ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စာရေးကိရိယာတွေ အထူး လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆီကနေ သိရပါတယ်။
လိုအပ်တဲ့ ကျောင်းသုံး စာရေးကိရိယာတွေထဲ နှစ်စဉ် ပြန်လည်အသုံးပြုနေတဲ့ ကျောင်းဖတ်စာအုပ်ဟာ လက်ရှိမှာ ဟောင်းနွမ်းပြီး ပြန်သုံးလို့ မရတော့ဘူးလို့ ကျောင်းတာဝန်ခံက ပြောပါတယ်။
“ကျောင်းက အဓိက လိုတာကတော့ ဖတ်စာအုပ်ပေါ့နော်။ KG ကနေ Grade 12 ထိပေါ့နော်။ အဲ့တာလည်း ဒီးကျောင်းမှ မဟုတ်ဘူး။ ကျောင်းတိုင်းလိုတယ်၊ ဒါပေမဲ့ သူများကျောင်းဆို ရှိသေးတယ်ပေါ့နော်။ အဟောင်းတွေပဲ အမြဲ သုံးရတယ်ပေါ့နော်။ ကျောင်းစဖွင့် အာဏာစသိမ်းကတည်းက ၅ နှစ် ၆ နှစ်ဝင်နေပြီဆိုတော့ အဟောင်းတွေပဲ သုံးလာတာ လုံးဝမကောင်းတော့ဘူးပေါ့နော်။” လို့ ကျောင်းတာဝန်ခံ က ဆိုပါတယ်။
ဒါ့အပြင် ဗလာစာအုပ်၊ ဘောပင်၊ marker pen မှင်ရည် တွေလည်း အထူးလိုအပ်ကြောင်းကိုလည်း ကျောင်းတာဝန်ခံဆီကနေ သိရပါတယ်။
ကျောင်းဗလာ စာအုပ်ကိုတော့ တစ်စုံကို အနည်ဆုံး မြန်မာငွေ ကျပ် ၂သောင်းရှိပြီး ဘောပင်လည်း တစ်ချောင်းကို အနည်းဆုံး မြန်မာငွေ ကျပ် ၇၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
ကျောင်းကို လာမည့် မေလကုန်မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
“တတ်နိုင်သေးတဲ့ မိဘတွေကိုတော့ ကိုယ့်ကိုယ် ဝယ်ခိုင်းမလာ၊ မတတ်နိုင်တဲ့ ကလေးကိုတော့ သူများနဲ့ အတူ ရေးခိုင်းမလာ ဥပမာ ဗလာစာအုပ်တစ်အုပ်ကို နှစ်ဘာသာ ပေါင်းရေးခိုင်းမလာ အဲ့လိုတော့ အရင်လုပ်ရမှာပေါ့နော်။”လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။
အဆိုပါ စာသင်ကျောင်းမှာ ကျောင်းသုံး စာရေးကိရိယာတွေအပြင် ထပ်မံ တိုးချဲ ဖွင့်လှစ်မည့် ၁၂ တန်းရဲ့ ဝိပ္ပံတွဲ အတွက် Mathematics (သင်္ချာ) ဘာသာရပ် နဲ့ Physics (ရူပဗေဒ)ဘာသာရပ်ကို သင်ကြားပေးနိုင်မည့် ဝန်ထမ်း ၂ဦးလည်း လိုအပ်နေတာပါ။
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် လက်ရှိထိ ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသားပေါင်း ၂၁၅ ဦး ရှိနေပြီး ထပ်မံ လာရောက် အပ်နှံဖို့ ရှိနိုင်ကြောင်းကိုလည်း ကျောင်းတာဝန်ခံဆီကနေ သိရပါတယ်။






