spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

 “အိမ်မီးလောင်ပြာကျသွားခဲ့ရပြီ၊ အရမ်းကိုနာကျဉ်ခံစားနေရပါတယ်”


(ကန္တာရဝတီတိုင်း(မ်))

ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်အတွင်းက အိမ်မီးလောင်ပြာကျသွားခဲ့ရတဲ့ ဒေါ်မီမြာရဲ့အိမ်ဟာ သူ့ဘဝတစ်သက်လုံး ရှာဖွေစုဆောင်းထားခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။

ဒေါ်မီမြာရဲ့အိမ်က ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ရွာကဖြစ်ပါတယ်။ သူ့ရဲ့အိမ်ကို သူတို့ရဲ့ချွေးတွေ လုပ်အားတွေ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ပြီးချိန်မှ အိမ်မီးရှို့ခံလိုက်ရတယ်လို့ ဒေါ်မီမြာက ဆိုပါတယ်။

“ကျွဲ၊နွားတွေရောင်းခဲ့ရတယ်။ ဝက်တစ်ကောင်ရှိလဲ တစ်ကောင်ရောင်းထုတ်ပြီးစုခဲ့ရတယ်။ ပိုက်ဆံတွေစုဆောင်းခဲ့ရတယ်။ တစ်နှစ်မပြည့်သေးရင်နောက်တစ်နှစ် ထပ်ရှာစုဆောင်းရတယ်။ စားပင်သီးပင်တွေစိုက်စားတာတွေကအစ စုဆောင်းရှာဖွေခဲ့ရတယ်။ တစ်နှစ်ပြီးလည်းအိမ်ကမပြီးနိုင် တစ်နှစ်ပြီးတစ်နှစ် ဆောက်လာခဲ့တာ အခုမှပဲ အိမ်က ပြီးတာအိမ်မီးရှို့ခံလိုက်ရတယ်။” လို့ ဒေါ်မီမြာကပြောပါတယ်။


အိမ်မီးရှို့ခံရတဲ့အပြင် စားပါးကျီတို့ အိုးခွက်ပုဂံတွေ စားစရာတွေအကုန်လုံးမီးထဲပါသွားခဲ့ရတယ်လို့ဆိုပါတယ်။

ဧပြီလအတွင်း နေအိမ်မီးရှို့ခံရတဲ့ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာ။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကောင်စီတပ်တွေက ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့ဘက်ကို စစ်ကြောင်းထိုးလာစဉ်ကတည်းက ဒေါ်မီမြာတို့ မိသားစုက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ နီးရာတောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

“အဲဒီနေ့က တိုက်ပွဲအရမ်းမပြင်းထန်ခဲ့ပါဘူး။ သူတို့မီးရှို့တုန်းကဆို တိုက်ပွဲမဖြစ်ဘူး။ အရင်နေ့တုန်းကတော့ရှိခဲ့တာပေါ့။ အဲဒီနေ့က မဖြစ်ပေမယ့် သူတို့က ပြန်လာပြီး မီးပြန်လာရှို့တာ။ အိမ်တစ်ခုတည်းပါသွားတာမဟုတ်ဘူး။ စပါးတွေကော ဆန်တွေကော အိုးခွက်ပုဂံတွေကော အကုန်ပါသွားတယ်။” လို့ ဒေါ်မီမြာကပြောပါတယ်။

ဒေါ်မီမြာတို့ နေတဲ့ ငွေတောင်ရွာသစ်ရွာနဲ့ ဖရူဆိုမြို့လမ်းမဘေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ အိမ်အလုံး ၃၀ မီးရှို့ခံလိုက်ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ထုတ်ပြန်ထားပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)ရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်မှာ ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသခံနေအိမ် ၁၀၁၀ ရှိပြီး ဘာသာရေးအဆောက်အအုံ ၁၇ လုံးရှိသွားပြီလို့ ဆိုပါတယ်။

အိမ်တွေမီးရှို့ဖျက်စီးမှုနှင့် လက်နက်ကြီးတွေကြောင့် ပျက်စီးခံရတဲ့ အရပ်သားနေအိမ်ထဲမှာမှ ဒီးမော့ဆိုမြို့နယ်က အိမ်ခြေ ၅၆၄ လုံးအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဇွန်လအတွင်းမှာ ဒီးမော့ဆိုမြို့နယ် ပါဒေါ်ဒူကျေးရွာက နေအိမ်တွေတော်တော်များများလည်း မီးရှို့ဖျက်ဆီးခံခဲ့ကြရပါတယ်။


အဲဒီထဲမှာမှာ အိမ်ထောင်သက် ဆယ်စုနှစ်အတွင်းမှာ အမျိုးသားဖြစ်သူနဲ့ ရုန်းကန်ရှာဖွေစုဆောင်းပြီး အိမ်တစ်လုံး ကြိုးစားဆောက်ခဲ့ပြီးတဲ့နောက်အခုလို မိးရှို့ဖျက်ဆီးခံလိုက်ရလို့ ဘဝမှာ ဘာမှ မျှော်လင့်ချက်မရှိတော့ဘူးလို့ ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာက ဒေါ်စီစီးလျာက ပြောပါတယ်။

ဧပြီလအတွင်း နေအိမ်မီးရှို့ခံရတဲ့ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာ။


