ကန္တာရဝတီတိုင်း(မ်)
တိမ်တွေအုပ်မှိုင်းနေတဲ့ မိုးရာသီ မနက်ခင်း တစ်ခုရဲ့ အစ “အန်ဇာဒိုး စက်ချုပ်သင်တန်းကျောင်း” ဆိုတဲ့ ခရမ်းရောင်ဗီနိုင်း ကပ်ထားတဲ့ အိမ်လေးတစ်လေးတစ်လုံးထဲမှာ စက်ချုပ်သံတွေဆူညံလို့နေပါတယ်။ ဒီစက်ချုပ်သင်တန်းကို ကတ်သလစ်ဘာသာဝင် သီလရှင် တစ်ဦးဖြစ်တဲ့ စစ္စတာစိမ့်စမ်းရေက ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ဒီစက်ချုပ်သင်တန်းမှာတော့ အမျိုးသမီးတွေချည်းပါပဲ။ ဒီသင်တန်းလေးဖွင့်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ အာဏာသိမ်းကာလအတွင်း လမ်းပျောက်နေတဲ့ အမျိုးသမီးတွေ၊ မုဆိုးမတွေ အတွက် အလုပ်ကိုင်အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး ကိုယ်ပိုင်ဝင်ငွေလေးရရှိလာဖို့ဖြစ်တယ်လို့ စစ္စတာစိမ့်စမ်းရေ ကပြောပါယတ်။
“စစ်ရှောင်လူထုတွေနဲ့ အတူတူ မြေပြင်မှာသွားနေတဲ့ အခါ သွားနေတဲ့ အခါအဲ့ လိုသွားရင်းနဲ့ ဘယ်လိုတွေတွေ့လာလဲ ဆိုတော့ အမျိုးသမီးငယ်လေးတွေကော တချို့မုဆိုးမတွေ တချို့ တော်တော်လေးအကူညီလိုအပ်တဲ့ သူတွေ သူတို့ကို တွေ့တဲ့ အခါကျတော့ ကိုယ်ဘာလုပ်ပေးနိုင်မလဲ ဆိုတာပေါ့။ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေမှာ ကျောင်းလဲဆက်မသွားတော့ဘူး။ မြေပြင်မှာလဲ ဘာအလုပ်အကိုင်မှလဲ မရှိပေါ့နော်။ ကိုယ်ကတော့ စိတ်မကောင်းဘူးပေါ့နော်။ ကိုယ်ကသီလရှင်ဆိုတော့ ဆုတောင်းတာပေါ့။ သူတို့အတွက် ဘာလေးလုပ် ပေးဖို့ အခွင့်အလမ်းရမလဲပေါ့။ အဲ့လိုဆုတောင်းရင်းနဲ့ စက်ချုပ်သင်တန်းချုပ်သင်တန်းကတော့ အဆင်ပြေတယ်ပေါ့။ အလှပြင်ဆိုင်သင်တန်းလဲ စာသင်ကျောင်းတစ်ခုအတွက် ပေးခဲ့ ဖူးတယ်ပေါ့။ ဒါပေမဲ့ လူထုအတွက်က အဆင်မပြေဘူး အရင်းများတယ်။ လူတိုင်းလုပ်နိုင်တဲ့ အလုပ်မဟုတ်ဘူပေါ့။ အဲ့ကြောင့် စက်ချုပ်လေးကတော့ မဆိုးဘူးလို့ တွေးမိရင်းနဲ့ မနှစ်ကတော့ အမှတ်စဥ် (၁)ပေါ့ ဒီနှစ်က အမှတ်စဥ်(၂)ပေါ့”လို့ စစ္စတာ စိမ့်စမ်းရေ ကပြောပါတယ်။
