်း လွှတ်တော်လုပ်ငန်းကိုလုပ်နေတယ်၊ ဒီနှစ်အတွင်းမှာဆိုရင် လွှတ်တော်ကနေပြီးမှ ကရင်နီပြည်နယ်ရဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေ ကိုအတည်ပြုနိုင်ခဲ့တယ်၊ နောက်ပြီးတော့ ကျနော်တို့ ရဲလုပ်ထုံးလုပ်နည်းဥပဒေကို အတည်ပြုနိုင်ခဲ့တယ်၊ ဒါကတော့ကြားကာလလွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေ ဖြစ်တယ်ပေါ့နော။ နောက်တခုက ကြားကာလအုပ်ချုပ်ရေးကောင်စီပေါ့ အားလုံးသိကြတဲ့ IEC ပေါ့ IEC မှာတော့ ကျနော်တို့ ကြားကာလအစီအမံအရ ကျနော်တို့ KSCC က ဥက္ကဌ နှစ်ဦးကို ပထမဦးဆုံးရွေးချယ်ပေးခဲ့တာဖြစ်တယ်ပေါ့နော၊ နောက်ပြီးတော့ ဒီ ကျနော်တို့ ဥက္ကဌနှစ်ဦးမှ ကောင်စီဝင်တွေကို ထပ်မံရွေးချယ်တယ်၊ ရွေးချယ်တဲ့အတွက် အခု IEC မှာကောင်စီဝင် ၆ ဦးရှိတယ်၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၁၊ အတွင်းရေးမှူး ၂ ဆိုပြီးတော့မှ၊ နောက်တခုကကြ ကျနော်တို့ ဘဏ္ဍာရေးအရာရှိဆိုပြီးတော့မှ ၆ ဦးပေါ့နော၊ ဥက္ကဌ နှစ်ဦးအပါအဝင် ၆ ဦးရှိတယ်၊ အဲ့ဒီအောက်မှာမှ အခုလောလောဆယ်သူတို့ ဌာနဆိုင်ရာ ၈ ခုနဲ့ဖွဲ့စည်းထားတယ်၊ ကျနော်တို့ဒီ ကြားကာလအုပ်ချုပ်ရေးကောင်စီအောက်မှာ ဌာန ၈ ခုဖွဲ့စည်းထားတာပေါ့နော၊ အဲ့ဒီဌာနတွေကတော့ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အမျိုးသမီးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဌာန ၊ လူသားချင်းဆိုင်ရာစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန နောက်ပြီး တရားရေးဌာနပေါ့နော၊ နောက် စီမံကိန်းနဲ့ဘဏ္ဍာရေးနဲ့ အကောက်ခွန်ဌာနပေါ့နော၊ နောက်တခုကကြ ကူးသန်းရောင်းဝယ်ရေး နဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ သယ်ယူပို့ဆောင်ရေးဌာန ဆိုပြီးတော့ ကျနော်တို့ ဌာန ၈ ခုနဲ့ဖွဲ့စည်းထားပြီးတော့မှ သူတို့အလုပ်လုပ်နေတယ်၊ ဒါကတော့ IEC ရဲ့အောက်မှာပေါ့နော၊ နောက်ပြီး ဒီ ကျနော်တို့ တရားစီရင်ရေးလုပ်ငန်းတွေအနေနဲ့ကကြ  KSCC ကနေ ပြည်နယ်တရားသူကြီးရွေးချယ်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းပြီးတယ်၊ အဲ့ဒီ ရွေးချယ်ရေးကော်မရှင်ကမှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားသူကြီး သုံးဦးကို ရွေးချယ်ပြီးတော့မှ ကျနော်တို့အတည်ပြုခဲ့ကြပြီးပြီဖြစ်တယ်ပေါ့နော၊ ဆိုတော့ကျနော်တို့ ကရင်နီပြည်နယ်မှာပေါ့နော ပြည်နယ်တရားရုံးရှိတယ်၊ ကျနော်တို့ကတော့ supreme court လို့ခေါ်တာပေါ့နော၊ ပြည်နယ်ရဲ့အမြင့်ဆုံးတရားရုံး ဆိုပြီးတော့ရှိတယ်၊ နောက်ပြီးတော့ ဒီခရိုင်တရားရုံးနှစ်ခု ကျနော်တို့ တည်ဆောက်ထားပြီ၊ မြို့နယ်တရားရုံးငါးခုပေါ့ တည်ဆောက်ထားပြီးပြီ၊ ဒါကတော့ လောလောဆယ်ပေါ့နော ဒီသုံးနှစ်တာကာလအတွင်းမှာ ကျနော်တို့လုပ်နေတဲ့  KSCC အောက်မှာပေါ့ ကျနော်တို့ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မတီ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ယန္တရားသုံးခုရဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။   

