နွေသုံးရေ မလောက်မှာစိုး

0
200

ခွန်းကလိုင်းဖရီး၊ စိုးရယ်

လာမယ့်နွေရာသီမှာ တစ်ရွာလုံးအသုံးပြုဖို့အတွက် ရေတွေမလုံလောက်မှာစိုးလို့ အခုချိန်ကတည်းက ရေကိုချွေ တာသုံးစွဲနေရတဲ့ ရွာသူ၊ ရွာသားတွေထဲမှာ ဒေါ်ပလဲမယ်တစ်ယောက်လည်း ပါဝင်ပါတယ်။

ဒေါ်ပလဲမယ်ဟာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တဖိုကျေးရွာမှာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောက်လုပ်ပေးထားတဲ့ နေအိမ်မှာ ခင်ပွန်းသည်နဲ့အတူ တစ်ဦးတည်းသော သားလေးတစ်ယောက်နဲ့ နေထိုင်ပါတယ်။

ဒေါ်ပလဲမယ် တစ်ယောက် နေ့စဉ် အလုပ်ကပြန်လာရင် ချက်ပြုတ်ဖို့နဲ့ ဝက်စာကျွေးဖို့အတွက် ရေခပ်ရတာနဲ့ပဲ သံသရာလည်နေရပါတယ်။

“တစ်ရက်ဆိုအနည်းဆုံး သုံးပုံး၊ လေးပုံးလောက်ခပ်ရတာပေါ့။ တစ်ခါတစ်လေ ခေါင်ဖတ်တို့ ချက်ရင်တော့ ရေအများကြီးကုန်တာရှိတယ်။ သုံး၊ လေး ၊ငါးခေါက်လောက် သွားခပ်ရတာမျိုးရှိတတ်တယ်။ သွားမခပ်ဘူး ဆိုရင်လည်း မိသားစုအတွက် သုံးစရာမရှိဖြစ်သွားတယ်” လို့ ဒေါ်ပလဲမယ်က ဆိုပါတယ်။

ရေထွက်ပေါက်ကနေ ကျေးရွာအတွင်းကို ရေတင်ဖို့ ရေတင်စက်ရှိနေပေမဲ့ ပျက်နေတာ ၃လလောက်ရှိနေပါပြီ။ ရေတင်စက် မပျက်ခင်အထိတော့ ဒေါ်ပလဲမယ်တို့ ရွာလူထုတွေ အိမ်အနီးအနားမှာ ရေခပ်လို့ရပါတယ်။ အခုဆို သောက်သုံးရေရဖို့အတွက် ရွာအောက်ဘက်က ရေဆိပ်အထိ ဆယ်မိနစ်ကျော်လောက်လမ်းလျှောက်ဆင်းပြီးမှ ရေသွားခပ်ယူကြရပါတယ်။

ဒေါ်ပလဲမယ်တို့ နေထိုင်တဲ့ တဖိုကျေးရွာမှာ ရေခပ်ရတာလည်း အလုပ်ကြီးတခုလိုဖြစ်နေတာကြောင့် ခင်ပွန်းသည်ဖြစ်သူနဲ့ အလုပ်တာဝန်တွေခွဲယူထားရပါတယ်။

“သူရေသွားခပ်လို့ရှိရင် အိမ်မှာပဲ ကျနော်ချက်ပြုတ်ပေးတယ်”လို့ ခင်ပွန်းဖြစ်သူ ဦးစေးရယ်က ပြောပါတယ်။

ဒေါ်ပလဲမယ်ရော ဦးစေးရယ်ရော သူတို့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို အတိအကျမမှတ်မိတော့ပါဘူး။ ဦးစေရယ်က သူ့ကိုယ်သူ အသက် ၅၀ ကျော်ပြီလို့ ခန့်မှန်းပြီး သူအမျိုးသမီး ဒေါ်ပလဲမယ်ကိုတော့ အသက် ၄၀ ကျော်ရှိလောက်ပြီလို့ ခန့်မှန်းပါတယ်။ သူတို့မှာ ငါးတန်းတက်ရမယ့် ၁၀ နှစ်အရွယ်သားတစ်ယောက်ရှိပါတယ်။

