spot_img
Homeဆောင်းပါး"ရွေးချယ်စရာလမ်းဆုံရှေ့က နယ်စပ်ဒုက္ခသည်များ"

“ရွေးချယ်စရာလမ်းဆုံရှေ့က နယ်စပ်ဒုက္ခသည်များ”

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်း–မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာဟာ ထိုင်းအစိုးရရဲ့ မူဝါဒအပြောင်းအလဲကြောင့် အလုပ်အကိုင်ရှာဖွေရေး၊ တတိယနိုင်ငံ ပြောင်းရွှေ့ရေးနဲ့ မြန်မာနိုင်ငံပြန်ရေးကြား ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်လာနေပါတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာ ကန္တာရဝတီတိုင်း (မ်) သတင်းထောက်နဲ့ အဖွဲ့သားတွေက ထိုင်းနိုင်ငံ၊ မယ်ဟောင်ခရိုင်၊ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်း၊ တနည်းအားဖြင့် ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်းကို ကွင်းဆင်းလေ့လာပြီး ဒုက္ခသည်လူထု၊ စခန်း ဥက္ကဌနဲ့ ဒုက္ခသည်တွေရဲ့ ရှေ့ရေးအကြောင်း စကားပြောခဲ့ပါတယ်။

ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းမှာ ရပ်ကွက်ပေါင်း ၂၀ နဲ့ လူဦးရေစုစုပေါင်း ၉,၀၀၀ ကျော် နေထိုင်ပါတယ်။ ထိုင်းအစိုးရရဲ့ တရားဝင်စာရင်းမှာတော့ လူဦးရေ ၆,၀၀၀ ခန့်သာ ပါဝင်ပြီး ကျန် ၃,၀၀၀ ကျော်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှ စခန်းထဲကို ထပ်မံရောက်ရှိလာသူတွေ ဖြစ်ပါတယ်။

စခန်းတွင်းနေထိုင်သူ အများစုဟာ ထိုင်း–မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ထိုင်းအစိုးရရဲ့ ယခင်မူဝါဒအရ စခန်းပြင်ပထွက်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် မရှိခဲ့ဘဲ နိုင်ငံတကာအကူအညီအပေါ် မှီခိုနေထိုင်လာခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ်ကစပြီး ထိုင်းအစိုးရက ဒုက္ခသည်မူဝါဒကို ပြောင်းလဲကာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးလာချိန်မှာတော့ ဆယ်စုနှစ်များစွာ စခန်းအတွင်းသာ နေထိုင်ခဲ့ကြတဲ့ ထိုင်း – မြန်မာ နယ်စပ်ဒုက္ခသည်စခန်း ၉ ခုက လူထုတွေအတွက် ကိုယ့်ဘဝကို ကိုယ်တိုင်ရပ်တည်ရမယ့် အခြေအနေအသစ်နဲ့ ရင်ဆိုင်လာရပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကို ဆယ်စုနှစ် ၄ ခု ကြာအောင်ရယူလာရာကနေ ရုတ်တရက် ကိုယ့်အားကိုယ်ကိုးပြီး မမြင်ဖူးတဲ့အလုပ်တွေ၊ မကျွမ်းကျင်တဲ့ အလုပ်တွေကိုလုပ်ကိုင်ဖို့ ခက်ခဲနေကြတယ်လို့ ကန္တာရဝတီတိုင်း (မ်) သတင်းထောက်က တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်စခန်းက အမျိုးသမီး ၄ ဦးက ပြောပါတယ်။

စခန်းဥက္ကဌ နဲ့တွေ့တဲ့အခါမှာတော့ ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့ အလုပ်လုပ်ကိုင်ခွင့် မူဝါဒအသစ်ကြောင့် ဒုက္ခသည်တွေမှာ ဘာသာစကား အခက်အခဲ၊ လုပ်ငန်းအတွေ့အကြုံမရှိတာနဲ့ မိသားစုတွေနဲ့ အဝေးမှာခွဲနေဖို့ ကြောက်တဲ့ပြဿနာတွေက ရှိလာတယ်လို့ ပြောပါတယ်။

တဖက်မှာလည်း ဒုက္ခသည်စခန်းတွေထဲမှာ ဆယ်စုနှစ်နဲ့ချီ နေထိုင်ခဲ့ရပြီး ပြင်ပလောကနဲ့ ထိတွေ့ ပြောဆိုဆက်ဆံမှုတွေ အားနည်းတာကြောင့်လည်း မူဝါဒသစ်အရ အပြင်ထွက် စွန့်စားကြရမှာကို လူထုတွေက ကြောက်ရွံ့နေကြတာကို တွေ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို အပြီးအပိုင် ပိတ်သိမ်းနိုင်ဖို့ကို ထိုင်းအစိုးရက စီမံဆောင်ရွက်နေတယ်လို့ သိရှိရပြီး လက်ရှိမှာ အစီအမံရဲ့ လုပ်ငန်းစဥ် တစိတ်တပိုင်း အနေနဲ့ ဒုက္ခသည်တွေကို အပြင်ထွက် အလုပ်လုပ်ကိုင်စေတာ ဖြစ်ပါတယ်။

