spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မခိုင်မာလှတော့တဲ့ မျှော်လင့်ချက်

Author

Date

Category

မီမြာ၊ ဦးမြာ

ကယားပြည်နယ်၊ ဒီးမောဆိုမြို့မှာရှိတဲ့ နီရဲနေတဲ့ တောင်ယာမြေနီလေးပေါ်မှာ တောင်သူတစ်စု လယ်ထွန်စက်နဲ့ လာရောက်ထွန်ယက်နေကြပါတယ်။ သူတို့ကတော့ ဒေါဆိုရှေ့ရွာသားတွေဖြစ်ပြီး သူတို့ ကသူတို့ဘိုးဘွားမြေယာပေါ်မှာ လာရောက်ထွန်ယက်နေတာဖြစ်ပါတယ်။ မကြာခင်မှာပဲ ရဲတပ်ဖွဲ့တစ်ဖွဲ့က သူတို့ကို ထွန်ယက်နေတဲ့နေရာမှာ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

တောင်သူစုစုပေါင်း ၁၉ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဘာအတွက်ကြောင့်လဲဆိုတော့ သူတို့မြေယာကို တပ်သိမ်းမြေအဖြစ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက်ပါ။ ဒါပေမယ့် စစ်တပ်က တပ်သိမ်းမြေအဖြစ် အမှန်တကယ်သိမ်းယူဖို့ လိုအပ်နေလို့ သိမ်းတာလား၊ ဘာအတွက်ကြောင့်သိမ်းမှန်းလည်း မသိ၊ နားမလည်တဲ့ တောင်သူတွေအဖို့ကတော့ မိမိတို့ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့၊ တစ်ရက်တစ်ရက် ဝမ်းစာဖူလုံဖို့အတွက်သာ စိုးရိမ်နေကြတာလို့ ခုအခါမှာ ပြန်လွတ်လာပြီဖြစ်တဲ့ တောင်သူတွေက ပြောပါတယ်။

စစ်တပ်ကနေ မြေယာသိမ်းဆည်းခံထားရတဲ့နေရာတွေကို ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူတစ်ဦးက လိုက်လံပြသနေတာဖြစ်ပါတယ်။ ပုံ-ကန္တာရဝတီတိုင်း(မ်)

ဒေါဆိုရှေ့ရွာက အိမ်ခြေ ၂၇အိမ် သာရှိပြီး လူဦးရေ ၁၁၂ဦးရှိတဲ့ ကျေးရွာတစ်ရွာပါ။ ဒါ့အပြင် တောင်ယာလုပ်ငန်းက သူတို့ရဲ့ အဓိက အသက်မွေးလုပ်ငန်းဖြစ်ပါတယ်။

တပ်သိမ်းလိုက်ပြီဖြစ်တဲ့ သူတို့ရဲ့မြေကို မလုပ်တော့ဖို့ အတင်းအကြပ်တားမြစ်ပေမယ့် သီးနှံစိုက်ပျိုးရမယ့် ကာလလည်းဖြစ်၊ မြေယာပြန်ရမလားဆိုတဲ့ စိတ်နဲ့ လာရောက်ထွန်ယက်၊ စိုက်ပျိုးတဲ့အတွက် တောင်ယာထဲမှာပင် လာရောက်ဖမ်းဆီးပြီး ရဲစခန်းအပို့ခံခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါဆိုရှေ့တောင်သူ ၁၉ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆/၁ တို့နဲ့ တရားစွဲခဲ့ပါတယ်။ တောင်သူ ၉ဦးကတော့ ထောင်တွင်းကနေ တရားရင်ဆိုင်ခဲ့ရပြီး ၇လကျော်အကျဉ်းချခံခဲ့ရပါတယ်။

၂၀၂၀ မတ်လ ၁၃ ရက်နေ့မှာ ဒီးမောဆိုမြို့နယ်တရားရုံးက ပုဒ်မ ၆/၁ နဲ့တရားစွဲခံရတဲ့တောင်သူတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးလချမှတ်ပြီး ပုဒ်မ ၄၄၇နဲ့တရားစွဲခံရတဲ့ တောင်သူတွေကိုတော့ ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ် ဒဏ်ငွေတစ်သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