ဒေါ်ပလဲမယ် ပြောတာက “သားလေးက အရမ်းငယ်သေးတော့ ရေလည်းမခပ်ကူနိုင်သေးဘူး။ ဒါပေမယ့် ခုဆို ပုံးသေးသေးလေးနဲ့ သွားလပ်တာမျိုးတော့ရှိတယ်။ မိသားစုအတွက် နည်းနည်းတော့ သက်သာလာပါပြီ။”

တဖို ကျေးရွာမှာ အစိုးရမူလတန်းကျောင်း တစ်ကျောင်းရှိပါတယ်။ အလယ်တန်းနဲ့ အထက်တန်းပညာတွေကို ဆက်လက်လေ့လာဆည်းပူးဖို့အတွက် တခြားရပ်ဝေးမှာ ကျောင်းသွားနေရမယ့် ကလေးဦးရေ ၃၀ လောက်ရှိ ပါတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် ကျောင်းပိတ်ထားလို့ ကလေးတွေဟာ ရွာမှာပဲ ပြန်လာနေကြတဲ့အတွက် ရေသုံးစွဲသူ ဦးရေတိုးလာလို့ နွေရာသီကျရင် ရေအခက်ခဲဖြစ်နိုင်တဲ့ အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်နေပါတယ်။

တဖိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးပလဲရယ်က “အခုက ကလေး ဒီနှစ်မှာ ဆိုလည်း ကိုရိုနာဗိုင်းရပ်ကြောင့် ကျောင်းပိတ်ကုန်တယ်ဆိုမှပဲ ကလေးက အကုန်လုံးပြန်လာနေတဲ့ အခါကျတော့လည်း ချိုးဖို့လည်း သိပ်တော့မလောက် ဘူးဖြစ်နေတာပေါ့။ ကျောင်းဖွင့်တဲ့ နှစ်ခါကျရင်တော့ မိဘတွေပဲကျန်တယ်ဆိုတော့ ကလေးကတော့ များတာကော၊ ကလေးက အယောက် ၂၀၊ ၃၀ ခါကျတော့လည်း အကုန်လုံးပြန်နေတယ်ဆို ချိုးဖို့လည်း သိပ်မလောက်ဘူးပေါ့။ နွေရာသီကျရင်။”လို့ ဆိုပါတယ်။

ဒေါ်ပလဲမယ်နဲ့ တစ်ရွာထဲနေ အသက် ၅၁ အရွယ် ဒေါ်ကျဲမယ်က အိမ်မှာ နွားနဲ့ ဝက်မွေးထားတဲ့အတွက် လူအတွက်ရော တိရိစ္ဆာန်အတွက်ပါ ရေသွားခပ်ရတာ မလွယ်ဘူးလို့ ဆိုပါတယ်။

“နွားနဲ့ရော၊ စားဖို့သောက်ဖို့ရော၊ ဝက်ရော လူနဲ့ သွားခပ်လို့ရှိရင်တော့ သုံးလေးငါးခါဆို မလောက်ဘူး။ ဒါပေမယ့် ဆိုင်ကယ်နဲ့ သွားသယ်လို့ရှိရင်လည်း နှစ်ခါ၊ သုံးခါလောက်ကုန်တယ်။”လို့ ဒေါ်ကျဲမယ်က ပြောပါတယ်။

ပြည်တွင်းရေးမတည်ငြိမ်မှုတွေကြောင့် တဖိုကျေးရွာခံတွေဟာ ယခင်က ရွာပုန်း၊ ရွာရှောင်အဖြစ် နေရာအနံ့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ခုနှစ်မှာ ဒီးမော့ဆိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက အိမ်အလုံးရေ ၂၀ ကျော် လာရောက်တည်ဆောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုဆိုရင် တဖို ကျေးရွာမှာ အိမ်ခြေ ၂၃ အိမ်ရှိပြီးတော့ လူဦးရေ ၁၀၀ ကျော် ပြန်လည်စုစည်းနေထိုင်နေကြပါပြီ။

