spot_img
25 C
Loikaw
Friday 14, November 2025
spot_img
Homeသတင်းဒုတိယအကြိမ်ဖွင့်လှစ်မယ့် နွေဦးဂုရု လေးများ ပညာရေးစင်တာမှာ လူငယ် ၂၀၀ ကျော်ဝင်ခွင့်ဖြေဆိုခဲ့

ဒုတိယအကြိမ်ဖွင့်လှစ်မယ့် နွေဦးဂုရု လေးများ ပညာရေးစင်တာမှာ လူငယ် ၂၀၀ ကျော်ဝင်ခွင့်ဖြေဆိုခဲ့

-

ထွေးရယ် (ကန္တာရဝတီတိုင်း(မ်))

မေလ (၂)ရက်နေ့မှာ ဒုတိယအကြိမ်ပြန်လည်ဖွင့်လှစ်မယ့် နွေဦးဂုရုလေးများရဲ့ နှစ်လတာ ပညာရေးအစီအစဉ် ကို စစ်ရှောင်လူငယ် ၂၃၁ဦး ဝင်ခွင့် ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အမှန်တကယ် တက်ရောက်နိုင်မယ့် ကျောင်းသား၊ ကျောင်းသူ ဦးရေကတော့ ၆၀ပဲ လက်ခံနိုင်သေးတယ်လို့ သိရပါတယ်။

“ လောလောဆယ် ကနဦး ရထားတာတော့ ကျနော်တို့ နိုင်တဲ့ ပမာဏပေါ့။ ကျနော်တို့တွေ သင်ကြားရေးကို နိုင်နိုင်နင်းနင်း လုပ်နိုင်တာက ၆၀ပေါ့။ ကျနော်တို့ ပထမအသုတ်က ၅၄ယောက်၊ အဲ့ ၅၄ယောက်ရဲ့ အတွေ့အကြုံအရ ကျနော်တို့ အများဆုံး maximum capacityက လူ ၆၀ ပဲ ကျနော်တို့ လက်ခံနိုင်တယ်ပေါ့။ “ လို့ နွေဦးဂုရုလေးများ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၁၅နှစ်ကနေ ၂၂နှစ် အတွင်း စစ်ရှောင်လူငယ်တွေ ဖြေဆိုခဲ့ကြပြီး ဝင်ခွင့်ရလဒ်ကို ဧပြီလ ၂၆ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။

မိခင်ဘာသာစကားဖြစ်တဲ့ ကရင်နီစာပေနဲ့ သမိုင်းကြောင်း၊ လက်မှုပညာ၊ ပန်းချီ၊ ဂီတ၊ အင်္ဂလိပ် ဘာသာ စတာတွေကို သင်ကြားပေးတာဖြစ်ပါတယ်။ ပထမအကြိမ်ဖွင့်လှစ်ရာမှာ လူငယ် ၅၄ယောက် တက်ရောက်ခဲ့ကြပြီး အသက်ပြည့်ပြီးသား လူငယ် ၂၀ယောက်ကို အလုပ်သင် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ ကျနော်တို့ ပထမအသုတ်ဆိုရင် လူ ၂၀ပေါ့။ အသက် ၁၈နှစ်ပြည့်ပြီးသား လူ ၂၀ကို ကျနော်တို့တတွေ အလုပ်သင် ပေးလာနိုင်တယ်ပေါ့။ ဒီဖက်က အဖွဲ့အစည်းတွေမှာ အလုပ်သင် အယောက် ၂၀ကို ကျနော်တို့တတွေ ၅၄ယောက်မှာ အယောက် ၂၀ကို အလုပ်သင်ပေးလာနိုင်တယ်။ ဒါက ကျန်တဲ့လူတွေမရတာက သူတို့တွေ အသက်မပြည့်သေးလို့ ၁၈နှစ်ပြည့်တဲ့လူ ကိုယ့်ဆုံးဖြတ်ချက်ကို ချနိုင်တဲ့လူတွေကို ကျနော်တို့တတွေ လုပ်ပေး နိုင်တယ်ပေါ့။ ဒီ အလုပ်သင် ချိတ်ဆက်ပေးလိုက်နိုင်တယ်ပေါ့။ “ လို့ နွေဦးဂုရုလေးများ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သင်တန်းပြီးသွားတဲ့ လူငယ်တွေအနေနဲ့လည်း ကျေးရွာတွေမှာ ပြန်လည်ပြီး ကလေးတွေကို စာပြန်သင်ကြားပို့ချတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီပြည်တွင်းက ကျောင်းနေအရွယ် လူငယ်တွေဟာဆိုရင် ၃နှစ်လောက် ကျောင်းမတက်ခဲ့ကြရတာဖြစ်တဲ့အတွက် အခုလို စစ်ရှောင်ကလေးတွေအတွက် ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။

နွေဦးဂုရုလေးများအဖွဲ့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းမှာ လူငယ် ၆ ဦးကနေ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ ကျန်းမာရေး၊ ပညာရေး၊ စစ်ရှောင်ကူညီရေး၊ ထောက်ပို့ စတဲ့လုပ်ငန်းတွေကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ကရင်နီပြည်တွင်း ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