စစ်တပ်က စုစုပေါင်းအမှု ၆ ခု တရားစွဲခဲ့ပြီး ပုဒ်မ ၆/၁ နှစ်မှု၊ ပုဒ်မ ၄၄၇ လေးမှု ပါဝင်ပါတယ်။ ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရတဲ့တောင်သူတွေက ဒဏ်ငွေပေးဆောင်ကြပြီး ပုဒ်မ ၆ ခုလုံး တရားစွဲခံရတဲ့တောင်သူတွေကတော့ ချုပ်ရက်နဲ့ပြန်လွှတ်လာခဲ့ပါတယ်။

မြို့နယ်တရားရုံးမှာ တောင်သူတွေက ရုံးချိန်း အကြိမ် ၄၀ ကျော်ရင်ဆိုင်ခဲ့ပြီးတော့ အပြင်ရုံးချိန်း ၃ ကြိမ်ခေါ်ဆိုခဲ့ပြီး ကျန်တဲ့ရုံးချိန်းတွေကိုတော့ အကျဉ်းချုပ်နဲ့ တောင်သူ ၉ ဦးက ရင်ဆိုင်ခဲ့ပါတယ်။
ရုံးချိန်းကို တစ်ပတ်တစ်ကြိမ်ခေါ်ပြီး တောင်သူတွေလည်း မြေယာပြန်ရနိုင်မလားဆိုပြီး အမှုကို ရင်ဆိုင်ခဲ့ကြပါတယ်။ ရုံးချိန်းတဲ့အချိန်မှာဆိုရင် တရားစွဲခံရတဲ့ မိသားစုဝင်ကို ရုံးချိန်းမှာ လာရောက်ကြည့်ရတာလည်း သူတို့အတွက် အပူတစ်ခုဖြစ်ခဲ့ပါတယ်။

“ ရုံးမှာချိန်းတာကလည်း တစ်ပတ်တစ်ခါ နှစ်ပါတ်တစ်ခါ အဲ့လိုချိန်းတယ်။ ကျနော်တို့သားသမီးလာကြည့်ရင်လည်း ပိုက်ဆံတွေလည်း ကုန်ကျများတယ်။ ” ဆိုပြီး အကျဉ်းကျခံတဲ့ အထဲပါဝင်ခဲ့တဲ့ ဦးပါစကွားလယ်ကပြောပါတယ်။

ဖမ်းဆီး အကျဉ်းကျခံရတဲ့တောင်သူ ၉ဦး ထဲမှာအသက်၅၅နှစ်အရွယ် မုဆိုးမ အမျိုးသမီးတစ်ယောက်ပါဝင်ပါတယ်။ သူမကတော့ ဒေါ်ညားမာဖြစ်ပြီးတော့ လယ်ယာမြေ ၁၅ ဧကပါသွားတာဖြစ်ပါတယ်။

“ ကျမလို မိန်းကလေးတစ်ယောက်တည်းကိုပဲခေါ်တယ်။ အပြင်မှာတရားရင်ဆိုင်တဲ့အချိန်ဆို မိန်းကလေးငါးယောက်ပါတယ်။ ဒါပေမယ့် ဘာလို့လဲမသိဘူး ကျမတစ်ယောက်တည်းကိုပဲခေါ်တယ်။ ” ဆိုပြီး သူ့ရဲ့ နာကြည်းစရာအတိတ်ကို စကားသံမနည်းထွက်အောင် ပြန်ပြောပြပါတယ်။

ဘဝမှာ အကျဉ်းထောင်ထဲဝင်ရလိမ့်မယ်လို့ ကိုယ့်ကိုယ်တစ်ခါမှ မတွေးဖူးကြောင်း၊ အမျိုးသမီးတစ်ယောက်ထဲပါတဲ့အတွက် ကြောက်လည်းကြောက်ပြီး အကျဉ်းခန်းထဲမှာနေတဲ့အချိန်မှာ ရက်တိုင်းငိုခဲ့တယ်လို့ ပြောပါတယ်။ သူမ အကျဉ်းကျနေတဲ့အချိန်မှာ မြေးဦးမွေးတဲ့ အချိန်နဲ့လည်း တိုးခဲ့တဲ့အတွက် သမီးဖြစ်သူကို ပြုစုရမယ့် တာဝန်လည်း သူမမှာရှိတယ်ဆိုတဲ့ စိတ်နဲ့ ထောင်တွင်းမှာနေပြီး စိတ်ဆင်းရဲ ပင်ပန်းခဲ့ရတယ်လို့ ဆိုပါတယ်။