မသေချာတဲ့ အနာဂတ်အပေါ် ဒုက္ခသည်တွေရဲ့ တုံ့ပြန်မှု

စခန်းတွင်းလူထုတွေက သူတို့နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ကောင်းကောင်းသိထားပုံ မတွေ့ရပါဘူး။ မြန်မာဒုက္ခသည်တွေအပေါ် ထိုင်းအစိုးရရဲ့ မူဝါဒ အပြောင်းအလဲ ဘယ်လိုရှိနေတယ် ဆိုတာကိုလည်း သူတို့အများစုက သေသေချာချာ မသိထားကြပါဘူး။

ဒါ့ကြောင့် ဒုက္ခသည်တွေဟာ လာမယ့်ရှေ့ရေးအစီအစဥ်အတွက် ဘယ်လိုစီမံထားလဲ ဆိုတဲ့မေးခွန်းကိုလည်း အများစုက မဖြေနိုင်ကြပါဘူး။ ဒါပေမဲ့လည်းတချို့ လူငယ်လူရွယ်တွေထဲက တချို့ကတော့ ပြောင်းလဲလာတဲ့မူဝါဒအရ အပြင်ထွက် အလုပ်လုပ်ခွင့်အတွက် အလုပ်လုပ်ခွင့်ကဒ် (work permit) ကို လျှောက်ထားကြပါတယ်။ ဒီကဒ်က ရှေ့လျောက်အလုပ်လုပ်ကိုင်ရာမှာ သူတို့အတွက် အထောက်အကူဖြစ်နေမယ် ဆိုတာကိုတော့ သူတို့သိထားကြပါတယ်။

အမျိုးသမီးတဦးကတော့ “ဒီကဒ်ကိုင်ပြီး ရှေ့လျှောက်အပြင်မှာ နေ့စားအလုပ်ထွက်လုပ်ရင် အဖမ်းမခံရတော့ဘူးပေါ့” လို့ ပြောပါတယ်။

ဒါပေမဲ့ စခန်းပိတ်သိမ်းရေးအစီအစဥ်ကို မေးမြန်းလိုက်တဲ့အခါမှာတော့ တချို့က ဘေးကိုမျက်နှာလေး လွှဲပြီး လေးလေးနက်နက်တွေးရင်း တချို့က ဘာတုံ့ပြန်မှုမှ မရှိကြပါဘူး။ ကန္တာရဝတီတိုင်း (မ်)က စကားပြောခွင့်ရတဲ့ နောက်ထပ်အမျိုးသမီးတဦးကတော့ ဒါတွေထက် တတိယနိုင်ငံသွားမယ့် အချိန်ကိုပဲ စောင့်နေတာလို့ ပြောပါတယ်။

စခန်းကော်မတီ ဥက္ကဌကတော့ ထိုင်းအစိုးရရဲ့ မူဝါဒအသစ်မှာ ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းတွေပါဝင်ပြီး ကာလတိုစီမံကိန်းအနေနဲ့ ဒုက္ခသည်တွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့် အစီအမံကို စတင်နေပြီဖြစ်ပေမဲ့ ကာလလတ် အစီအမံဖြစ်တဲ့ ဒုက္ခသည်စခန်းတွေကို ပေါင်းစည်းရေး နဲ့ ကာလရှည်စီမံကိန်းဖြစ်တဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းဖို့ကတော့ ဖြစ်ပေါ်လာဖို့ အင်မတန် ခဲယဥ်းအုံးမယ်လို့ ပြောပါတယ်။

