ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ဆေးခန်းကို ရောက်ရှိလာတဲ့ လူနာတွေ ၁၀ ယောက်မှာ ၈ ယောက်လောက်က ငှက်ဖျား ဖြစ်နေတယ်လို့ သိရပါတယ်။
တချို့လူနာတွေကို သွေးစစ်စရာတောင် မလိုပဲ ရောဂါလက္ခဏာကြောင့် ငှက်ဖျားဆိုတာ တန်းပြီး ပြောနိုင်တယ်လို့ ဒေါက်တာ ရဲဇော်က ပြောပါတယ်။
“အခုချိန်မှာ ဖျားတာတောင် သိပ်အခြေအနေ မပြပဲနဲ့ နည်းနည်း ချမ်းနေပြီ ခေါင်းကိုက်နေပြီ ဆိုရင်တောင်မှ ဒီကောင် ငှက်ဖျားပဲလို့ တွေးလို့ ရတယ်။ ကျနော့်ဆီကို ဖျားလို့ လာပြတဲ့ လူနာတွေထဲမှာ ၁၀ ယောက်မှာ ၇ ယောက် ၈ ယောက်လောက်က ငှက်ဖျားပဲ။ ကျနော် တခါတလေ သွေးတောင် စစ်စရာမလိုဘူး။ မျက်နာကြည့်လိုက်တာနဲ့ မင်းဘယ်နားက စစ်ရှောင်ကလည်း ဘယ်နားလေး နေနေတာလည်း ပြောလိုက်တာနဲ့ မင်းငှက်ဖျားပဲ စစ်စရာ မလိုဘူးလို့တောင် ပြောလိုက်လို့ရတယ်။ အလို အခြေအနေ မျိုးထိကို ဖြစ်နေတာ။ ကျနော့်ဆီကို ရောက်လာတဲ့ ရာခိုင်နှုန်း နဲ့ ပြောရမယ်ဆိုရင် ၇၀ ၊၈၀ ရာခိုင်နှုန်း လောက်ရှိတယ်။ ” လို့ ဒေါက်တာရဲဇော်ကပြောပါတယ်။
မိုးတွင်းကာလလည်း ဖြစ်တာကြောင့် ခြင်တွေဟာ နေရာတိုင်းမှာ ရှိနေတာပါ။ ငှက်ဖျား ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ဆိုရင် ခြင်ကိုက် မခံရအောင် နေဖို့ လိုတယ်လို့ သူကဆိုပါတယ်။
လက်ရှိဆေးခန်းက သိုလှောင်ထားတဲ့ ဆေးဝါးတွေလည်း လုံလုံမှုမရှိဘူးလို့ ဆိုပေမဲ့ ရှိတဲ့ဆေးတွေနဲ့ ကုသပေးနေရတယ်လို့ဆိုပါတယ်။
ကရင်နီပြည် လွိုင်ကော် အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတွေမှာတော စစ်ရှောင် ဦးရေ ၁ သောင်းကျော် ရှိနေပြီး ခြင်ထောင်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။