” ပြန်ပြောပြရင်လည်း စိတ်နာရုံပဲရှိတော့တယ်။ အများကြီးပြောပြချင်ပေမယ့် ပြောမထွက်တော့ဘူး အရမ်းခက်ခဲ ဒုက္ခရောက်တယ် ထောင်ထဲနေခဲ့ရတဲ့အချိန်ဆို ဒါပေမယ့် ပြောမထွက်တော့ဘူး အဲ့ဒီအကြောင်းတွေကို။ ကျမအတွက် တော်တော်ကို ခက်ခဲခဲ့တာ ကျမပြောပြချင်ပေမယ့် ပြောမပြတတ်တော့ဘူး။ “

ဒေါ်ညားမာက ၂၀၁၆ ခုနစ်မှာ ပုံစံ ၇ လျောက်ထားပေမယ့် အကုန်မရဘဲ ၅ ဧကသာရရှိခဲ့တယ်လို့သိရပါတယ်။ စစ်တပ်သိမ်းသွားတဲ့ထဲမှာလည်း ပုံစံ ၇ရှိတဲ့ ၅ ဧကလည်း ပါတယ်လို့သိရပါတယ်။ အခုချိန်မှာတော့ သူမမှာ လုပ်စားဖို့ မြေ တစ်ဧကတောင်မကျန်တော့ပါဘူး ဧကတစ်ဝက်ကျော်သာရှိတော့တယ်လို့ ဆိုပါတယ်။

တောင်ယာထဲမှာ ဓလေ့ထုံးတမ်းစဉ်လာတွေဆောင်ရွက်နေကြတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူတွေကို မြင်တွေ့ရတာဖြစ်ပါတယ်။ ဓါတ်ပုံ- ကန္တာရဝတီတိုင်း(မ်)

ဒေါဆိုရှေ့ကျေးရွာက မူလမှာ တောင်ယာဧက ၅၀၀ ကျော်ရှိပြီး ၂၀၁၆ ခုနစ်ကစပြီး စစ်တပ်က မြေယာတွေကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနစ် မှာတော့ ဒေါဆိုရှေ့မြေယာတွေကို အကုန်သိမ်းယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

သိမ်းဆည်းခံရတဲ့မြေယာပေါ်မှာ တောင်သူတွေက လာရောက်ထွန်ယက်တဲ့အတွက် စစ်တပ်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မြို့နယ်တရားရုံးမှာ တရားစွဲပြီး အမိန့်ချတာကို စစ်တပ်က မကျေနပ်လို့ ပြည်နယ်တရားရုံးကို ဇူလှိုင်လ ၇ ရက်နေ့မှာ ပြည်လည်ပြင်ဆင်ချက်ထပ်တက်ခဲ့ပါတယ်။ ပြည်နယ်တရားရုံးမှာ တောင်သူ ၁၇ ဦးက ရုံးချိန်း လေးကြိမ်ရင်ဆိုင်ခဲ့ရပြီး အောက်တိုဘာလ ၁၅ ရက်မှာ စွဲထားတဲ့အမှုကို ပလပ်လိုက်ပါတယ်။ အမှုပလပ်လိုက်ပေမယ့် သိမ်းထားတဲ့မြေယာတွေတော့ ပြန်မရခဲ့ပါဘူး။
ကယားပြည်နယ်က ၁၉၉၀ပြည့်နှစ်ကစပြီး ၂၀၁၁ခုနှစ်အထိ တပ်မတော်က သိမ်းဆည်းထားတဲ့မြေ ၈၃၂၃ဧကရှိပြီး၊ ၇၉၄ ဧက ပြည်လည်စွန့်လွှတ်ခဲ့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂ စာရင်းမှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်တောင်သူသမဂ္ဂအဖွဲ့ဝင် ခွန်းမောင်လွင်က အစိုးရတွေ တောင်သူဘက်ကနေရပ်တည်ပြီးတော့ ဒါတွေကို ပြန်လည်ဖြေရှင်းဖို့၊ တပ်တွေအနေနဲ့လည်း လုံခြုံမှု ဧရိယာအတိုင်းအတာအထိပဲ သိမ်းယူပြီးတော့ ကျန်တဲ့မြေတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ အနူးညွှတ်တောင်းဆိုချင်တယ် လို့ ပြောပါတယ်။

