ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့၊ မတ်လ ၈ ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ဖြစ်ပါတယ်။ မြေပြင်တွေမှာလည်း သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းအသီးသီးကနေ “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ်အဖြစ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို ဂုဏ်ပြုသောအားဖြင့် ဘယ်လိုပြောဆိုချင်ပါသလဲ ၊ အမျိုးသမီးတွေက ဘယ်လို အခက်ခဲ ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရလဲ ဆိုတဲ့ မေးခွန်းနဲ့အတူ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတချို့ရဲ့ စကားသံကို စုစည်းဖော်ပြထားပါတယ်။
အဂ္ဂသာနုနု ( IEC ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနရဲ့ ဌာနမှူးကြီး)

“ နိုင်ငံတကာအမျိုးသမီးများနေ့ကိုတော့ ကျမအနေနဲ့ ကတော့ ဂုဏ်ပြုတယ်ပေါ့နော်။ ဒါ တစ်ကမ္ဘာလုံးဆိုင်ရာ နှစ်ပေါင်းမနည်းဘူး အမျိုးသမီးအခွင့်အရေးတွေ ကျား/မတန်းတူညီမျှမှုတွေရဖို့အတွက် တိုက်ပွဲဝင်ပြီးတော့မှ ဆောင်ရွက်လာတာ နှစ်ပေါင်းမနည်းတော့ဘူးပေါ့နော်။ ကျမတို့ မှတ်ရမယ့်သမိုင်းဖြစ်သလို နေ့ထူးနေ့မြတ်ဖြစ်တယ်ပေါ့နော်။ တစ်ကမ္ဘာလုံးမှာရှိတဲ့အမျိုးသမီးတွေကို ကျမတို့ အနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့တော့ ဂုဏ်ပြုသင့်တယ်။ ကျမတို့ကျရာကဏ္ဍ မှာ ပြီးတော့ဒီအဖက်ဖက်ကနေ တိုင်းပြည်ထူထောင်ရေးကိစ္စတွေ တရားမျှတမှုကို ဖော်ဆောင်ပေးနေတဲ့အမျိုးသမီးတွေ အစစရာရာပေါ့နော် အများကြီးရှိတယ်။ ဂုဏ်ပြုထိုက်တဲ့အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒီကျဆုံးသွားတဲ့အမျိုးသမီးတွေ အများရှိသလို ဆက်လက်လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေလဲ အများကြီးရှိတယ်။ ကမ္ဘာနဲ့ရင်ဘောင်တန်းကြည့်လာမယ်ဆိုရင် ဒါတွေက ကျမတို့မမေ့သွားတဲ့ နေ့တစ်နေ့ပေါနော့။
ကျမတို့နိုင်ငံအနေအထားနဲ့ဆိုရင် အထူးသဖြင့် ဒီစစ်အာဏာသိမ်းမှုကို ကျမတို့ရင်ဆိုင်လာတာက ကျဆုံးသွားပြီးတဲ့ ရဲဘော်တွေရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကျမတို့ကြိုးစားပြီးတော့အသက်ရှင်တယ်။ ကျမတို့လူပီသအောင် ကျမတို့ ဆက်နေကြတယ်ဆိုတာလဲ ကျမမြင်တွေ့ရတယ်ပေါနော်။ ကိုယ်ရဲ့ပြည်နယ်အတွက်လည်း လူပီသအောင်လည်း ကျမတို့နေထိုင်နေရတယ် အဲ့တာက ကျမတို့ဆက်လက်ရှင်သန်ဖို့အတွက်ပေါ့။ လူပီသအောင်နေထိုင်တဲ့ပုံစံကို ကျမတို့ဆက်လက်ရှင်သန်ဖို့လဲ လိုအပ်တယ်လို့တော့ ကျမယူဆတယ်ပေါ့နော်။ ကျမတို့လည်း ဒီအမျိုးသမီးထဲက အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့် ဒီပုံစံမျိုးစုံနဲ့ဖြတ်ကျော်နေတဲ့ အမျိုးသမီးထုတွေနဲ့ ကျမတို့ အတူတူဆက်ပြီးတော့မှ လုပ်ဆောင်သွားကြမယ်။ တစ်ယောက်နဲ့တစ်ယောက် ကျမတို့ ထောက်ပံ့မှုတွေ ပြုကြမယ်။ ကျမတို့ဒီအမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနမှာလည်း ဒီအတွက်ဘဲ ရပ်တည်နေတာဖြစ်တယ်ဆိုတော့ ဒီအမျိုးသမီးတွေနဲ့အတူ ရပ်တည်တယ်။ ကလေးတွေနဲ့အတူ ရပ်တည်တဲ့လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားဖို့လည်းရှိတယ်။”
မူထရီဇာ (ကယန်းအမျိုးသမီးအစည်းအရုံး – KyWO)