မေး။     ။ လက်ရှိ KSCC နဲ့ အသစ်ထပ်ဖွဲ့စည်းလိုက်တဲ့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) တို့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်နေကြတာရှိလဲ။ 

ဖြေ။     ။ ကျနော်တို့ရဲ့ ကြားကာလအစီအမံအရ ကျနော်တို့ရဲ့ ကြားကာလ အစီအမံပြဌာန်းချက်တွေကို ခဏကပြောတဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်း သုံးခုပေါ့နော။ ကြားကာလ လွှတ်တော်တို့ ၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ ၊ ကြားကာလ အကောင်အထည်ဖော်ရေး လွှတ်တော်တို့ ကြားကာလမှာ လိုက်နာပြီး ဆောင်ရွက်သွားဖို့ ကျနော်တို့က လမ်းညွှန်ပေးရတာမျိုးတွေ ဒါ KSCC မှာ တာဝန်ရှိပါတယ်။ နောက်ပြီးတော့မှ ကျနော်တို့ IEC  တို့ ကျနော်တို့ ကြားကာလ လွှတ်တော်တို့ တရားစီရင်ရေးဌာနတို့မှာ လိုအပ်တဲ့ မူဝါဒတွေကို ကျနော်တို့ ရေးဆွဲပြဌာန်းပြီးတော့မှ အတည်ပြုပေးရတဲ့ တာဝန်တွေရှိတယ်၊ KSCC က နောက်ပြီးတော့ ဥပမာအားဖြင့် ပြည်နယ်လုံးဆိုင်ရာ ကျနော်တို့ ကြားကာလ ဥပဒေကို ပြဌာန်းမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ ကျနော်တို့ ကြားကာလ လွှတ်တော်မှာ အတည်ပြုရတယ်ဆိုပေမဲ့ ကျနော်တို့ KSCC ရဲ့ သဘောတူချက်ကို ရယူရတယ်၊ ညှိနှိုင်းရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ KSCC က အစုအဖွဲ့တွေ အားလုံးကို ကရင်နီပြည်ထဲမှာရှိတဲ့ အစုအဖွဲ့တွေအားလုံးကို ကိုယ်စားပြုထားတဲ့အတွက် ကျနော်တို့ရဲ့ သဘောတူညီချက်ကို ယူပြီးတော့မှပဲ ကြားကာလ လွှတ်တော်ကို ကျနော်တို့ အတည်ပြုပြီး ပြဌာန်းရတယ်၊ နောက်ပြီးတော့မှ IEC ကနေပြီးတော့မှ ဒါကို ထုတ်ပြန်ကြေညာတယ်ပေါ့နော၊ အဲဒီလိုကနေတဆင့် ကျနော်တို့ ချိတ်ဆက်ပြီး ဆောင်ရွက်ရတာဖြစ်တယ်၊ နောက် IEC အောက်မှာ ဌာနဆိုင်ရာတွေ သူ့ဟာသူ ရှိတယ်ဆိုပေမဲ့လည်း ကျနော်တို့ ကရင်နီပြည်အရေးကို ဝိုင်းပြီးတော့မှ ဆောင်ရွက်တဲ့အတွက် နိုင်ငံရေးဆိုင်ရာတွေပေါ့နော၊ တခြားအစုအဖွဲ့တွေနဲ့ ဆောင်ရွက်ရတာတွေ နောက်ပြီးတော့မှ အလှူရှင်တွေ သံရုံးတွေနဲ့ တွေ့ရတဲ့အချိန်တွေမှာ လုပ်ဆောင်ချက်တွေ Information တွေပေါ့‌နော၊ သတင်းအချက်အလက်မျှဝေတာမျိုးတွေ နောက် သူတို့ လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက်ပေါ့နော၊ ဒီ ဘဏ္ဍာရေးဆိုင်ရာရရှိဖို့အတွက် ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ကျနော်တို့ လုပ်ရတယ်ပေါ့နော၊ နောက်တခုက ကျနော်တို့ ပြည်သူလူထုကို ရှင်းလင်းချပြရတဲ့ အချိန်မှာလည်း မူဝါဒအနေနဲ့သော်လည်းကောင်း၊ လက်ရှိ နိုင်ငံရေး စစ်ရေး အခြေအနေအရသော်လည်းကောင်း၊ ကျနော်တို့ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကို ရှင်းလင်းချပြရတဲ့ အချိန်မှာလည်း ကျနော်တို့ မူဝါဒအနေနဲ့သော်လည်းကောင်း၊ လက်ရှိ နိုင်ငံရေးစစ်ရေးအနေနဲ့သော်လည်းကောင်း လူထုတွေကို ရှင်းလင်း ချပြရတဲ့အချိန်မှာလည်း KSCC IEC ဆိုပြီးတော့မှ ကျနော်တို့ ပူးတွဲပြီးတော့ အလုပ်လုပ်တာမျိုးတွေ ရှိပါတယ်။