” အစိုးရတွေအနေနဲ့ တပ်နဲ့ထိပ်တိုက်တွေ့ဖို့တော့လိုတာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ တပ်က သမ္မတရဲ့လက်အောက်မှာရှိနေရမယ့်အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့် ဒီအစိုးရရဲ့လက်အောက်မှာ ရှိရမယ့်အနေအထားမှာ ဖြစ်ရမယ့်ကိစ္စက အခုဟာက ဘာမှမလုပ်ဘူးဖြစ်နေတယ်။ ဒီနေရာမှာ ပြည်သူရဲ့အာဏာကို ဒါတွေကို အစိုးရဘက်ကနေပြီးတော့မှ ဒါတွေကို အစိုးရ တွေက စစ်တပ်တွေအပေါ်မှာ ဖိအားပေးပြီးတော့မှ ဒါသူတို့ပြန်စွန့်လွှတ်ပေးဖို့တောင်းဆိုဖို့တော့လိုမယ်လို့ထင်တယ်။ “လို့ သူကဆက်ပြောပါတယ်။
အမတ ( ၃၆၀ ) တပ်သိမ်းထားတဲ့မြေယာတွေဟာဆိုရင် ၂၀၀၃၊ ၂၀၀၄ ခုနစ်နောက်ပိုင်းမှာမှ တပ်ရင်းလာတည်တဲ့အချိန်မှာ တပ်စခန်းအတွက်တောင်ယာတွေကို ဖယ်ပေးခဲ့ရတာဖြစ်ပါတယ်။

အသက် ၅၀ ကျော်ပြီးဖြစ်တဲ့ ဦးပါစကွားလယ်ကတော့ ဒေါဆိုရှေ့ကျေးရွာမှာနေထိုင်ပြီးတော့ တောင်ယာ ၁၆ ဧကကျော်ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၉ ခုနစ်မှာ စစ်တပ်က တောင်ယာတွေကို သိမ်းယူသွားတာကြောင့် သူ့ဆီမှာ တောင်ယာတစ်ဧကခွဲသာကျန်ပါတော့တယ်။ အမှု၆မှုလုံးနဲ့ စစ်တပ်က တရားစွဲဆို အကျဉ်းချထားတဲ့တောင်သူတွေ ထဲကတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ အခက်အခဲနဲ့ပတ်သက်ပြီးပြောပြပါတယ်။

” သူတို့က နစ်နာကြေးလည်းမပေးဘူး။ တောင်ယာလည်းသိမ်းခံရတယ်။ ရုံးလည်းနေ့တိုင်းချိန်းခံရသေးတယ်။ တစ်ပတ်တစ်ခါနှစ်ခါချိန်းခံရသေးတယ်။ ကျနော်တို့က တအားစိတ်ဆင်းရဲတယ်။ သားသမီးနဲ့ မြေးနဲ့ ကျွေးရမယ်ဆိုရင်ဘာကျွေးရမယ်မှန်းတောင်မသိတော့ဘူ။ လစာလည်းမရှိ ကျနော်တို့က ရှိတာနဲ့ လယ်ယာလေးရှိတာနဲ့ပဲ သူတို့သိမ်းသွားတာနဲ့ ကျနော်တို့ ဘာမှလုပ်စရာမရှိတော့ဘူး။ စားစရာမရှိတော့ဘူး။ အဲ့လိုမျိုးဖြစ်နေတယ်။ ကျနော်တို့ ဘယ်လိုနေမလဲမသိဘူး။ “လို့ သူကပြောပါတယ်။

ဒီကိစ္စကိုဖြေရှင်းပေးဖို့ ၂၀၂၀ခုနစ် ကယားပြည်နယ်နေ့အခမ်းအနားမှာ ကရင်နီလူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ပြီး ဖြေရှင်းပေးဖို့ ကတိပြုခဲ့ပါတယ်။

မြေသိမ်းခံရတာက ဒီအစိုးရသက်တမ်းမဟုတ်ပဲ အရင်အစိုးရသက်တမ်းမှာလည်း သိမ်းဆည်းခံရတာတွေရှိတယ်လို့ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောပါတယ်။
ကယားပြည်နယ်မှာ တပ်သိမ်းမြေမဟုတ်ပဲ။ အခြားနည်းလမ်းနဲ့သိမ်းသွားတဲ့မြေတွေလည်း အများကြီးရှိခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ ကယားပြည်နယ်က တပ်သိမ်းမြေကြောင့် တောင်သူ ၄၁ဦးကို တရားစွဲဆိုထားပါတယ်။