ကာလလတ် စီမံကိန်းမှာ ကရင်နီဒုက္ခသည် စခန်း အမှတ် ၁ နဲ့ ၂ ကို တခုတည်းအဖြစ် ပေါင်းစည်းဖို့က မိသားစုတွေကို ရွေ့ပြောင်းဖို့ ဘတ်ဂျက်လိုအပ်မှာဖြစ်ပြီး မိသားစုတခု ရွေ့ပြောင်းရေးက အနည်းဆုံး ဘတ် ၆ သောင်းဝန်းကျင်၊ မြန်မာငွေနဲ့ သိန်း ၈၀ နီးပါး ကုန်ကျနိုင်တယ်လို့ ပြောပါတယ်။ စခန်းတွင်း ထောင်နဲ့ချီတဲ့ မိသားစုတွေအတွက် နှစ်ကာလတခုအတွင်းမှာ ဒီကုန်ကျစရိတ်တွေရဖို့ကလည်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒီအချက်တွေကြောင့်လည်း လာမယ့်နှစ်ပေါင်းအတန်အကြာမှာ ဒုက္ခသည်စခန်းပေါင်းစည်းဖို့ကနေ ကျေးရွာတခုအဖြစ် တည်ရှိဖို့က ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“စခန်းပိတ်သိမ်းမယ်ဆိုတာက အလုပ်ထွက်လုပ်တဲ့လူ အဆင်ပြေခဲ့ပြီ။ အလုပ်ထွက်လုပ်တဲ့ လူလည်းများပြီ။ စခန်းထဲမှာ နည်းနည်းပါးပါးပဲ ကျန်တော့တယ်ဆိုရင် သူတို့စခန်းအနေနဲ့ သူတို့မခေါ်တော့ဘူး။ သူတို့ ထိုင်းကျေးရွာလိုပဲ သူတို့သတ်မှတ်ရင်လည်း သတ်မှတ်မှာပေါ့” လို့ စခန်းဥက္ကဌ က ပြောပါတယ်။

ဒုက္ခသည်အရေး သက်ဆိုင်ရာ အစိုးရအသီးသီးက ဘာပြင်ဆင်မှုတွေရှိလဲ

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရဲ့ စခန်းကော်မတီ ဥက္ကဌ ကတော့ ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ဆိုရင် ဘာသာစကားအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့လိုအပ်ပြီး စခန်းထဲက ကျောင်းတွေမှာ ထိုင်းဘာသာစကား ဘာသာရပ်သင်ကြားဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။

အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်မယ့် ဒုက္ခသည်တွေအနေနဲ့ အလုပ်အကိုင်အတွေ့အကြုံ၊ ခံနိုင်ရည်အား ရှိမရှိနဲ့ ပတ်သတ်ပြီးတော့ တစုံတရာဖိအားပေးတာတွေမရှိပေမဲ့ လူထုတွေ နားလည်သဘောပေါက်အောင်ပဲ တွန်းအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ လက်ရှိ စခန်းထဲမှာက ဝန်ဆောင်မှု ဘာမှမရတဲ့အတွက်ကြောင့် ကိုယ့်ခြေတောက်ပေါ်ကိုယ်၊ မိမိပေါ် ခြေစုံရပ်တည်ရမယ်။ ရုန်းကန်ရမယ်။ မရုန်းကန်ရင် စားဝတ်နေရေး ဘယ်ကနေရလာမလဲ ကျနော်တို့ စဥ်းစားရတော့မှာရော။ အခုက လောလောဆယ် သူတို့နားလည်အောင်၊ ခံနိုင်ရည်ရှိအောင်တော့ သူတို့ကို တွန်းအားပေးတာပေါ့” လို့ စခန်း (၁) ဥက္ကဌ က ပြောပါတယ်။

စခန်းကော်မတီရဲ့ တိုက်တွန်းမှု၊ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားကြောင့် ကရင်နီဒုက္ခသည်စန်း အမှတ် (၁) က အလုပ်လုပ်နိုင်သူ လူဦးရေ ၂၀၀၀ ကျော်ထဲက ၆၀၀ ခန့်ဟာ စခန်းအပြင်ထွက်ပြီး လုပ်ငန်းခွင်ထဲ အလုပ်လုပ်နေပါပြီ။

ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်တွေ ကိုယ့်ဒူးကိုယ်ချွန်နိုင်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနေတာသာဖြစ်ပြီး စခန်းကနေ အပြီးအပိုင်ထွက်ဖို့ပြောဆိုတာတော့ မရှိဘူးလို့ စခန်းဥက္ကဌ က ရှင်းပြပါတယ်။

အလုပ်ထွက်လုပ်တဲ့ လူတွေက လုပ်ငန်းခွင်အတွင်း အဆင်ပြေရင် တခြား မြန်မာရွှေ့ပြောင်း လုပ်သားတွေလိုပဲ မိသားစုဝင်တွေကို အပြင်ခေါ်ထုတ်ခွင့်ရမှာဖြစ်ပြီး လိုအပ်တဲ့ အချက်အလက်တွေ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံအတွင်း သွားလာနေထိုင်တာတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

