ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ ၂၀၂၆ ခုနှစ်အတွင်း စိုက်ပျိုးနိုင်တဲ့ ဧရိယာတွေ နည်းလာတာကြောင့် ၂၀၂၆ အလွန်နဲ့ ၂၀၂၇ နှစ်တွေမှာ စားနပ်ရိက္ခာ အကြပ်အတည်းကြုံလာရနိုင်တယ်လို့ ကရင်နီကြားပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဌာနက ပြောပါတယ်။
မြင့်တက်လာတဲ့ကုန်စျေးနှုန်းတွေနဲ့ စိုက်ပျိုးသီးနှံတွေအတွက် ဓာတုသွင်းအားစုတွေ၊ စက်သံးဆီ တွေလည်း စျေးတက်လာတာကြောင့် တောင်သူတွေရဲ့ စိုက်ဧရိယာတွေ ပိုနည်းလာရတယ်လို့ သူကဆက်ပြောပါတယ်။
“သေချာ တစ်ခုကတော့ စားနပ်ရိက္ခာ ဖူလုံဖို့ကတော့ စိန်ခေါ်မှု အကြီးတစ်ခု ဖြစ်လာလိမ့်မယ်ပေါ့။ ခက်ခဲ လိမ့်မယ်။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပမာဏနဲ့ ပြည်တွင်း စားသုံးမှု ပမာဏနဲ့က တွက်ခြေ မကိုက်တဲ့ အနေအထား ဖြစ်သွားလိမ့်မယ်။ ဌာန အနေနဲ့ကလည်း တောင်သူတွေကို အမြဲတမ်း supporting(အထောက်အပံ့) ပေးနိုင်ဖို့ အတွက် တောင်သူတွေနဲ့ အမြဲတမ်း ပူးပေါင်းပြီး မှ ဆောင်ရွက်နိုင်ဖို့ အတွက် ကြိုးစားသလို တောင်သူတွေနဲ့ လည်း အမြဲ အဆင်ပြေရင်ပြေ သလို စိုက်ပျိုးပေးကြဖို့လည်း တိုက်တွန်းချင်တယ် ပေါ့လေ” လို့ IEC ရဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဌာန၊ ဒု – ဌာနမှူး ၁ ကိုတင့်ဆွေက ပြောပါတယ်။
တောင်သူတွေက ဓာတုသွင်းအားစုကို လျော့ချသုံးစွဲကြရာကနေ ပြည်တွင်းစိုက်ဧရိယာတွေ နည်းလာသလို တစ်ဖက်မှာလည်း နယ်မြေလုံခြုံမှုမရှိတာကြောင့် မစိုက်ပျိုးနိုင်တဲ့ဧရိယာတွေရှိသလို၊ စိုက်ပျိုးလို့ရတဲ့ နယ်မြေတွေမှာလည်း အရင်းအနှီးမရှိလို့ မစိုက်ပျိုးနိုင်တာတွေကို ကြုံနေရတယ်လို့လည်း ကိုတင့်ဆွေက ဆက်ပြောပါတယ်။ ဒါ့ကြောင့် တောင်သူတွေအနေနဲ့ စိုက်ပျိုးနိုင်တဲ့ ဧရိယာတွေမှာ အတတ်နိုင်ဆုံး စိုက်ပျိုးပေးကြဖို့ကိုလည်း တပါတည်းတိုက်တွန်းထားပါတယ်။
ဖရူဆိုမြို့နယ်ထဲမှာလည်း စိုက်ပျိုးနိုင်ဖို့ ပြင်ဆင်ရမယ့် အချိန်ကာလရောက်နေပြီဖြစ်ပေမဲ့ စစ်အုပ်စုက စစ်ကြောင်းထိုးနေတာကြောင့် စိုက်ပျိုးဖို့အတွက် ပြင်ဆင်မှုတွေမလုပ်နိုင်ဘဲ လုံခြုံရေးကို စိုးရိမ်နေကြရတယ်လို့ ဖရူဆိုဒေသခံတောင်သူ အမျိုးသားတစ်ဦးကပြောပါတယ်။
“ပြန်လုပ်ဖို့အနည်းအကျင်းတော့ရမယ်ထင်တယ်။ စစ်ကြောင်းရွာထဲတော့ မရောက်သေးဘူးပေါ့။ ပြန်ဆုတ်တယ်။ ပြန်ထိုးဖို့ကများမယ်။ လက်နက်ကြီး၊ ဒရုန်းတော့ ကြောက်ရတာပေါ့” လို့ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ကလည်း ၂၀၂၅ စိုက်ပျိုးနှစ်ထဲမှာ တောင်သူတွေရဲ့ စိုက်ပျိုးဧရိယာတွေမှာ စစ်ကြောင်းဝင်ရောက်တာ၊ ရိတ်သိမ်းရာသီမှာ ဖမ်းဆီးခံရတာ၊ စိုက်ပျိုးဧကရေနစ်မြှုပ်တာတွေကြောင့်လည်း တောင်သူအများစုက ဆန်၊စပါး ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့လည်း မေ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေက စားနပ်ရိက္ခာမလုံလောက်မှုနဲ့ အကြွေးတင်တာတွေကိုလည်း ရင်ဆိုင်ကြုံတွေနေရတယ်လို့လည်းပြောပါတယ်။
အာဏာသိမ်းပြီးနောက် စိုက်ဧကထောင်နဲ့ချီ ရှိတဲ့ မိုးဗြဲဒေသမှာလည်း ဘီလူးချောင်းရေကြီးမှုကြောင့် စိုက်ခင်းဧကတွေ နှစ်မြှုပ်မှုတာတွေလည်း နှစ်စဥ်ဖြစ်လာနေသလို အာဏာသိမ်းတပ်စစ်ကြောင်းကြောင့် ရိတ်သိမ်းရာသီမှာ တောင်သူတွေထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် ဆုံးရှုံးမှုတွေ ဆက်တိုက်ကြုံလာရတာလည်းဖြစ်ပါတယ်။