စက်ချုပ်သင်တန်းဟာ အခြားစက်ချုပ်သင်တန်းတွေနဲ့ မတူတဲ့ ထူးထူးခြားခြားအချက်လေးတစ်ခုလဲ ရှိနေပါတယ်။ အဲ့ဒါကတော့ သင်းတန်းတက်ရောက်သူတိုင်းကို သင်းတန်းတက်ရောက်ပြီးစီးသွားရင် စက်ကို အပိုင်ပေးလိုက်တာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဖြစ်တဲ့ အတွက် သင်တန်းပေးလိုက်ပြီး ပြီးသွားတာထက် သင်တန်းပြင်ပမှာလဲ တပိုင်တနိုင်လေး ပြန်လုပ်ကိုင် နိုင်ဖို့ အတွက် ရည်ရွယ်ပြီးပေးတာဖြစ်တယ်လို့ စစ္စတာ စိမ့်စမ်းရေက ပြောပါတယ်။
“အန်ဇာဒိုး စက်ချုပ်သင်တန်း” သင်တန်းမှာ သင်တန်းသူ တစ်ပတ်စဥ်ကို (၁၀) ဦးနှုန်းနဲ့ ခေါ်ယူနေတာဖြစ်ပြီး အခုဆိုရင် အဆိုပါသင်တန်းဟာ အမှတ်စဥ်(၂)ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အမှတ်စဥ်(၂)မှာ သင်တန်းတက်ရောက်သူတွေကတော့ အားလုံးနီးပါးအိမ်ထောင်သည်တွေဖြစ်ကြပါတယ်။
တချို့ကတော့ လင်ယောက်ျားဆုံးပါးသွားပြီး အလုပ်အကိုင် အခွင့်အလမ်းမရှိတာကြောင့် လမ်းပျောက်နေသူတွေနဲ့ စစ်လက်နက်ကြွင်းကျန်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ သူတွေရဲ့ ဇနီးမယားတွေ တက်ရောက်ကြပါတယ်။
သင်တန်းသူတွေထဲက ဦးနှောက်အကြိတ်ကင်ဆာနဲ့ အမျိုးသားဆုံးပါးသွားပြီဖြစ်တဲ့ ဒေါ်မောနိကာလည်းပါဝင်ပါတယ်။ သူမကတော့ စက်ချုပ်သင်တန်းတက်ပြီးရင် ကိုယ်ပိုင်ဝင်ငွေရလမ်းတစ်ခုကို ရှာဖွေလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။
“အမအမျိုးသားက ဦးနှောက်အကြိတ်ကင်ဆာနဲ့ ဆုံးသွားတယ်။ ဒါကြောင့် အခက်ခဲရှိတယ်။ ဆေးခန်း ဆေးရုံသွားပို့လိုက်တယ်။ တစ်ရက်နှစ်ရက်ပဲ သွားအိပ်တယ်။ နှစ်သိန်း နှစ်သိန်းခွဲတောင်ကုန်တယ်။ လူများဟာပဲ တောင်းချေးလိုက်တယ်။ တောင်းချေးဖို့မရှိရင် ရက်ချိန်းပုံမှန်မသွားဘူးဆို ပိုပိုဆိုးလာတယ်။ ဒါကြောင့် အခက်ခဲတွေအများကြီးလဲ ဖြစ်ခဲတယ်။ သူမရှိတဲ့ နှောက်ပိုင်းဆို ဘာဝင်ငွေမှလဲ မရှိဘူး။ မရှာတတ်ဘူး။ သားမိနှစ်ယောက်ပဲရှိတော့ ရုန်းကန်တယ်။ နောက်လွယ်ပလိုင်းနည်းနည်းပါးပါး ယက်တယ်။ ကြက်ပဲမွေးပြီး ရောင်းစားတယ်” လို့ ဒေါ်မောနိကာ ကပြောပါတယ်။
အမျိုးသားရဲ့ သားမဆုံးခင်က ချေးငှားခဲ့ရတဲ့ ဆေးကုသစရိတ်အကြွေးတွေကိုလဲ ဒေါ်မောနိကာတစ်ယောက်ရုန်းကန် ဆပ်ခဲ့ရသလို ဆွေးမျိုးတွေရဲ့ အကူညီကိုလဲ ယူခဲ့ရတယ်လို့ ပြောပြပါတယ်။