“ဒီ မတ်လ၈ရက်နေ့ မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ အမျိုးသမီးတိုင်းက တူညီတဲ့ကောင်းကင်တွေရှိပြီးတော့ လွတ်လပ်တဲ့ အိမ်မက်တွေရှိတယ်ဆိုတာကို ပြောလိုပါတယ်ပေါ့နော်။ လက်ရှိအမျိုးသမီးတွေက ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်နေရလဲ လို့ပြောရင် ကျမ အချက်၃ချက်နဲ့ ပြောပါ့မယ်ပေါ့နော်။ ဆိုတော့ နံပါတ် ၁ အချက်က အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုတွေက တခြားအမျိုးသားတွေရဲ့ ဘဝလုံခြုံမှုထက် ပေါ့နော် ကြီးမားတဲ့ စိန်ခေါ်မှု တွေ ဖြစ်နေတယ်ဆိုတဲ့ တစ်ချက် ရှိမယ်။ နောက်တစ်ချက်က ဒီ နံပါတ် ၂ပေါ့နော် ဆိုတော့ နိုင်ငံရေး အကြပ်တည်း ကာလမှာ ကိုယ့်ဘဝလုံခြုံမှုထက် မိသားစုရဲ့ လုံခြုံမှု ကို ငဲ့ ရတယ် ပြန်ကြည့်ရတယ်ဆိုတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိ သလို မိသားစုရဲ့ စားဝတ်နေရေး ကိစ္စရပ်တွေကို ဖြေရှင်းနေရတယ် ဦးဆောင်ပြီးတော့ သွားနေရတယ် ဆိုတဲ့ စိန်ခေါ်မှုတွေ ကလည်းရှိတယ်ပေါ့နော်။ ဆိုတော့ နောက်ဆုံးတချက်က အမျိုးသမီးတွေ ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်တွေကို ယုံကြည်မှု မပေးနိုင်တဲ့ အခြေအနေတွေ လည်းရှိတယ်ပေါ့နော်။
ဆိုတော့ လုပ်ဆောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်တွေကို ဘယ်သူတွေက ယုံကြည်မှုမပေးနိုင်ဘူးလဲ ဆိုတဲ့ ဟာကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသားခေါင်းဆောင်တွေနဲ့ အမျိုးသားတွေက ယုံကြည်မှုမပေးနိုင်ဘူးဆိုတဲ့ အခြေအနေတွေ ပြန်တွေ့ရတယ်။ တစ်ဖက်မှာလဲ အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသမီးတွေ ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို ယုံကြည်မှုမပေးနိုင်ဘူးဆိုတဲ့ အခင်းအကျင်းတွေ ကလည်း တချို့နေရာတွေ တချို့အခြေအနေတွေမှာ ရှိတယ်ဆိုတဲ့ဟာတွေကို တွေ့ ရတယ်ပေါ့နော်။ ဆိုတော့ ပြန်ပြီးတော့ ချုပ်မယ်ဆိုရင် အဓိက ဒီအချက် ၃ချက်တွေနဲ့ အမျိုးသမီးတွေက ဒီစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့တော့ ပြောလို့ရတယ်ပေါ့နော်။”
မော်ဖရေမြာ (KNWO -ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဌ)

“မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အနေနဲ့ အမျိုးသမီးတစ်ဦးအဖြစ် ပြောချင်တာကတော့ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကို ထမ်းဆောင်နေသူတွေဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းဟာ မိမိတို့ရဲ့ အခွင့်အရေး၊ လုံခြုံရေးနဲ့ တန်းတူညီမျှမှုကို လေးစားခံရတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ နေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ အမျိုးသမီးများနေ့ကလည်း အမျိုးသမီးတွေရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုပြီး တန်းတူညီမျှမှုရရှိဖို့ ဆက်လက်ကြိုးပမ်းရမယ့်နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမျိုးသမီးတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ လုံခြုံရေးမရှိခြင်း၊ လိင်အခြေပြု အကြမ်းဖက်မှုများ၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများမှာ မညီမျှမှုတွေက အဓိက စိန်ခေါ်မှုတွေဖြစ်နေပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ အမျိုးသမီးတွေအနေနဲ့ နေရာရွှေ့ပြောင်းနေထိုင်ရမှု၊ စားဝတ်နေရေး အခက်အခဲတွေကိုလည်း ပိုမိုကြုံတွေ့နေရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အသံကို ပိုမိုကြားနေ ဆုံးဖြတ်ချက်ချရာနေရာတွေမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။”