မေး။     ။ ကရင်နီပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်နိုင်တဲ့ ဒေသတွေလည်း ရှိလာပြီဆိုတော့ လက်ရှိမှာ အဲဒီဒေသတွေအတွင်း အုပ်ချုပ်ရေး ဖော်ဆောင်နေတာတွေရှိပြီလား။ ဥပမာ မယ်စဲ့လို တိုင်းရင်းသားလက်နက်ကိုင်တွေ များပြားနေတဲ့ ဒေသတွေမှာကော ဘယ်လိုမျိုးပုံစံနဲ့ ဖော်ဆောင်နေတာရှိလဲ။

ဖြေ။     ။ အဲဒီမှာက ကျနော်တို့ နယ်မြေရဲ့ အနေအထားအပေါ်မှာ မူတည်တာပေါ့နော။ ကျနော်တို့ ဖယ်ဒရယ် ဒီမိုကရေစီချာတာမှာသော်လည်းကောင်း၊ ကျနော်တို့ရဲ့ ကြားကာလအစီအမံတွေမှာသော်လည်းကောင်းပေါ့နော ပြဌာန်းထားချက်တွေရှိတယ်၊ အဲဒါက ကရင်နီပြည်အတွင်းမှာ ကျနော်တို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေ လုပ်ဆောင်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရှိပြီးသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖွဲ့စည်းပုံ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတာ ကျနော်တို့ ပြဌာန်းထားပြီးသားဖြစ်တယ်၊ အဲဒီအတွက်ကြောင့် တချို့နေရာဒေသတွေမှာဆိုလို့ရှိရင် သူ့ရှိပြီးသား အုပ်ချုပ်ရေးတွေနဲ့ လုပ်ထားတဲ့ သူ့အုပ်ချုပ်ရေးတွေရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ IEC ရဲ့ အုပ်ချုပ်ရေးတွေနဲ့ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ရတာတွေရှိတယ်။ နောက်တခုခါကျတော့ မယ်စဲ့လို နေရာမျိုးတွေမှာပေါ့နော။ ကလလတ လည်းရှိတယ်ပေါ့နော၊ KNPP လည်း ရှိတယ်ပေါ့နော၊ KA လည်း ရှိတယ်၊ တခြား အစုအဖွဲ့တွေလည်းရှိတယ်ဆိုတော့ ဒီလိုနေရာမျိုးမှာ ကျနော်တို့ စုပေါင်း အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ရတယ်ပေါ့နော။ အဲဒီအထဲမှာ KNPP  က ခေါင်းဆောင်တွေလည်း ပါတယ်။ ကလလတက ခေါင်းဆောင်တွေလည်းပါတယ်။ တခြားအစုအဖွဲ့က ခေါင်းဆောင်တွေလည်း ပါပြီးတော့ ပူးပေါင်းအုပ်ချုပ်တဲ့ ပုံစံကို သွားနေတယ်ပေါ့နော။ ကျနော်တို့ ဖွဲ့စည်းပြီးပြီ အဲဒီအတိုင်းပဲ သွားနေတယ်။

မေး။     ။ ဒေသခံတွေအနေနဲ့ ဒီနောက်ပိုင်းမှာ မြေမြုပ်မိုင်း နင်းမိတဲ့လူတွေ ပိုများလာတယ်။ ဒီဖြစ်စဥ်မှာကော ဆရာတို့အနေနဲ့ ဘယ်လို ဖြေရှင်းသွားဖို့ရှိလဲ။

