ကန္တာရဝတီတိုင်း (မ်)
ယခု၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကရင်နီပြည်မှာ ပညာရေးအတွက် လိုအပ်ချက်မြင့်မားနေဆဲဖြစ်ပြီး ကျောင်းဆရာ၊ ဆရာမ ထောက်ပံ့ကြေးအပါဝင် ပညာရေးလိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာန၊ ဒုတိယဌာနမှူး(၁) ဦးဘယ်ညာမီးနိုက ပြောပါတယ်။
မြေပြင်မှာ ကြုံတွေ့နေရတဲ့ ပညာရေး လိုအပ်ချက်တွေကို IEC ပညာရေးဌာန နဲ့ ဆယ်သဲဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“ဒီနှစ် ၂၀၂၆-၂၀၂၇ပညာသင်နှစ် အခက်ခဲတွေများစွာရှိပါတယ်။ အဓိကအခက်ခဲကတော့ ဆရာ၊ဆရာမတွေရဲ့ ထောက်ပံ့ကြေးတွေအလုံအလောက်မရှိဘူး။ အဲ့ဒီထောက်ပံ့ကြေးတွေ ရဖို့ကလဲ ကျနော်တို့ IEC ပညာရေးဌာနနဲ့ ဆယ်သဲဖောင်ဒေးရှင်းနဲ့ ပူပေါင်းပြီးတော့ ထောက်ပံ့တာ ရှိတယ်။ သို့သော်မြေပြင်မှာ အခက်ခဲတွေ မြောက်များစွာရှိတယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် မြေပြင်ကွင်းဆင်းတဲ့အခါမှာ တွေ့ရှိရတာပေါ့။ သင်ထောက်ကူနဲ့ ကျနော်တို့က IEC ပညာရေးဌာနနဲ့ ဆယ်သဲဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီးတော့ ပါဝင်ဆောင်ရွက် ဖြည့်ဆည်းပေးတာ ရှိပါတယ်။သို့သော်လဲ အပြည့်အဝတော့မရနိုင်ဘူးပေါ့။” လို့ ဦးဘယ်ညာမီးနိုက ပြောပါတယ်။
ပညာရေးလိုအပ်ချက်တွေက ပြီးခဲ့တဲ့နှစ်ထက် ပိုခက်ခဲလာပြီး ပညာရေးကိုထောက်ပံ့ပေးတဲ့ အလှူရှင်အဖွဲ့အစည်းတွေလည်း နည်းပါးလာတယ်လို့ ပညာရေးပိုင်းမှာ ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ ကရင်နီပြည်ရဲ့ ပညာရေးလိုအပ်ချက်ကို NUG ထံ အကူအညီတောင်းခံထားပေမယ့် မရရှိသေးဘူးလို့ ဦးဘယ်ညာမီးနိုက ဖြည့်စွက်ပြောပါတယ်။
” ကျနော်တို့အပြည့်အဝ မပံ့ပိုးပေးနိုင်တာတခုပေါ့နော်။ နောက်ပြီး ကျနော်တို့ သွားရေး၊လာရေးက ရာသီဥတု တအားခက်တယ်။ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေး တအားခက်တဲ့အခါမှာ သွားချင်တဲ့နေရာ သွားချင်တဲ့အချိန် သွားလို့မရဘူး အဲ့လိုအခြေနေတွေရှိတယ်” လို့ ဒုတိယဌာနမှူး(၁) ဦးဘယ်ညာမီးနိုက ပြောပါတယ်။
ယခုပညာသင်နှစ်အတွက် စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပေမယ့် စာသင်ကျောင်းအများစုမှာ ကျောင်းဆရာ ၊ ဆရာမ လိုအပ်ချက်မြင့်မားနေဆဲဖြစ်ပြီး ထောက်ပံ့ကြေး ၊ ကျောင်းသုံးသင်ထောက်ကူ ၊ စာရေးကိရိယာ၊ ကျောင်းသုံးဖတ်စာအုပ်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလိုအပ်ချက်တွေကြောင့် တချို့ စစ်ရှောင်စာသင်ကျောင်းတွေကို ပိတ်သိမ်းလိုက်ရတာ၊ စုပေါင်းသင်ကြားမှုတွေကို လုပ်ဆောင်နေရပါတယ်။ ကရင်နီပြည်က တော်လှန်ရေးအင်အားစုနယ်မြေအတွင်းမှာ အခြေခံပညာကျောင်းပေါင်း (၅၀၀)ကျော်၊ ဆရာ၊ ဆရာမဦးရေ ငါးထောင်ကျော်နဲ့ ကျောင်းသားပေါင်း ခြောက်သောင်းကျော် ရှိတယ်လို့ IEC ၊ ပညာရေးဌာနစာရင်းအရ သိရပါတယ်။