ဒေါမောနိကာလိုပဲ မိသားစုမှာ ရုန်းကန်ဖို့ ဖြစ်လာတဲ့ သင်တန်းသူ အမျိုးသမီးတစ်ဦးရှိနေပါတယ်။ သူမကတော့ ဒေါ်ကလားရာမူဒ ပဲဖြစ်ပါတယ်။ သူမရဲ့ အမျိုးသားဟာ မိသားစုဝမ်းရေးအတွက် ရွာမှာ ပြောင်းဖူးပြန်စိုက်ရင်း၊ မြေမြုပ်မိုင်းနင်းမိကာ ခြေထောက်ဆုံးရှုံးသွားပြီဖြစ်ပါတယ်။
“တအားခက်ခဲဆုံး ဒီစစ်ရှောင်ကာလ မကြာသေးဘူးပေါ့နော။ အမျိုးသားက စားဝတ်နေရေး ပြန်ရှာရင်းနဲ့ မိုင်းထိသွားတယ်ပေါ့နော် ခြေထောက်မှာ။ အခုဆိုဆေးရုံ ဆင်းတာလဲ မကြာသေးတော့ အရမ်းဒုက္ခရောက်တယ်ပေါ့နော်” လို့ ဒေါ်ကလားရာမူဒ ကပြောပါတယ်။
ဒေါ်မောနိကာ နဲ့ ဒေါ်ကလားရာမူဒ နှစ်ယောက်စလုံးဟာ စက်ချုပ်သင်တန်းကို တက်ရောက်ပြီးစီးသွားရင် သူတို့ဖြစ်ချင် လုပ်ချင်ရည်မှန်းချက်တွေလဲ ရှိနေပါတယ်။ စက်ချုပ်သင်တန်းပြီးနောက် ဆက်လုပ်သွားချင်တဲ့ ရိုးရှင်းတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဒေါ်ကလားရာမူဒက ခုလိုပြောပါတယ်။
“စဥ်းစားထားရည်ရွယ်ထားတာကတော့ ဆိုင်သေးသေးလေးဖွင့်ပြီး ဝက်တွေမွေးပြီးတော့ စက်လဲချုပ်၊ အချိန်ပြည့် စက်မချုပ်နိုင်ရင် ဝက်တွေမွေးပြီးတော့ သူများအဝတ်အထည်လာအပ်ရင် အဝတ်အထည်ချုပ်မယ် အဲ့ လိုမျိုးပေါ့”လို့ ဒေါ်ကလားရာမူဒကပြောပါတယ်။
သင်တန်းမှာတော့ လျှပ်စစ်မလိုတဲ့ ခြေနင်းအပ်ချုပ်စက်တွေကို အသုံးပြုသင်ကြားပေးပါတယ်။
ဒေါ်မောနိကာနဲ့ ဒေါ်ကလားရာမူဒ နှစ်ဦးစလုံးရဲ့ ခြေနဲ့နင်းပြီးလည်ပတ်နေတဲ့ စက်ချုပ်သံအလျောက် ကျလာတဲ့ အပ်ချဥ်မျှင်ချုပ် ကွက်တိုင်းဟာ သူမတို့ နှစ်ဦးလုံးရဲ့ ဝမ်းစာရေး ရည်မှန်းချက်တွေပါဝင်နေပါတယ်။
ပြီးစီးခဲ့တဲ့ အပတ်စဥ်(၁)ရဲ့ သင်တန်းသူတွေဟာ ယခုချိန်မှာ ကိုယ်ပိုင် ဆိုင်တွေဖွင့်ပြီး စက်ချုပ်ကာ အသက်မွေးဝမ်းကျောင်း စတင်နေကြသူတွေလဲ ရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ်မောနိကာနဲ့ ဒေါ်ကလားရာမူဒတို့ တက်နေတဲ့သင်တန်းအပတ်စဉ် ၂ က သင်တန်းသူတွေလည်းအလားတူ တစ်ခု အသက်မွေးမှုဖြစ်တည်လာဖို့ ရည်ရွယ်ထားကြပါတယ်။
ကရင်နီပြည်ထဲက လမ်းပျောက်နေသူတချို့ အတွက်တော့ “အန်ဇာဒိုး စက်ချုပ်သင်တန်း”ဟာ မျော်လင့်ချက်လေး လမ်းစလေး တစ်ခုဖြစ်နေပါတော့တယ်။