ဖြေ။     ။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာတော့ မြေမြုပ်မိုင်းတွေကိုပေါ့နော။ အသုံးပြုတာတွေရှိတယ်၊ အဲဒီအတွက်ကတော့ ကျနော်တို့ ဒါကိုတော့ အတတ်နိုင်ဆုံး ပြည်သူလူထုတွေကို အသိပေးတာမျိုးတွေ ဒီ မိုင်းပညာ‌ပေးတွေကို ကျနော်တို့ လုပ်နေတာရှိတယ်၊ ဒါပေမဲ့ ဒီနေရာတွေမှာ လက်ရှိက တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စနစ်တကျနဲ့ ကျနော်တို့ အကောင်အထည်ဖော်ဆောင်မှုတွေ လုပ်လို့ မရသေးဘူး၊ ဆိုတော့ လူထုတွေကိုတော့ သတိပေးတာတွေတော့ ရှိတယ်ပေါ့နော၊ တချို့ကလည်း ဇွတ်ပဲပေါ့နော၊ ဒီ ကျနော်တို့ကို ဒီရွာကို မပြန်ပါနဲ့၊ ဒီ ပစ္စည်းကို မယူပါနဲ့ ဒီလမ်းကို အသုံးမပြုပါနဲ့ဆို ကျနော်တို့ အမြဲတမ်း သတိပေးထုတ်ပြန်တာမျိုးတွေရှိတယ်၊ ဒါပေမဲ့ ပြည်သူလူထုတွေက ပြန်သွားတဲ့အချိန်မှာ ထိတာမျိုးတွေရှိတယ်။ ဆိုတော့ ဒီမြေမြုပ်မိုင်း မိုင်း သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ပရောဂျက်တွေကတော့ ကျနော်တို့ ပြန်လည်ထူထောင်ရေးအစီအစဥ်မှာ ဒါကျနော်တို့ တစိတ်တပိုင်းအနေနဲ့ စပြီးတော့ လုပ်ရမဲ့ဟာတွေရှိတယ်။ ဒီနေ့အချိန်မှာတော့ စစ်ပွဲတွေကြားထဲမှာတော့ အဲဒီလိုမျိုး စနစ်တကျနဲ့ မလုပ်နိုင်သေးဘူး။

မေး။     ။ ကရင်နီပြည် လူထုတွေရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအတွက် နယ်စပ်ဖြတ်ကျော်ရေး အခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ။     ။ ကျနော်တို့ကတော့ ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်လို့ ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုတာတွေ ကျနော်တို့ ထုတ်ပြန်ကြေညာတာတွေ လုပ်ထားတယ်။ အဲဒါတွေကတော့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်တွေပေါ့နော။ ဒီပြည်တွင်းကနေပြီးတော့မှ အကြမ်းဖက်စစ်အုပ်စုတွေကနေ ဖြတ်လာမယ်ဆိုလို့ရှိရင် ဒီထောက်ပံ့ငွေတွေက လူထုဆီကို တိုက်ရိုက်မရောက်ဘူး။ နောက်ပြီးတော့မှ ဒီကြားမှာပဲ စစ်တပ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်သွားရတယ်။ အဲဒီလိုမျိုးတွေရှိတယ်ပေါ့နော။ အဲဒီအတွက်ကြောင့် ကျနော်တို့ နယ်စပ်ဖြတ်ကျော်ပြီးတော့မှ အကူအညီပေးဖို့ ဆိုပြီးတော့မှ တောင်းဆိုတာတွေရှိတယ်။ ကျနော်တို့ သုံးနှစ်တာ ကာလအတွင်းမှာလည်း များသောအားဖြင့် ဒီပြည်သူလူထုအတွက်ပေါ့နော။ ဒီ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးအစီအစဥ်ကပဲ သွားနေတာဖြစ်တယ်။ ဒီအတွက်လည်း ကျနော်တို့ နိုင်ငံတကာ အဖွဲ့အစည်းတွေသော်လည်းကောင်း အလှူရှင်တွေနဲ့သော်လည်းကောင်း ကျနော်တို့ ဆက်ပြီးတော့မှ တွန်းနေတာရှိတယ်ပေါ့နော။ ဆိုတော့ ဒီနေ့ ထိုင်းကနေ လုပ်တဲ့ Humanitarian Assistance coordinator ဆိုတဲ့ project မှာလည်း ကျနော်တို့က ကျနော်တို့ရဲ့ သဘောထားကို ကျနော်တို့ ပြောပြပြီးသွားပြီ။ ကျနော်တို့ရဲ့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိ့နှိုင်းဆောင်ရွက်ဖို့ ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခုရှိတဲ့ စစ်ရှောင်တွေအားလုံးက ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲရှိတယ်။ ဆိုတော့ ကျနော်တို့ကနေ ပြီးတော့မှ စီမံခန့်ခွဲပြီးတော့မှ၊ ဒါပေမဲ့ ကျနော်တို့ကနေပြီးတော့မှ သူတို့ရဲ့ မူဝါဒအတိုင်းပဲပေါ့နော သူတို့ရဲ့ မူဝါဒအတိုင်းပဲ ကျနော်တို့က လက်တွေ့အကောင်အထည်ဖော်မှာတော့ မဟုတ်ဘူး၊ မူဝါဒအရတော့ ကျနော်တို့က ညှိ့နှိုင်းဆောင်ရွက်မှု သဘောတူညီမှုတွေတော့ ယူရမယ်၊ ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်တာကြတော့ CBO CSO ကတွေကနေတဆင့် ဒါတွေက ဿဒ်ပါတီကနေ တဆင့်သွားဖို့ဆိုတဲ့ဟာတွေက ဒါတွေကို ကျနော်တို့ ပြောပြထားတဲ့ဟာတွေရှိတယ်ပေါ့နော၊ အဲဒါလေးပါ။

