ကန္တာရဝတီတိုင်း(မ်)
ဒေသတွင်းတိုက်ပွဲတွေကြောင့် ဘောလခဲမြို့ပေါ်ကနေ တိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်တွေကို စစ်အစိုးရက ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အရ နေရပ်ပြန်ဖို့ ပြောဆိုထားတယ်လို့ ဘောလခဲစစ်ဘေးရှောင်တွေက ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ တိုက်တွန်းပြီး စာရင်းကောက်ခံမှုတွေရှိသလို လက်ရှိမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုဦးစားပေးပို့ဆောင်နေတယ်လို့ စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
“ သူတို့ပြန်လာဖို့ပြောတာကြားတယ်။ ဒါမယ့် ဟိုဘက်က ဝန်ထမ်းတွေဘဲ ဦးစားပေးခေါ်တယ်။ သူတို့ဝန်ထမ်းတွေကနေ အချင်းချင်းအသိပေးကြ
စကားတဆင့်ပွားကြ။ စစ်ရှောင်ပြန်နေချင်တဲ့သူရှိပေမယ့် ခုထိ ခေါ်တာမကြားမိသေးဘူး။”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ဘေးရှောင်နေတဲ့ ဘောလခဲဒေသခံတွေ နေရပ်ပြန်ဖို့ ဌာနဆိုင်ရာဝန်ထမ်းအချင်းချင်းကနေ အသိပေးတာ၊ တဆင့်စကားနဲ့ပြန်လည် သိရှိရတယ်လို့ ပြောပါတယ်။ နေရပ်ပြန်လိုသူတွေကတော့ စာရင်းပေးသွင်းရပြီး တာဝန်ရှိဝန်ထမ်းတွေထံကနေ နေရပ်ပြန်နိုင်ကြောင်း အကြောင်းကြားစာ ရရှိပြီးမှသာ သတ်မှတ်ထားတဲ့စုရပ်ကို သွားရောက်ပြီး ၎င်းတို့နဲ့အတူ လိုက်ပါပြန်ရတယ်လို့ ဆိုပါတယ်။
ဘောလခဲမြို့ပေါ်မှာ ဌာနဆိုင်ရာရုံးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ ဝန်ထမ်းအရင်းအမြစ်တွေ လိုအပ်နေတာဖြစ်လို့ ဝန်ထမ်းတွေကို ဦးစားပေး ပို့ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ စစ်အစိုးရက ဘောလခဲမြို့အပြင် ဒီးမော့ဆို၊ ဖရူဆိုမြို့ကို ပြန်လည်ထူထောင်ရေးနဲ့ နေရာချထားရေးလုပ်ငန်းတွေ ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
နယ်မြေအခြေအနေအရ မြို့ပေါ်က ဘောလခဲစစ်ဘေးရှောင်တွေဟာ နေရပ်ကိုပြန်ဝင်ဖို့ မြေပြင်လမ်းကြောင်းအတိုင်း သွားလာလို့မရဘဲ ရဟတ်ယာဉ်နဲ့သာ သွားလာနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးမှာ စစ်အုပ်စုတပ်ရဲ့ယာဉ်တန်းကား သွားလာတာရှိပြီး အဲ့ဒီထဲ ဝန်ထမ်းတွေနဲ့ နေရပ်ပြန်တဲ့ စစ်ဘေးရှောင်တွေ လိုက်ပါနိုင်တယ်လို့ ဘောလခဲစစ်ဘေးရှောင်တွေက ကန္တာရဝတီတိုင်း ( မ် ) ကို ဖြေဆိုဖူးပါတယ်။
စစ်အစိုးရက စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေကို ယခင်ကတည်းက နေရပ်ပြန်ဖို့ ပြောဆိုမှုတွေ ရှိခဲ့ပြီး နေရပ်မပြန်ပါက နေအိမ်၊ ခြံ သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
“ ကျနော်ပြောနိုင်တာက လူထုက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီလောက်ပဲ ပြောလိုပါတယ် ။” လို့ IEC အတွင်းရေးမှူး(၂) ဦးဗညားက မှတ်ချက်ပြုထားပါတယ်။
လက်ရှိ ဘောလခဲမြို့မှာ နေထိုင်ကြသူအများစုက ဌာနဆိုင်ရာဝန်ထမ်း၊ စစ်တပ်အသိုင်းအဝိုင်း နဲ့ နီးစပ်တဲ့မိသားစုတွေဖြစ်တယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေက ပြောပါတယ်။ မြို့တွင်းမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဦးစီးပြီး ခြုံနွယ် သန့်ရှင်းရေးလုပ်တာကို ရက် (၁၀၀) စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။





