ကန္တာရဝတီတိုင်း(မ်)
ယခုရက်ပိုင်းအတွင်း ၊ ဒီးမော့ဆိုမြို့ ၊ ငွေတောင်ကျေးရွာအနီးအနားမှာ မကြာခဏ တောမီး လောင်နေတာကြောင့် စစ်ဘေးတိမ်းရှောင်နေရသူတွေဟာ နေရပ်က မိမိတို့အိမ်တွေဆီ မီးကူးလာမှာကို စိုးရိမ်နေကြပါတယ်။
” စိတ်ပူတာပေါ့၊ အိမ်ကလည်း ဆောက်ထားတာ မကြာသေးဘူး၊ နေရတာလည်း မကြာသေးဘူး။ ထွက်ပြေးရတာလည်း မကြာသေးတော့ အိမ်ကရှိသေးလား ၊ မရှိတော့လားလည်းမသိ။ တွေ့လဲ မတွေ့ရတော့ဘူး။ အဲ့လိုပေါ့နော်။ နောက် အိမ်တစ်လုံး၊ တစ်လုံးဆောက်ရတာလည်း မလွယ်ဘူးပေါ့နော်။ တအားကုန်တယ်ကော။” လို့ စစ်ဘေးတိမ်းရှောင်နေတဲ့ ငွေတောင်ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ဘေးတိမ်းရှောင်နေရတာ အချိန်ကြာမြှင့်နေပြီး မိမိတို့ရဲ့နေအိမ် ခြံ ကို ပြန်မရှင်းနိုင်တဲ့အတွက် နွေရာသီရောက်ရှိတိုင်း ကျန်ရစ်တဲ့နေအိမ်တွေ တောမီးကူးစက်လောင်မှာကို စိုးရိမ်နေကြတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက ငွေတောင်ကျေးရွာ ၊ ဘုရားကုန်းရပ်ကွက်က နေအိမ်ရှိရာဖက်ကို တောမီး ကူးစက်လောင်နေတာကြောင့် မီးသတ်သမားတွေက မီးလိုက်လံငြိမ်းရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ငွေတောင်ကျေးရွာမှာ နေရပ် ပြန်လာနေထိုင်ကြသူတွေ များပြားသလို နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်ရသူတွေလည်း ရှိနေတာပါ။
“ခြုံမရှင်းရတာကြာတော့ အိမ်လည်းလောင်သွားပြီလားမသိဘူး” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အခြေစိုက် စစ်ကော်မရှင်ရဲ့ ခမရ (၄၂၇) တပ်ရင်းအနီးအနားကနေ ကျေးရွာရှိရာဖက်ကို တောမီးကူးစက်လောင်ကျွမ်းခဲ့ပါသေးတယ်။
ယခင်ကတည်းက နှစ်စဉ် နွေရာသီရောက်ရှိတိုင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တောမီးကူးစက်လောင်ကျွမ်းမှုကို ကြုံတွေ့နေရတာကြောင့် တောမီးအန္တရာယ်ကို ကာကွယ်ဖို့အတွက် မီးတားလမ်းတွေ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ တာဝန်ရှိသူတွေက အသိပေးကြပါတယ်။