မေး။     ။ ထပ်ဖြည့်စွက်အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။     ။ ကျနော်တို့ ဒီနှစ်ကတော့ ကရင်နီပြည်ထဲမှာပေါ့နော၊ နယ်မြေစိုးမိုးမှုကိုလည်း ၈၀ ကျော် ၉၀ ကို ကျနော်တို့ လုပ်နိုင်ပြီဖြစ်တယ်၊ နောက်ပြီးတော့မှ ကျနော် ခုနကပြောသလိုပေါ့နော၊ ကျနော်တို့ ပြည်နယ်ထဲမှာ ကျနော်တို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ကျနော်တို့ကိုယ်တိုင် လုပ်ဆောင်နေပြီ။ ဒါကလည်း ကျနော်တို့ အမြဲတမ်းတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတာပဲဖြစ်တယ်။ အဲဒီအတွက်ကို ကျနော်တို့ ဒီနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကတော့ တပြည်နယ်လုံးဖြစ်တယ်၊ ကျရောက်နေတဲ့ ပြည်သူလူထုတွေကတော့ ကျနော်တို့ တပြည်နယ်လုံး အတိုင်းအတာဖြစ်တယ်ပေါ့နော။ ဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေကို အားပေးချင်ပါတယ်ပေါ့၊ ဒီလို ဖြစ်ရပ်ကတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့မဟုတ်ဘူး တခြားပြည်နယ်တွေမှာလည်း အလားတူ ဒီလိုမျိုး ဖြစ်နေတယ်ပေါ့နော၊ ချင်းတို့ ကရင်တို့မှာလည်း ဒီလိုမျိုးဖြစ်နေတယ်၊ နောက် စစ်ကိုင်း မကွေးတို့မှာလည်း ဖြစ်နေတယ်ပေါ့နော။ ဆိုတော့ ကျနော်တို့ ဒီနေ့ဖြစ်နေတဲ့ လူထုတိုက်ပွဲပေါ့နော၊ လူထုတိုက်ပွဲ ကတော့ စနစ်တခုကို နိုင်ငံရေးစနစ်တခုကို ပြုပြင်ပြောင်းလဲဖို့အတွက် တိုက်နေတာဖြစ်တယ်၊ ဆို‌တော့ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်ပေါ့နော၊ အကြမ်းဖက် စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှု ဒဏ်တွေကို ပြောင်းလဲဖို့အတွက် ကျနော်တို့ စစ်အာဏာရှင် အားလုံးစုံ ကင်းရှင်းဖို့အတွက် ဖြစ်ဖို့လိုတယ်၊ ဒီအတွက်ကတော့ ကျနော်တို့ ပြည်သူလူထုကတော့ ဒါ ဆင်းရဲဒုက္ခရောက်တာ ကျနော်တို့ အသိပဲ၊ ဒါစနစ်သစ်ကို မပြောင်းလဲနိုင်ရင်တော့ ကျနော်တို့ ထပ်ခါတလဲလဲပဲ ပြန်ပြီးတော့မှ ဒုက္ခခံနေရမှာဖြစ်တယ်၊ အဲဒီအတွက် ပြည်သူလူထုက နားလည်ပေးဖို့လိုတယ်၊ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်၊ ဆိုတော့ ကျနော်တို့လည်း ပြည်သူလူထုနဲ့ တသားတည်းဖြစ်အောင်ပေါ့နော၊ ကြိုးပမ်းနေတယ်။ ပြည်သူလူထုအတွက် အကောင်းဆုံး ပြင်ဆင်ရင်းနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားနေပါတယ်လို့၊ ဒီအတွက်လည်း ပြည်သူလူထုကနေပြီးတော့မှ တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ပါဝင်ပေးကြဖို့ ကျနော်တို့ အဲဒါပဲ တောင်းဆိုချင်ပါတယ်။

spot_img
spot_img