တပ်ကသိမ်းထားတဲ့မြေယာတွေ၊ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနကနေ သိမ်းလိုက်တဲ့မြေတွေကို NLD အစိုးရလက်ထက်မှာ ပြန်တောင်းပြီး ပုံစံ ၇ နဲ့အညီ ပြန်ချပေးတာရှိတယ်လို့ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောပါတယ်။ ကယားပြည်နယ်မှာလည်း ဒီလိုစနစ်တကျနဲ့ ပြန်ပြီးပေးဖို့ လုပ်နေတာလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။၂၀၂၀ ရွေးကောက်ပွဲတွက် လယ်ယာမြေနဲ့ပတ်သက်တဲ့မူဝါဒတွေ ချမှတ်ထားတာရှိတယ်လို့ သူကဆက်ပြောပါတယ်။

“မြေယာနဲ့ ပတ်သက်ပြီးတော့ မူဝါဒ သမ္မတကနေချပေးတဲ့ ၅၂ချက်လားမသိဘူး ရှိတယ်။ အဲ့ဒီ ပါဝင်တဲ့ လူတွေကိုပြန်ပြီးတော့ ပေးနေတာတွေရှိတယ်။ အဲ့ ၅၂ချက်ကတော့ ကျနော်အသေးစိတ်တော့ မသိဘူး။ ကိုယ့်ရဲ့မြေယာကို တကယ်ပိုင်ဆိုင်တဲ့လူ ဆိုရင်တော့ ကျနောတို့ချပေးနေတယ်။ “

ဒါပေမယ့် အခုလက်ရှိအစိုးရလက်ထက်မှာ တောင်သူတွေရင်ဆိုင်နေရတဲ့ မြေသိမ်း၊ ယာသိမ်း ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်တာ မတွေ့ခဲ့ပါဘူး။

တပ်သိမ်းမြေထဲမှာ မြေဧက ၂၅ ဧက ပါသွားတဲ့ ဒေါ်ကလောမာကတော့ ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရတာဖြစ်ပြီး ဒဏ်ငွေပေးဆောင်ခဲ့ပါတယ်။ အခြားအလုပ်လည်းမလုပ်နိုင်တဲ့အတွက် သက်ဆိုင်ရာအစိုးရတွေကို မြေကိစ္စနဲ့ပဲတောင်းဆိုချင်တယ်လို့ပြောပါတယ်။

” အခက်အခဲဘာတွေရှိလဲဆိုတော့ အခြားအလုပ်အကိုင်ဆိုလည်း ကျမတို့မလုပ်တတ်ဘူး။ ဒီအလုပ်ပဲလုပ်တတ်တယ် ဘိုးဘွားစဉ်ဆက်က လုပ်ကိုင်ခဲ့တာပေါ့။ အခုထိ တောင်ယာအလုပ်ပဲလုပ်ကိုင်လာတာ အခုက မြေမရှိတော့ဘူးဆိုတော့ ရှာဖွေစားသောက်ဖို့မရှိဘူး။ အခုလည်း ကပ်ရောဂါရှိနေတယ်ဆိုတော့ နိုင်ငံခြားတို့ဘာတို့ အလုပ်သွားလုပ်လို့မရ ပြန်လာလို့လည်းမရဖြစ်နေတယ်။ “

တပ်သိမ်းမြေကိစ္စဟာဆိုရင် ၂၀၁၀အစိုးရလက်ထက်ကတည်းက ဖြစ်ပေါ်နေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

၂၀၁၂ကတည်းက ဖွဲ့စည်းထားတဲ့ မြေလွတ်မြေလပ်မြေရိုင်းဥပဒေဆိုရင်လည်း တောင်သူတွေအတွက် အထူးသဖြင့် တိုင်းရင်းသားဒေသက တောင်သူတွေအတွက် ကာကွယ်ပေးတာမရှိပါဘူး။

