spot_img
Homeသတင်းဖွံ့ဘော်ခွတ်မြို့နယ်မှာ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူထုတွေ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်ဖို့ အခက်ကြုံ

ဖွံ့ဘော်ခွတ်မြို့နယ်မှာ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူထုတွေ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်ဖို့ အခက်ကြုံ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဖွံ့ဘော်ခွတ်မြို့နယ်မှာ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကျန်းမာရေးဝန်ဆောင်မှု ရယူဖို့အတွက် ဆေးရုံ၊ ဆေးခန်းတွေကို အချိန်မီသွားရောက်ကုသနိုင်ဖို့ အခက်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့်ရယ်၊ စားဝတ်နေရေးအခက်ခဲကြောင့်ရယ်၊ ဖျားနေရဲ့နဲ့ ဆေးခန်းကို စောစောလာမပြနိုင်တာကြောင့် တချို့ဆို ဆေးရုံလွှဲရတာတွေထိ ဖြစ်သွားခဲ့တယ်။ ဆေးခန်းနဲ့ သက်သာရမယ့်ဟာကို စောစောမလာနိုင်တော့ ရောဂါပြင်းထန်သွားတာ။” လို့ ဖွံ့ဘော်ခွတ်မြို့နယ် ကျန်းမာရေး ဦးစီးအရာရှိ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒေသတွင်းမှာ ဆေးဝါးလုံလောက်မှု မရှိတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေအပြင် လူနာအချို့က ဆေးခန်းကို ကိုယ်တိုင်လာရောက် မပြသဘဲ ဆေးကို လူကြုံနဲ့ မှာယူတာတွေ ရှိနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ရောဂါကို သေချာစစ်ဆေးကုသပေးဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ကား ၊ ဆိုင်ကယ် သွားလာလို့ မရတဲ့ အခြေအနေမျိုးမှာ အရေးပေါ်လူနာတွေကို လူနဲ့ထမ်းပြီး ပို့ဆောင်ရတာရှိတယ်လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

“လမ်းခရီးက တအားဆိုး၊ တစ်ခါတလေ လူတစ်ခါသွားပို့ဖို့အရေးဆိုရင်လည်း လူနဲ့ပြန်ထမ်းရတာနဲ့ ရက်ရှည် တစ်ရက်၊ နှစ်ရက်ခရီးလောက် ပြန်သွားရတယ်။ လမ်းမှာသွားပြန်ကြိုရတယ်၊ သွားပြန်ထမ်းရတယ် အဲ့ဒီ အခြေနေမှာရှိတော့ လူနာကို အချိန်မီမပို့မီနိုင်ဘူးဆိုရင်တော့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပေါ့နော။ မလိုအပ်ပဲနဲ့ အသက်ပေးရနိုင်တဲ့ အခြေနေမျိုးမှာလည်း ရှိလာနိုင်တယ်ပေါ့နော”လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

လမ်းခရီးအခက်အခဲတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှု ရယူတဲ့အပိုင်းသာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းအပေါ်မှာလည်း သက်ရောက်မှုရှိစေပြီး လုပ်ငန်းစဉ်တွေ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်လာတယ်လို့ အဆိုပါ လူငယ်က ဆက်ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆိုးရွားနေတာကြောင့်လည်း ကျေးရွာတွေမှာသွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ လုပ်ငန်းစဉ်တွေ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒေသအတွင်းမှာ ဆေးခန်းမရှိတဲ့ ကျေးရွာတွေရှိသလို၊ ဆေးခန်းဖွင့်လှစ်ထားတဲ့ နေရာတချို့တွေမှာလည်း ဆေးဝါးလုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ တစ်လတာအတွင်း ဖွံ့ဘော်ခွတ်မြို့နယ်ဆေးခန်းကို လာရောက်ကုသမှုခံယူခဲ့တဲ့ လူနာဦးရေ ၃၃၅ ဦး နဲ့ ကျေးရွာတွေမှာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ လူနာ ၁၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

လာရောက်ကုသမှုခံယူတဲ့ လူနာတွေထဲ ဖြစ်ပွားတဲ့ရောဂါလက္ခဏာတွေက တစ်ဦးနဲ့တစ်ဦး မတူညီကြတာကြောင့် လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ကုသမှုပေးနေရတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