“မိသားစုလည်းများ၊ ကလေးလည်းများတဲ့အခါကျတော့ လယ်ကလည်းနည်းနည်းပဲရှိတယ်။ အိမ်တစ်ခါပြန်ဆောက်ဖို့ဆို တအားခက်ခဲတယ်။ သစ်လည်းမရှိ၊ ဝါးလည်းမရှိ၊ ပတ်ဆံဆိုလည်းမရှိဘူး။ ပိုက်ဆံဆို အများကြီးရှာမှ ဆောက်နိုင်တဲ့အမျိုး အိမ်တစ်လုံးပြန်ဆောက်ဖို့ဆိုရင် ကျမမျှော်လင့်ချက်မရှိတော့ဘူး။” လို့ ဒေါ်စီစီးလျာကပြောပါတယ်။

ဒေါ်စီစီးလျာမှာ သားသမီး ၆ ယောက်ရှိပြီး အားလုံးက ၁၈ နှစ်အောက်တွေသာရှိနေပါသေးတယ်။ သူတို့အိမ်လေးဖြစ်လာဖို့ သူနဲ့သူ့အမျိုးသားက ရရာ ကျပန်းအလုပ်တွေကိုလည်း မရွေးပဲ လုပ်ကိုင်လာခဲ့ကြရတာ လို့ဆိုပါတယ်။ သားသမီးတွေရဲ့ စားဝတ်နေရေးကလည်း အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။

ပါဒေါဒူကျေးရွာက ကလေး ၃ ယောက်နဲ ဒေါ်ဌေးမိုးတို့နေအိမ်လည်း အရင်နှစ် ဇွန်လပိုင်းကတည်းက ပြာကျပစ္စည်းခဲ့ရတဲ့အထဲပါသွားခဲ့ရပါတယ်။

“အိမ်မီးလောင်သွားတော့ ဘာပစ္စည်းမှမယူနိုင်ခဲ့ဘူး။ စိတ်ထဲမှာအရမ်းနာကျင်ခံစားရတယ်။ အိုးခွက်တွေ စောင်တွေဘာမှမယူမှီခဲ့ဘူး။ ကလေးမွေးစာရင်းတွေ မယူမီခဲ့ဘူး။ ရင်ထဲနာကျင်တာပဲသိရတယ်။ ကလေးတွေမွေးစာရင်းပြန်လုပ်ဖို့ဆိုလည်းမလွယ်တဲ့အလုပ်ပဲ။ ကျမအတွက်အစစအရာရာအခက်အခဲဖြစ်စေတယ်။” လို့ ဒေါ်ဌေးမိုးကပြောပါတယ်။


သူမအနေနဲ့ ဒီအိမ်ကလေးဖြစ်လာဖို့အတွက် နွားတွေရောင်းခဲ့ရသလို အမျိုးသားနဲ့အတူ သဲတောင်မှာသဲတူးပြီး ရောင်းလို့ရတဲ့ငွေတွေနဲ့စုဆောင်းပြီး ပင်ပင်ပန်းပန်းဆောက်လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒေါ်မူထူးကလည်း သူမအိမ်ထောင်စကျကတည်းက အိမ်ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ ဆယ်နှစ်ကျော်ကြိုးစားဆောက်ခဲ့ပြီးမှ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ အိမ်မီးရှို့ခံရတဲ့အထဲပါသွားခဲ့ရပါတယ်။

“တစ်သက်လုံးပင်ပင်ပန်းပန်းနဲ့ ဒုက္ခဆင်းရဲ လာခဲ့ရပါတယ်။ အိမ်ထောင်စကျကတည်းက အိမ်မဆောက်နိုင်သေးလို့ မိဘတွေနဲ့နေခဲ့ကြတယ်။ အိမ်ကောင်းကောင်းလေးတစ်လုံး လိုချင်တယ်ဆိုပြီးတော့ ကျမတို့ ၂၀၀၂ ခုနှစ်ကတည်းက စဆောက်ခဲ့ကြတယ်။ တစ်လနည်းနည်းစုထားတာနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောက်ခဲ့ကြတယ်။ ဆယ်နှစ်လောက်ကြိုးစားဆောက်ခဲ့ကြတယ်။ ၂၀၁၂မှာပြီးသွားတာ။ ကျမတို့ ကြာကြာတောင်မနေခဲ့ရသေးဘူး။ အခုက အိမ် မီးလောင်ပြာကျသွားပြီ။ ပြန်စဉ်းစားရင် အရမ်းခံစားနာကျင်ရပါတယ်။” လို့ ဒေါ်မူထူးကပြောပါတယ်။

ဒီလို အရပ်သားအိမ်မီးရှို့ခံရတဲ့အလုံးရေက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး နေရာပေါင်း ၂၉၆ ခုမှာ ပျက်စီးသွားခဲ့ရပြီး နေအိမ်ပေါင်း ၁၁၄၁၇ လုံး ရှိနေပြီလို့ Data For Myanmar က မေ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲထဲမှာမှ ကယားပြည်နယ်က ၄၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်တည်ဆောက်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၈ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္တအကြိမ် အစည်းအဝေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် မိန့်ခွန်းမှာ ကတိပြုခဲ့ပါတယ်။

spot_img
spot_img