Homeသတင်းဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုရှိ

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ဒေါငံခါးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်အုပ်စုတပ်တို့ ယခုရက်ပိုင်းဖြစ်ပွားတဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထိခိုက်ကျဆုံးမှုထဲ ရှမ်းတောင်/ကရင်နီစစ်တိုင်း၊ ကရင်နီစစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၁၀၉) တပ်ရင်းက ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကျဆုံးရဲဘော် ၂ ဦးဟာ ရဲဘော်ဖိုးသား (ခ) ရန်နိုင်ထွန်းနဲ့ ရဲဘော်ဝင်းသိန်း တို့ဖြစ်ပါတယ်။ ရဲဘော်ဖိုးသားက ဇူလိုင်လ ၁၈ ရက်နေ့မှာ ကျဆုံးခဲ့တာဖြစ်ပြီး ရဲ‌ဘော်ဝင်းသိန်းက ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဆိုပါ တိုက်ပွဲအတွင်း ကရင်နီပြည်တပ်မတော်( KA) က ရဲဘော် (၃) ဦးလည်း ကျဆုံးခဲ့တယ်လို့ KA ရဲဘော်တဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“၃ ယောက်ပါတယ် ၂ရက်အတွင်း။ ၁၈ ရက်နေ့က ၂ယောက်။ ၁၉ ရက်နေ့က တိုက်ပွဲမှာ သွားကယ်ရင်း ၁ ယောက်ထပ်ကျတယ်။”လို့ သူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဩဂုတ်လအတွင်းမှာ ဒီးမော့ဆိုမြို့လယ်၊ ဒေါငံခါးကျေးရွာအထိ စစ်အုပ်စုတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် မြို့ပေါ်အနီးအနားအထိ တပ်စွဲနေရာယူကာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။ စစ်အုပ်စုတပ်က တပ်စွဲထားတဲ့ ကျေးရွာအတွင်းကနေအိမ်၊ ဘာသာရေးအဆောက်အအုံကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