သို့တည်းမဟုတ်ရင် မိသားစုဆီကို အလည်ပြန်လာနိုင်ပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကိုပြန်ချင်လည်း ပြန်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအချက်တွေက ဒုက္ခသည်တွေရဲ့ လွတ်လပ်မှုကို မြင်တွေ့စေနိုင်မှာ ဖြစ်ပြီး ကျေးရွာတခုအဖြစ် ပြောင်းသွားနိုင်တဲ့ ဒုက္ခသည်စခန်းကို ထိုင်းနိုင်ငံက သာမာန်ရွာလေးတရွာလို မြင်တွေ့လာရနိုင်ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေရဲ့ ရွေးချယ်မှုက မရှင်းမလင်း ဖြစ်နေဆဲပါ။ ပြင်ပလောကနဲ့ ဆယ်စုနှစ်အတန်ကြာ အဆက်သွယ်ပြတ်နေတဲ့ ဒုက္ခသည်လူထုတွေက မရင်းနှီးတဲ့ လူအုပ်စု၊ မရင်းနှီးတဲ့ နေရာဒေသ၊ မရင်းနှီးတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ တွန့်ဆုတ်နေကြပါတယ်။

တဖက်မှာလည်း စစ်ပွဲကြောင့် တိုင်းတပါးကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ သူတို့က စစ်ပွဲရှိရာ အမိမြေဆီကို ပြန်ဖို့ကိုလည်း ကြောက်နေကြပါတယ်။ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတော့ ကိုယ့်ပြည်နယ်သူ၊ ပြည်နယ်သားတွေပြန်လာဖို့ က မျှော်လင့်ချက်တခုဖြစ်ပေမဲ့ လက်ရှိ စစ်ရေးနိုင်ငံရေး အခြေအနေအရ ပြည်နယ်တွင်းပြန်အခြေချဖို့က လုံးဝမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ ကနဦး ပလန်(Plan) က စဥ်းစားချက်က ရှိထားပြီးသားဖြစ်တယ်။ ဒုက္ခသည် ပြန်လည်နေရာချထားရေးအတွက် ကိစ္စကိုတော့ အတတ်နိုင်ဆုံး ကျနော်တို့ ထိုင်းနယ်စပ်နဲ့ နီးတဲ့ နေရာတွေမှာ ကျေးရွာတွေပေါ့နော။ စံပြကျေးရွာ မဟုတ်လည်း မြို့ပြကျေးရွာပုံစံမျိုးပေါ့နော။ ကျနော်တို့ လုပ်နိုင်ဖို့အတွက်ကတော့ အစီစဥ်က ရှိကြတယ်။ ဒါပေမဲ့ ဒီကိစ္စလုပ်နိုင်ဖို့အတွက်ကလည်း IEC နဲ့ပြီးတာ မဟုတ်ဘူး။ နောက်ဖြစ်လာမယ့် အစိုးရတရပ်နဲ့လည်း ပြီးမှာ မဟုတ်ဘူး။ ခုနပြောသလို ဒုက္ခသည်ကိုယ်၌လည်း ဖြစ်ဖို့လိုအပ်သေးတယ်။ နောက်ပြီးတော့မှ အဲဒီမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ သေချာတာတခုကတော့ အသေအချာ အကြေအလည် ဆွေးနွေးဆုံးဖြတ်ပြီးတော့မှ ထူထောင်ရမဲ့ ပုံစံမျိုးတော့ရှိတယ်။ ဒါကလည်း စစ်ရေးနိုင်ငံရေး မတည်မငြိမ်လို့ကတော့ ဒီဟာလုပ်လို့ကတော့ ရမှာမဟုတ်သေးဘူး‌ပေါ့နော” လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

အချုပ်အားဖြင့် Work Permit ကဒ်ကို လက်ထဲမှာ ကိုင်ထားတဲ့ ဒုက္ခသည်တချို့အတွက်တော့ အဲဒီကဒ်ဟာ အဖမ်းအဆီးကင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တခြားသူတွေ အတွက်တော့ အမည်မသိတဲ့ လူ့အဖွဲ့အစည်း၊ မရင်းနှီးတဲ့ အလုပ်အကိုင်တွေနဲ့ ရင်ဆိုင်ရမယ့် မသေချာတဲ့ အနာဂတ်ကို ကိုယ်စားပြုနေပါတယ်။

အိမ်ပြန်ဖို့ မလုံခြုံသေး၊ တတိယနိုင်ငံ ပြောင်းရွှေ့ရေးကလည်း မသေချာသေးတဲ့ ကြားကာလမှာ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေထဲက လူထုတွေဟာ ကိုယ့်ဘဝအတွက် ကိုယ်တိုင်ဆုံးဖြတ်ရမယ့် လမ်းဆုံရှေ့မှာ ရပ်နေကြပါတယ်။ အိမ်ကို စွန့်ခွာစေခဲ့တဲ့ စစ်ပွဲနောက်ပိုင်းမှာတော့ သူတို့ရဲ့ အနာဂတ်ကို ဘယ်လမ်းနဲ့ ဆက်လျှောက်မလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် အချိန်ရောက်လာပါပြီ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