ကန္တာရဝတီတိုင်း (မ်)
ရှမ်းကရင်နီနယ်စပ်ဖြစ်တဲ့ မိုးဗြဲဘက်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ပြီးခဲ့တဲ့ မေလ (၁၃)ရက်နေ့မှာ တော်လှန်ရေးတပ်တွေနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတောင်သူတွေဟာ သူတို့ရဲ့ တောင်ယာ စိုက်ခင်းတွေကို ထားခဲ့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
“ဒီမှာက ဘာအလုပ်မှ မရှိဘူးကျနော်တို့ ထောက်ပံ့ကြေးကိုပဲ မျော်နေရတယ်။ စိုက်ခင်းဆို အကုန်လုံး ထားခဲ့ရတယ်။” လို့ မိုးဗြဲ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
အဆိုပါထွက်ပြေးတိမ်ရှောင်နေသူတွေဟာ ယခင်ကတည်းက စစ်ဘေးရှောင်နေကြသူတွေဖြစ်ပေမဲ့ တောင်ယာလုပ်ငန်းလုပ်ကိုင်လိုတာကြောင့် ဒေသတွင်းမှာ ပြန်လာနေထိုင်သူတွေဖြစ်ပါတယ်။
စပါးကိုသာ အဓိက စိုက်ပျိုးခဲ့ကြသလို တချို့ကတော့ ခြံကို ရှင်းပြီးဒီတိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။
တောင်ယာစိုက်နေစဉ်မှာ ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်အုပ်စုရဲ့ စစ်ကြောင်းကပိုနီးလာတာကြောင့် ထွက်ပြေးရတာဖြစ်တယ်လို့လဲ သူကပြောပြပါတယ်။
ယခုလက်ရှိမှာတော့ ထပ်မံ တိမ်းရှောင်ရတဲ့ မိုးဗြဲ စစ်ရှောင်တွေဟာ ကြုံရာအလုပ်နဲ့ အလှူရှင်တွေဆီက ရတဲ့ ထောက်ပံ့မှုတွေနဲ့သာ ဝမ်းရေးဖြေရှင်းနေကြရတာဖြစ်ပါတယ်။






