spot_img
Homeသတင်းထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ကရင်နီဒုက္ခသည်လူငယ်တွေ အများဆုံးဝင်ရောက်လုပ်ကိုင်နေ

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ကရင်နီဒုက္ခသည်လူငယ်တွေ အများဆုံးဝင်ရောက်လုပ်ကိုင်နေ

-

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းအစိုးရအစီအစဉ်နဲ့ ကရင်နီဒုက္ခသည်လူငယ်တွေ လုပ်ငန်းခွင်အသီးသီးမှာ တရားဝင်အလုပ်လုပ်ကိုင်နေကြပြီး ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ အများဆုံး ဝင်ရောက်လုပ်ကိုင်နေကြတယ်လို့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အများဆုံးက ဘန်ကောက်က ဆောက်လုပ်ရေးပေါ့နော။ အဲဒီ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး။ စိုက်ပျိုးရေးက ဆူရင် (Surin) ဖြစ်မှာပေါ့။ ပထမဆုံးခေါက် ခေါ်တာက ဆူရင်ဖြစ်မှာ၊ ဆူရင်က စိုက်ပျိုးရေးခြံတွေဘာတွေ လုပ်တာပေါ့နော။ နာနတ်သီးခြံတို့ ဘာတို့ သွားလုပ်တာပေါ့။ ဒါ ပထမဆုံးခေါ်တာ။ နောက်ပိုင်းကျတော့ ချင်းရိုင်က မီးရထားလမ်းပေါ့နော်။ ပြီးတော့မှ ချွန်းဘူရီက ဆောက်လုပ်ရေး၊ ဘန်ကောက်ကလည်း ဆောက်လုပ်ရေး။ အခု သွားတဲ့အဖွဲ့က ချန်ထဘူရီက အသီးခူးတာပေါ့။ ကျန်တဲ့ မဲဟောင်ဆောင်ခရိုင်မှာကျတော့ များသောအားဖြင့် ဆောက်လုပ်ရေးပါပဲ။ တချို့လည်း အိမ်ဖော် (အိမ်အကူ) ပေါ့နော။ ပတ္တရားမှာလည်း ဆောက်လုပ်ရေး တချို့ရှိတယ်။”လို့ အမှတ် (၁) စခန်းဥက္ကဋ္ဌ ဦးစိုင်းလုံက ပြောပါတယ်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချန်ထဘူရီခရိုင်က စိုက်ပျိုးရေးလုပ်ငန်းမှာ သစ်သီးခူးဖို့ စာရင်းပေးသွင်းထားတဲ့ ကရင်နီဒုက္ခသည်လူငယ် ၁၈၀ ဦးရှိပြီး ပထမအသုတ်အနေနဲ့ လူငယ် ၁၀၆ ဦး၊ ဒုတိယအသုတ်အနေနဲ့ ၇၄ ဦး ဩဂုတ်လ ၉ ရက်နေ့မှာ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရက လယ်ယာနဲ့ခြံစိုက်ပျိုးရေးလုပ်ငန်းအပါအဝင် အစားအစာထုတ်လုပ်ရေးလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ လက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့ ကွန်ပျူတာပြုပြင်ရေးလုပ်ငန်း စတဲ့ အလုပ်အကိုင်အမျိုးအစား ၈ မျိုးကို လုပ်ကိုင်ခွင့်ပေးထားပါတယ်။

ထိုင်းနိုင်ငံက လုပ်ငန်းခွင်အသီးသီးမှာ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား ကရင်နီလူငယ်အများစု ဝင်ရောက်လုပ်ကိုင်နေကြပြီး အမျိုးသားဦးရေ ပိုများတယ်လို့ ပြောပါတယ်။ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်သီးခူးနဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အများဆုံး သွားရောက်လုပ်ကိုင်နေကြပါတယ်။

ကရင်နီဒုက္ခသည်လူငယ်တွေအတွက် အလုပ်လုပ်ကိုင်တဲ့အခါ ထိုင်းဘာသာစကားနားမလည်တာက အခက်အခဲတစ်ခု ဖြစ်နေဆဲလို့ ပြောပါတယ်။ ဒုက္ခသည်လူငယ် ၁၄၀ ဦးက သစ်သီးခူးဖို့နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သွားရောက်လုပ်ကိုင်ဖို့အတွက် ထပ်မံစာရင်းသွင်းထားတယ်လို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ၊ မြို့နယ်အသီးသီးမှာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ ကရင်နီဒုက္ခသည်လူဦးရေ ၉၀၀ ကျော်အထိ ရှိလာပါတယ်။

ထိုင်းအစိုးရက ဒုက္ခသည်စခန်းဖြုတ်သိမ်းရေး အစီအမံကို အားစိုက်လုပ်ဆောင်နေတာဖြစ်ပြီး အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူတွေကို မဖြစ်မနေ အလုပ်ထွက်လုပ်ဖို့ တွန်းအားပေးနေသလို စခန်းကော်မတီတာဝန်ရှိသူတွေကလည်း လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