ကျေးရွာသောက်သုံးရေအတွက် ရွာအနီးအနားအထိ ရေရောက်ဖို့ ကျေးလက်နဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့တွေက ရေပိုက်သွယ်တန်းပေးတာ၊ ရေကန်သုံးလုံးတည်ဆောက်ပေးတာနဲ့ ရေတင်စက်တစ်လုံးကိုလည်း ၂၀၁၄ ခုနှစ်လောက်မှာ စီမံထားပေးပါတယ်။

ဒီနှစ်က ရာသီဥတုအခြေအနေကြောင့် မိုးရာသီမှာ မိုးရွာသွန်းမှုနည်းလို့ ရွာက သွယ်ယူနေတဲ့ ရေထွက်ပေါက်မှာ လည်း ရေတွေ အထွက်နည်းသွားတယ်လို့ ဆိုပါတယ်။

တဖိုကျေးရွာမှာ ကျေးရွာရေကော်မတီကို ဖွဲ့စည်းထားတာ ၂ နှစ်လောက်ရှိပြီဖြစ်ပြီး ရေမလာတဲ့အခါတွေမှာ ရေပိုက်တွေကို စစ်ဆေးပြုပြင်တာတွေကို ပြုလုပ်ပေးရတယ်လို့ ကျေးရွာရေကော်မတီအဖွဲ့ဝင် ဦးပါဂေ့က ဆိုပါတယ်။

“ခန၊ ခန ပျက်အဲ့လိုမျိုး၊ ရေလည်း မလုံလောက်အဲ့လိုမျိုး၊ ပြီး တခါတလေပျက်ဆိုတော့ သွားခပ်လည်း မရတော့ဘူး။ အဲ့လိုမျိုးပေါ့။”လို့ ဦးပါဂေ့ကပြောပါတယ်။

ကော်ပိုက်တွေဖြစ်တာကြောင့် ကျွဲနွားတိရိစ္ဆာန်တွေ နှင်းတာနဲ့ နွေရာသီမှာ တောမီးလောင်တာတွေကြောင့် လည်း မကြာခဏပျက်စီးတယ်လို့ ဦးပါဂေ့က ဆိုပါတယ်။

ရေတင်စက် ဘာကြောင့်ပျက်သွားလည်းဆိုတာကိုတော့ နားမလည်ပေမယ့် နားလည်တဲ့သူခေါ်ပြီး ပြန်လည်ပြု ပြင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ပျက်သွားတဲ့ ရေတင်စက်ကြောင့် ရွာပေါ်ထိ ရေမရောက်နိုင်တော့လို့ ဒေါ်ပလဲမယ်က သူ့သားလေးကို သုံး၊လေး ရက်နေမှတခါ ရေဆိပ်ကို ခေါ်သွားပြီး ရေချိုးပေးတယ်လို့ ဆိုပါတယ်။ သူတို့လည်း လင်မယားကလည်း တစ်ပတ်က တစ်ခါ၊ နှစ်လောက်ပဲ ရေချိုးဖြစ်တယ်လို့ ဆိုပါတယ်။

“တစ်ပတ်မှာ ဘယ်နှစ်ခါလောက် အဝတ်အစားလျှော်လဲ အဲ့လိုမျိုးတော့မရှိဘူး။ အဒေါ်တို့ ဝတ်စရာလောက်ပဲ လျှော်ဖြစ်တယ်။ စောတွေ၊ အဝတ်တွေကြတော့ ဝေးဝေးမှတစ်ခါ သွားလျှော်တာမျိုးတော့ရှိတယ်။”လို့ ဒေါ်ပလဲမယ်က ပြောပါတယ်။

တဖိုရွာဟာ လတ်တလောမှာ သုံးသောက်ရေတွေ ကျန်ရှိနေသေးပေမယ့် ပူပြင်းတဲ့ နွေရာသီမှာတော့ ရေအခက်အခဲဖြစ်လာနိုင်လို့ ရေကို ချွေတာသုံးစွဲနေကြရပါတယ်။

Comments

comments