ကန္တာရဝတီတိုင်း(မ်)
လူဦးရေစုစုပေါင်း သုံးသိန်းနီးပါးသာရှိတဲ့ကရင်နီမှာ နှစ်သိန်းခွဲက စစ်ရှောင်ဖြစ်လာခဲ့ကြတာ အခုဆိုရင် လေးနှစ် ရှိလာခဲ့ပါပြီ။ တချို့သော မြို့နယ်တွေမှာတော့ နေရပ်ပြန် နေထိုင်နိုင်ခဲ့ကြပေမဲ့၊ ဇူလှိုင်လ နဲ့ ဩဂုတ်လအတွင်းမှာ ရွေးကောက်ပွဲအကြို စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကြောင့် တဖန် တိမ်းရှောင်ကြရပြန်ပါတယ်။
ရှိနှင့်နေပြီးသား စစ်ရှောင်တွေအပြင် တဖန်ထိုးစစ်တွေကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအတွက် အကူအညီလိုအပ်ချက်တွေဟာ ပိုမိုများပြားလာနေပါတယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ခေတ္တနေရပ်ပြန်ပြီး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားသူတွေကလည်း ထိုးစစ်ကြောင့် စိုက်ပျိုးထားတဲ့လယ်ယာတွေကို စွန့်ခွာပြီး တဖန် တိမ်းရှောင်ကြရပြန်ပါတယ်။
ခေတ္တနေရပ်ပြန် စိုက်ပျိုးခွင့်ရတာကြောင့် လိုအပ်တဲ့ အရင်းအနှီးတွေကို စုဆောင်းထားတာတွေနဲ့ အသုံးပြုကြသလို၊ တချို့သူတွေကလည်း ချေးယူပြီး သုံးစွဲကြပါတယ်။ ဒါကြောင့်လည်း တဖန်ပြန်လည်စွန့်ခွာ တိမ်းရှောင်ရတဲ့အခါ စားနပ်ရိက္ခာလိုအပ်ချက်တွေ ပိုမိုများပြားလာနေတာပါ။
များပြားလာတဲ့ စစ်ဘေးရှောင်တွေနဲ့ ပိုမိုနည်းပါးလာတဲ့ စိုက်ပျိုးနိုင်တဲ့ ဧရိယာတွေကြောင့် ကရင်နီပြည်ရဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေဟာ တနေ့တခြား မြင့်မားလာပါတယ်။
နယ်စပ်ဒုက္ခသည်စခန်းတွေဆီက စံနမူနာ
၁၉၈၀ ခုနှစ်ဝန်းကျင်ကတည်းက ကရင်နီပြည်သူတချို့ဟာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ရွေ့ပြောင်းနေထိုင်ကြရင်း ထိုင်း-ကရင်နီနယ်စပ်ဒေသကို ရောက်ရှိလာကြပါတယ်။
စစ်ဘေးရှောင်ဘဝကနေ နေရပ်ပြန်လို့မရတော့တာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်မှာ ခိုလှုံနေထိုင်ရင်း ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်း အဖြစ် ၂၀၀၆ ခုနှစ်မှာ ထိုင်းနိုင်ငံက အသိအမှတ် ပြုလာခဲ့ပါတယ်။ စတင်ခိုလှုံစဉ်က လူဦးရေ ၁,၀၀၀ ဦးခန့်သာ ရှိခဲ့ပြီး အချိန်နှင့်အမျှ လူဦးရေ တိုးများလာခဲ့တာပါ။ စခန်းတွင်း ခိုလှုံနေကြသူတွေဟာ ၁၉၉၄-၉၅ ခုနှစ်က ဖြတ်လေးဖြတ် ကာလအတွင်းက ခိုလှုံသူတွေ အများဆုံးလို့ ပြောနိုင်ပါတယ်။

လူဦးရေ တသောင်းရှစ်ထောင်ဝန်းကျင်အထိ လာရောက်ခိုလှုံခဲ့ကြပြီး တတိယနိုင်ငံ ခိုလှုံခွင့် ရသွားသူတွေ ရှိနေပေမဲ့ လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ စခန်းတွင်းမှာ ရှိနေကြဆဲပါ။ ပြင်ပကို အလုပ်ထွက်လုပ်ခွင့် မရခဲ့သလို စိုက်ပျိုးလုပ်ကိုင်စရာ မြေနေရာလည်း မရခဲ့ကြပါဘူး။ နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုပါ စခန်းတွင်း ခိုလှုံသူတွေဟာ အလှူရှင်များရဲ့ ကူညီထောက်ပံ့မှုဖြင့်သာ ရပ်တည်လာခဲ့ကြတာပါ။
ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းဟာ (The Border Consortium- TBC ) ကပေးတဲ့ စားနပ်ရိက္ခာ အထောက်အပံ့ကို နှစ်ပေါင်း ၄၁ နှစ်ကြာ ရယူလာခဲ့တာဖြစ်ပေမဲ့ အမေရိကန်သမ္မထရမ့်ရဲ့ ဒီနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က နိုင်ငံတကာအကူအညီပေးအပ်ရေး ဆိုင်းငံ့စေမှုအမိန့်ကြောင့် သူတို့ရနေတဲ့ အကူအညီတွေ လုံးဝရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဒုက္ခသည်တွေဟာ မိမိတို့ဘဝရပ်တည်ရေးအတွက် ကိုယ်တိုင်ဝင်ငွေရှာဖွေပြီး ရပ်တည်ကြရတော့မှာပါ။ မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ ကရင်နီအမှတ် (၁) နဲ့ အမှတ် (၂) ဒုက္ခသည်စခန်းမှာတော့ အလုပ်လုပ်နိုင်သူ အရေအတွက်က ရှိရင်းလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းပဲရှိတယ်လို့ လည်း ကရင်နီဒုက္ခသည်စခန်းကော်မတီဝင်တဦးက ကန္တာရဝတီတိုင်း (မ်) ကို ဖြေကြားခဲ့ပါတယ်။
ဒုက္ခသည်စခန်းတွေမှာ နေထိုင်စဉ်မှာ အလှူရှင်ရဲ့ အထောက်အပံ့ကိုသာ မှီခိုနေခဲ့တဲ့ ဒုက္ခသည် လူထုတွေဟာ အခုတော့ မဖြစ်မနေ အလုပ်လုပ်ကြရတော့မှာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ အကူအညီရပ်ဆိုင်းလိုက်ခြင်းဟာ နယ်စပ်ဒုက္ခသည်၊ ပြည်တွင်းစစ်ဘေးရှောင်တွေအပြင် စစ်ရှောင်အရေးနဲ့ တခြားကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေသူတွေအတွက် သင်ခန်းစာတခု ဖြစ်လာစေပါတယ်။
ထရမ့်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ဖြတ်တောက်လိုက်မှုနဲ့ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ၊ နိုင်ငံရေး ပဋိပက္ခတွေကြောင့် မြန်မာပြည်အရေးဟာ နိုင်ငံတကာမှာ တဖြည်းဖြည်း မှေးမိန်လာပါတယ်။ မြန်မာနိုင်ငံအတွက် ပေးနေတဲ့ တခြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကလည်း ပိုမိုနည်းပါးလာပါတယ်။ ပြီးခဲ့တဲ့ လ ကပဲ ဆွီဒင်နိုင်ငံက မြန်မာနိုင်ငံအတွက်ပေးနေတဲ့ အကူအညီတွေကိုလည်း ပြန်လည်ရုတ်သိမ်းထားပါတယ်။
ဒီလိုအကူအညီတွေ ရပ်ဆိုင်းလိုက်တာကြောင့် ကရင်နီအပါအဝင် နိုင်ငံအတွင်းက စစ်ရေး၊ နိုင်ငံရေးကြောင့် ဒုက္ခရောက်နေတဲ့ လူထုအတွက် အကူအညီတွေ မရနိုင်သလောက် ဖြစ်လာပါတယ်။

ပြည်တွင်းက ထပ်ဆင့်တိမ်းရှောင်နေရသူတို့ရဲ့ နေ့စဉ်ဝမ်းရေးပြဿနာ
“မဖူလုံပါဘူး၊ စားရရုံလောက်ပဲ” လို့ ပြောလာသူကတော့ မယ်စဲ့မြို့နယ်အတွင်းက စစ်ရှောင်စခန်း တနေရာမှာ ခိုလှုံနေတဲ့ စစ်ရှောင်အမျိုးသားတဦးပါ။
လတ်တလောမှာတော့ စစ်ရှောင်တွေဟာ စုဆောင်းသိုလှောင်ထားတဲ့ လက်ကျန်စားနပ်ရိက္ခာတွေ၊ နေ့စားအလုပ်တွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းကြတဲ့အခါ အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုပေမဲ့ နေ့စားအလုပ်တွေဟာလည်း သူတို့အတွက် အချိန်တိုင်း ရှိမနေပြန်ပါဘူး။
တချို့သော စစ်ရှောင်စခန်းတွေကတော့ နေ့စားလိုက်နိုင်ဖို့ကို စခန်းတွင်းတာဝန်ရှိသူက စစ်ရှောင်မိသားစုတိုင်း သွားရဖို့ အလှည့်ကျ စီမံဆောင်ရွက်ပေးပါတယ်။ ဒါမှသာလျှင် တန်းတူညီမျှတဲ့ အခွင့်အရေးကို ရရှိကြမှာ ဖြစ်ပါတယ်။ နေ့စားခတွေကတော့ အလုပ်အကိုင်အပေါ် မူတည်ပြီး ရရှိကြတာပါ။ အများဆုံး ကျပ် တသောင်းခွဲအထိ ရရှိကြပါတယ်။ သူတို့ရတဲ့ ကျပ် တသောင်းခွဲဟာ မိသားစုများသူတွေအဖို့ ဒီကနေ့ ကုန်စျေးနှုန်းအရ လုံလောက်တဲ့ တရက်စားဟင်းအတွက်တောင် မရစေနိုင်ပါဘူး။
လက်ရှိအချိန်အထိ အလှူရှင်တွေရဲ့ အကူအညီအထောက်အပံ့က စစ်ရှောင်တွေအတွက် ဆက်လက်ရှင်သန်နေစေရေးပါပဲ။ အလှူရှင်တွေအနေနဲ့ကလည်း ရေရှည်ထောက်ပံ့နိုင်မှုကို မဆောင်ရွက်နိုင်တဲ့အခါ စစ်ရှောင်တွေဟာ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာတွေနဲ့ စိုးရိမ်ပူပန်နေကြရပါတယ်။
ဒီးမော့ဆိုမြို့ နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းနှစ်ခုမှာတော့ စစ်ဘေးရှောင်တွေဟာ တပတ်ကျော်ကြာအောင် ဆန်ပြတ်လပ်နေပြီး ဆန်ပြုတ်ကိုဘဲ စားခဲ့ကြရတယ်လို့ သိရပါတယ်။
“ဒီစခန်းနဲ့ အနီးနားကစခန်းဆို ဆန်ပြုတ်စားခဲ့ရတာ တပတ်၊ တပတ်ကျော်လောက် ရှိပြီ။ တယောက်ပြီး တယောက် လိုက်ကြည့်ကြတယ်။ သူများဆန်ပိုတာဆို သိပ်မရှိဘူး။ တယောက်နဲ့ တယောက် ကူညီဖို့လည်း သိပ်မရှိတော့ဘူးလေ။ ဆန်ပြုတ်ဘဲ နေ့တိုင်းစားရတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ရှောင်တွေရဲ့ အကူအညီတောင်းခံမှုကြောင့် Job For Kayah အဖွဲ့ကနေ ဆန်ပြုတ်သောက်နေရတဲ့ စစ်ရှောင်စခန်း နှစ်ခုကို လိုအပ်တဲ့ ဆန်ရိက္ခာအကူအညီ သွားရောက်ထောက်ပံ့ပေးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာ အဆိုပါအမျိုးသမီးက သူမတို့ စခန်းမှာကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားခဲ့တာပါ။
စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာရင်
စစ်ဘေးရှောင်ဆိုတာဟာ ခေတ္တခဏ တိမ်းရှောင်ပြီး နေရပ်ပြန်နိုင်ကြဖို့ကို မျှော်လင့်ထားကြပါတယ်။ အချိန်ကာလအားဖြင့်တော့ လေးနှစ်ကျော်ကြာ တိမ်းရှောင်နေရသူတွေ ရှိသလို ၂၀၂၅ ခုနှစ်မှ စတင်တိမ်းရှောင်ရသူတွေလည်း ရှိပါတယ်။ ဆယ်နဲ့ချီသော နှစ်တွေအထိသာ တိမ်းရှောင်ရရင် စစ်ဘေးဒုက္ခသည်တွေအဖြစ် ရှင်သန်ရပြီး ရေရှည်စားနပ်ရိက္ခာအတွက်ကိုပါ ထည့်သွင်း စဉ်းစားရတော့မှာပါ။ လတ်တလောမှာတော့ အလှုူရှင်တွေရဲ့ အကူအညီတွေနဲ့ ဖြေရှင်းလို့ ရနေပါသေးတယ်။
“လူထုက အခုက စိတ်ဓာတ်ရေးရာအရ မြောနေပြီ၊ ဆုတ်လည်းစူး-စားလည်းရူး တဲ့ အခြေအနေ။ အခုလိုပြောတာက ရပ်တန့်နေမှာမဟုတ်ဘူးနော်။ ဆက်လျှောက်မှာပဲ။” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်အမျိုးသားတဦးက လက်ရှိစစ်ရှောင်နေရတဲ့ လူထုတွေရဲ့ အခြေအနေကို သုံးသပ်ပြောဆိုထားပါတယ်။
“ရေရှည်ဝမ်းစာရေးအတွက် အုပ်ချုပ်ရေးကဏ္ဍမှာ ဦးဆောင်နေသူတွေက ဘယ်လိုပြင်ဆင်ထားသလဲ။” ဆိုတဲ့ မေးခွန်းကလည်း လတ်တလော အခြေအနေမှာ အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။

ပြည်တွင်းမှာ ရွေ့လျားတိမ်းရှောင်သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ နေရာတခုကို မရရှိနိုင်ပါဘူး။ စစ်ကော်မရှင်တပ်က နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု လုပ်ဆောင်နေတာကြောင့်ပါ။ စားဝတ်နေရေးအတွက် တောင်ယာခင်း၊ လယ်ယာခင်းတွေဆီကို သွားရောက်စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ အရပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာ ရသူတွေရှိလာသလို၊ ဖမ်းဆီးနှိပ်စက်ခံရသူတွေလည်း ရှိပါတယ်။ စစ်ရှောင်တွေအနေနဲ့ ရတဲ့နည်းလမ်းနဲ့ ဝမ်းရေးကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြပေမဲ့လည်း အခုလို အသက်အန္တရာယ်အတွက် စိုးရိမ်ရပြန်ပါတယ်။
တဖက်နိုင်ငံတွေဆီကူးပြီး ခိုလှုံခွင့်ရလာရင်တော့ အတိုင်းအတာတခုအထိ လုံခြုံတယ်လို့ဆိုနိုင်ပေမဲ့ နောက်ဆက်တွဲ စိုးရိမ်ချက်တွေလည်း ရှိလာပြန်တာကိုတော့ နယ်စပ်ဒုက္ခသည်စခန်းက လက်တွေ့ပြသ ပေးခဲ့ပြီးပါပြီ။
လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာရင်ဆိုင်နေရတဲ့ လူဦးရေ ပဉ္စမမြောက် အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ ၁၆.၇ သန်းဟာ ဝမ်းစာမဖူလုံတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၂၄ ခုနှစ်မှာ ၁၃. ၃ သန်း ကနေ ၂၀၂၅ မှာ ၁၆.၇ သန်းအထိ သိသိသာသာ တိုးမြင့်လာခဲ့တာပါ။ အဲ့ဒီအထဲမှာမှ လူဦးရေ ၂.၈ သန်းဟာ ထမင်းတနပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။ ဒီအချက်အလက်တွေဟာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ရဲ့ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ထားတဲ့ အချက်တွေကို ပြန်လည်ကိုးကားဖော်ပြတာ ဖြစ်ပါတယ်။