“ မြေလွတ်မြေလပ်မြေရိုင်းဥပဒေက တောင်သူတွေအတွက် ဘယ်လိုမှလုံခြုံမှုမရှိပါဘူး။ ကျနော်တို့ ဒီကယားပြည်နယ်မှာ မြေလွတ်မြေလပ်မြေရိုင်းဆိုတာရှိမှမရှိတာ နောက်အဲ့ဒါမျိုးကျတော့ တောင်သူတွေအတွက် လုံခြုံမှုပေးဖို့ ပိုတောင်ဒုက္ခရောက်စေတဲ့ အရာတစ်ခုဖြစ်တယ်။ ” လို့ ကယားပြည်နယ်တောင်သူသမဂ္ဂအဖွဲ့ဝင် ခွန်းမောင်လွင်က ပြောပါတယ်။

NLDအစိုးရလက်ထက်မှာလည်း မြေလွတ်မြေလပ်မြေရိုင်းဥပဒေကို ပြင်ဆင်တာရှိပေမယ့် တောင်သူတွေအတွက် ထိရောက်မှုမရှိပါဘူး။

“ မြေလွတ်မြေလပ်မြေရိုင်းဥပဒေ ပြင်ဆင်ပြီး ထွက်လာတဲ့နောက်မှာ ဒီဥပဒေ ဒီလိုပြင်ဆင်လိုက်တာက မြေသိမ်းဥပဒေပုံစံမျိုးဖြစ်သွားတာ ကျနောတို့ ကအဲ့လိုအစကတည်းက ကန့်ကွက်ထားတာပေါ့လေ။ ဒီဥပဒေ အတည်မပြုသင့်ဘူးဆိုပြီးတော့မှ ကျနောတို့ကန့်ကွက်ကြတယ်။သို့ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ခါကျတော့ ကျနောတို့ ဆီမှာ ပြဿနာလာဖြစ်နေတယ်။ ဒီမြေလွှတ်မြေလပ်မြေရိုင်းဥပဒေက ကျနောတို့တွက် အကာအကွယ်မရှိဘူး။ ” ဆိုပြီး ကယားပြည်နယ်ဒီမိုကကရက်တစ်ပါတီ အတွင်းရေးမှူး ဦသဲရယ်က ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်မှာ တိုင်းရင်းသားအခြေစိုက်ပါတီတွေကလည်း အင်အားကြီးပါတီတစ်ခုဖြစ်လာပါတယ်။ကယားအခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ( KySDP ) နဲ့ ကယန်းအမျိုးသားပါတီ( KNP) နှစ်ပါတီဟာဆိုရင် မဟာမိတ်ဖွဲ့ထားကြပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ သူတို့သာ အနိုင်ရလာခဲ့ရင် ဒီလိုမြေယာပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ဆိုပါတယ်။

“ ကျနောတို့ကတော့ လုပ်မှာပဲ ဒါပေမယ့် ဘယ်လောက်အထိပြန်ရမလဲဆိုတာတော့ ကျနောတို့ အာမ မခံနိုင်ဘူး။ ဒါပေမယ့် မဖြစ်မနေ ဒီမြေယာပြဿနာမျိုးတွေတော့ ကျနောတို့ ဆောင်ရွက်ရမှာပဲ။ ” လို့ ကယားပြည်နယ်ဒီမိုကကရက်တစ်ပါတီ အတွင်းရေးမှူး ဦသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်မှာဖြစ်နေတဲ့မြေယာပြဿနာတွေကို ဥပဒေလမ်းကြောင်းကနေဖြေရှင်းလို့ မရရင်လည်း ဥပဒေပြင်ပကနေဖြေရှင်းမယ်လို့ ဦးသဲရယ်ကဆက် ပြောပါတယ်။

“ကျနောတို့ကတော့ ဥပဒေလမ်းကြောင်းကနေမဟုတ်လည်း ဥပဒေပြင်ပကနေ ကျနောတို့ ဘယ်လိုကာကွယ်မလဲ နောက်ပြီးတော့ မြေယာတွေပြန်ရအောင် ဘယ်လို လုပ်ဆောင်ကြမလဲဆိုတဲ့ဟာတွေကတော့ ဒါကျနောတို့ ဒေသခံလူထုနဲ့ ပူးပေါင်းပြီးတော့မှ ကျနောတို့ ဆောင်ရွက်မယ်လို့တော့ ကျနောတို့က စဉ်းစားထားတာပေါ့လေ။ ဒါပေမယ့် တကယ့်တကယ် ဖြစ်လာတဲ့အခါ ဖြေရှင်းတဲ့အခါကျရင် ဘယ်လို အခက်အခဲဖြစ်လာနိုင်သလဲဆိုတာတော့ ကျနော တို့လည်း ကြိုပြီးတော့ ပြောလို့မရဘူးပေါ့နော။ “

