spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမြေယာအရေး ဖြေရှင်းဖို့ ခိုင်မာတဲ့ ယန္တရားတခုရှိဖို့ လိုအပ်ကြောင်း မြေယာအရေးလှုပ်ရှားသူတွေပြော

မြေယာအရေး ဖြေရှင်းဖို့ ခိုင်မာတဲ့ ယန္တရားတခုရှိဖို့ လိုအပ်ကြောင်း မြေယာအရေးလှုပ်ရှားသူတွေပြော

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်မှာ မြေယာအရေးကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးနိုင်တဲ့ ယန္တရားတခု အမြန်ဆုံးပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့ မြေယာအရေးလှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့တွေက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ မြေယာရောင်းဝယ်မှုတွေ များလာသလို နောက်ဆက်တွဲ ဖြစ်လာတဲ့ မြေယာအရေးကိစ္စတွေကို ဓလေ့ထုံးတမ်းအရ ဖြေရှင်းတာ၊ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့တွေကနေ ဖြေရှင်းပေးနေတာရှိပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ကယားပြည်လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ယက် ( KEAN ) ရဲ့ ညှိနှိုင်းရေးမှူး စောအယ်စေးက ပြောပါတယ်။

“အရင်ကတော့ ဒေသခံတွေကပဲ ပိုင်တဲ့မြေတွေဖြစ်တယ်။ ဒါပေမဲ့အခုက ပိုင်ဆိုင်မှုတွေ ရောယှက်လာနေပြီဖြစ်တယ်။ ဆိုတော့ ဒီအပေါ်မှာ စီမံခန့်ခွဲမှု ဘယ်လိုလုပ်မလဲပေါ့နော။ ဒါကလည်း ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်တယ်။ နောက်တခုကမြေယာအသိမှတ်ပြုမှုကို ကြည့်မယ်ဆိုလို့ရှိရင် ဒေသခံကို အသိမှတ်ပြုသလို ခုနက မြေဝယ်ထားတဲ့သူတွေရဲ့ အခွင့်အရေးကိုလည်း ကျနော်တို့ လစ်လျူရှုလို့မရပြန်ဘူးလေး။ ဒါက အနာဂတ် ကရင်နီပြည်မှာ စီမံကိုင်တွယ်ရမယ့် အရာတခုဖြစ်တယ်။ အခုချိန်ထိလည်း ဒီကိစ္စတွေက ဆက်သွားနေတုန်းဖြစ်တယ်။ အရောင်းအဝယ်တွေလုပ်နေကြတုန်းဖြစ်တယ်” လို့ စောအယ်စေး ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီက ဒေသခံတွေရဲ့ လူမှုစီးပွား လိုအပ်ချက်ကြောင့် မြေယာရောင်းဝယ်မှုတွေ ပိုမိုတွင်ကျယ်လာပါတယ်။ ဒါ့ကြောင့်လည်း ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သူတွေနဲ့ မြေပိုင်ရှင်အသစ်တွေကြား မြေယာပိုင်ဆိုင်မှုပြဿနာတွေလည်း လတ်တလောမှာ ပြန်လည်ပေါ်ပေါက်လာနေတာကြောင့် မြေယာအရေးဖြေရှင်း‌‌ပေးနိုင်ပြီး ခိုင်မာတဲ့ ယန္တရားတစ်ခုပေါ်ပေါက်ဖို့လိုနေပြီလို့လည်း စောအယ်စေးကပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ ဘိုးဘွားအစဉ်အဆက်က ပိုင်ဆိုင်ထားတဲ့ မြေယာတွေကို ထုတ်ရောင်းလာကြတာကြောင့် အဲ့ဒီမြေပေါ်မှာ ယာယီ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ထပ်ဆင့်ရွေ့ပြောင်းပေးရတာတွေလည်း ရှိလာတယ်လို့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ KEAN က ပြုလုပ်တဲ့ “ကရင်နီဌာနေတိုင်းရင်းသားတို့၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်မြင့်တင်နိုင်ရန်ချဥ်းကပ်ခြင်း” ဆိုတဲ့ စာအုပ်မိတ်ဆက်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲမှာ မြေယာအရေးလှုပ်ရှားဆောင်ရွက်သူတွေက ပြောသွားပါတယ်။

ကရင်နီပြည်မှာ မြေယာရောင်းဝယ်မှုတွေ ထွန်းကားလာပေမယ့် မြေယာဝယ်ယူသူတွေဟာ ဒေသခံတွေအပြင် ဒေသခံမဟုတ်တဲ့သူတွေ ပါဝင်နေတာဖြစ်လို့ တိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုက အပြင်လူတွေနဲ့ ရောယှက်နေမှာဖြစ်ပြီး ပြဿနာတွေလည်း ထပ်မံကြုံလာရနိုင်တယ်လို့ KEAN ရဲ့ ညှိနှိုင်းရေးမှူး စောအယ်စေးက ဆက်ပြောပါတယ်။

“မြေမရောင်းဖို့ကို ကျနော်တို့တိုက်တွန်းတယ်။ စည်းရုံးလှုံ့ဆော်တာတွေလည်း ရှိတယ်လေးနော။ အဓိက ကျနော်တို့ မြေတွေကို ဒီတော်လှန်ရေးမပြီး‌သေးပဲနဲ့ ရောင်းဝယ်မှုတွေ မလုပ်ဖို့ပေါ့နော။ အဓိက ကိုယ့်မြေကို ထိန်းထားဖို့လိုတယ်။ ဆက်ရောင်းနေရင်တော့ မြေကအများအားဖြင့်တော့ အပြင်ထွက်သွားမှာပေါ့နော။ အခုက ကိုယ့်ကျေးရွာ ကိုယ့်အုပ်စုနဲ့ ကိုယ်ပိုင်တဲ့မြေတွေက အများလာပိုင်တဲ့ဟာတွေ အများကြီးရှိလာတဲ့ အခြေနေတစ်ခုဖြစ်တယ်။ မြေများများရောင်းရင်တော့ ကျနော်ထင်တယ်။ ဝယ်နိုင်တဲ့သူကလည်း များများဝယ်သွားမှာပဲ။ ကြာလာရင်တော့ ကျနော်တို့မြေတွေတော့ လျော့သွားမယ့် အခြေနေမှာရှိတယ်” လို့ စောအယ်စေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း တိုင်းရင်းသားဒေသခံ အချင်းချင်းကြား မြေယာပိုင်ဆိုင်မှုအငြင်းပွားမှုဖြစ်စဉ် ရှိခဲ့ပြီး အငြင်းပွားမှုမှာ လက်နက်ကိုအသုံးပြုခဲ့တာကြောင့်လည်း တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

ဒီလိုမျိုး‌ မြေယာနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေက အာဏာမသိမ်းခင်ကတည်းက ရှိနေတဲ့ ပြဿနာတစ်ခုဖြစ်လို့ မြေယာအရောင်းအဝယ် ရောယှက်နေတဲ့ ကြားကာလကနေတဆင့် အနာဂတ်ကရင်နီပြည် ပြန်လည်ထူထောင်ရေးမှာ မြေယာအ‌ရေးခင်းဖြေရှင်းရဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် အဖြစ်ရှိနေနိုင်တယ်လို့လည်း မြေယာအရေးဆောင်ရွက်သူတွေက သုံးသပ်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