ကယားပြည်နယ်မှာ တပ်သိမ်းမြေကိစ္စတွေဟာဆိုရင် ၁၉၈၀နောက်ပိုင်း စစ်အစိုးရလက်ထက်ကတည်းကဖြစ်ပေါ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာဆိုရင် စစ်တပ်အရာရှိဟောင်းတွေ ဦးဆောင်တဲ့ပါတီဖြစ်ပါတယ်။

“ ဒီတပ်သိမ်းမြေကိစ္စနဲ့ပတ်သက်ပြီးတော့ ၂၀၁၀-၁၅ အစိုးရလက်ထက်ကတည်းက သိမ်းဆည်းမြေယာပြန်လည်ရရှိရေးကော်မတီ ဆိုပြီးတော့ ဖွဲ့ထားပါတယ်။ အဲ့ဒါတွေဖွဲ့ထားပြီးတော့ ဒီ၂၀၁၅-၂၀ အတွင်း တက်လာတဲ့ အစိုးရတွေက ဒီကော်မတီမှာပဲ မူတည်ပြီးတော့ ဒါလေးတွေလိုက်လံစုံစမ်းပြီးတော့ ပြန်ပေးသင့်တာတွေ ပြန်ပေးနေတယ် သို့သော်လည်းပဲ ကာကွယ်ရေးအတွက် အမှန်တကယ်လိုအပ်တဲ့ဟာတွေကို ထားခဲ့မယ် မလိုအပ်တာတွေကို ပြန်ပေးမယ့် အစီအစဉ်သူတို့မှာရှိပြီးသား။” လို့ ကယားပြည်နယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးဌေးရယ်က ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀၁၀-၂၀၁၅ အတွင်းမှာ အနိုင်ရရှိခဲ့ပြီး ဒီ၂၀၂၀ မှာအနိုင်ရရှိခဲ့ရင် တောင်သူအရေးနဲ့ပတ်သက်ပြီး တောင်သူလယ်သမားရေးရာဝန်ကြီးဖွဲ့ စည်းပေးဖို့လည်းရှိတယ်လို့ သိရပါတယ်။

“တောင်သူအရေးနဲ့ ပတ်သက်ရင်တော့ အစိုးရပြန်ဖြစ်ခဲ့ရင် အဖြစ်မှန်ကိုကြည့်ပြီးတော့ ဆောင်ရွက်ပေးဖို့ရှိပါတယ်။ အဖြစ်မှန်ကိုဆိုတဲ့နေရာမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ဒါကို အတိတကျမသိသေးတဲ့အခါကျတော့ သိပ်ပြီးတော့ ပြည့်ပြည့်ဝဝမပြောနိုင်ဘူးပေါ့လေ။ ကိုယ့်ပါတီအနေနဲ့ အစိုးရဖြစ်ခဲ့မယ်ဆိုရင်တော့ တောင်သူလယ်သမားအရေးနဲ့ပတ်သက်ပြီးတော့ အများကြီးဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။ ရည်မှန်းချက်ထဲမှာရှိသေးတော့ အသေးစိတ်ရေးဆွဲထားတာမရှိသေးပါဘူး။”

ကယားပြည်နယ်မှာ တပ်သိမ်းမြေကြောင့် လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာ၊ မြေနီကုန်းကျေးရွာ နဲ့ ဒီးမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာ ကတောင်သူတွေတရားစွဲခံရတာတွေရှိခဲ့ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာတော့ ကယားပြည်နယ်အတွင်းမှာ တပ်သိမ်းမြေယာကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ နဲ့ပတ်သက်ပြီး အစိုးရနဲ့ ပြည်သူကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်သူပြည်နယ်သားတွေက တိုင်းရင်းသားအခွင့်အရေးကို အလေးပေးဖော်ဆောင်ပေးမယ့် အစိုးရကို အလိုရှိနေကြပါတယ်။ ကယားပြည်နယ်မှာ ပါတီ ၁၂ ခုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နောင်တက်လာမယ့်အစိုးရက လက်ရှိကယားပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းပေးမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts