spot_img
Homeဆောင်းပါးပိတ်သိမ်းတော့မယ် ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေနဲ့ ဒုက္ခသည်လူထုတွေရဲ့ရှေ့ရေးအလားအလာ

ပိတ်သိမ်းတော့မယ် ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေနဲ့ ဒုက္ခသည်လူထုတွေရဲ့ရှေ့ရေးအလားအလာ

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို အပြီးအပိုင် ပိတ်သိမ်းနိုင်ဖို့ကို ထိုင်းအစိုးရက စီမံဆောင်ရွက်နေပြီးတော့ လက်ရှိမှာ အစီအမံရဲ့ လုပ်ငန်းစဥ် တစိတ်တပိုင်းကိုလည်း အာဏာပိုင်တွေက စတင်အကောင်ထည်ဖော်နေကြပြီလို့ နယ်စပ်ဒုက္ခသည်အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက‌ ပြောပါတယ်။

အမေရိကန် အကူအညီရပ်ဆိုင်းလိုက်တဲ့ နောက်ဆက်တွဲကြောင့် အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ထိုင်းနယ်စပ်မှာ မှီတင်းနေထိုင်တဲ့ မြန်မာဒုက္ခသည်တွေဟာ ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်နိုင်ဖို့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးထားတာကလည်း ဒီအစီအမံရဲ့ လုပ်ဆောင်ချက်တစိတ်တပိုင်း ဖြစ်လာပါတယ်။

တဖက်မှာလည်း ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးထားတဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစပြီး အခုမေလ အထိ မယ်ဟောင်ဆောင်ခရိုင်ထဲက ကရင်နီ ဒုက္ခသည်စခန်း ၂ခုမှာ အလုပ်ထွက် လုပ်ကိုင်သူ စာရင်းနည်းနေသေးလို့ အလုပ်လုပ်ကိုင်မှုနှုန်း ပိုများလာအောင် အာဏာပိုင်တွေကလုပ်ဆောင်လာတယ်လို့လည်း ဒုက္ခသည်စခန်းကော်မတီဝင်တစ်ဦးကပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက အခု ၂၀၂၆ မေလလယ် ကစပြီးတော့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသေးတဲ့ ဒုက္ခသည်လူထုတွေကို အပြင်ထွက်သွားလာခွင့် လုံးဝပိတ်ပင်ကန့်သတ်ထားလိုက်ပါတယ်။

စခန်းပြင်ထွက်သွားလာချင်ရင် ထိုင်းနိုင်ငံသား သူ‌ဌေးတစ်ယောက်ရှာပြီးတော့ အလုပ်သမားကဒ်နဲ့ ပန်းရောင်ကဒ် ခေါ် ၁၀ နှစ်ခံကဒ်ကို မဖြစ်မနေလုပ်ရတော့မယ်လို့ ညွှန်ကြားလိုက်တယ်လို့ ဒုက္ခသည်စခန်းကော်မတီဝင်တစ်ဦးကပြောပါတယ်။

အခုလို ကန့်သတ်မှုတွေထပ်လုပ်လိုက်တာက စခန်းထဲက လူထုတွေက အလုပ်လုပ်ကိုင်ခွင့် တရားဝင်အထောက်အထားတွေ ပိုလုပ်လာမယ့် အားသာချက်ကတော့ ရှိပေမဲ့ အားနည်းချက်တချို့လည်း ရှိတယ်လို့ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းရှိ အမျိုးသမီးတစ်ဦး ကပြောပါတယ်။

“အကောင်းထဲကတော့ အပြင်ထွက် အလုပ်လုပ်ဖို့က ပိုပြီး စိတ်လုံခြုံမူ ခံစားရတာပေါ့နော်။ တရားဝင် လက်မှတ်တွေ မရှိပဲ မိသားစုအတွက် စခန်းရဲ့ အပြင်ဖက်ကို အလုပ်လုပ်ဖို့ ထွက်ရတဲ့အခါ ဘယ်အချိန်မှာ အဖမ်းခံရမယ် ဆိုတဲ့ စိုးရိမ်စိတ်ကတော့ လျော့သွားတာပေါ့နော်။ အကောင်းထဲကနေ အဆိုးကို ပြောရမယ်ဆိုတော့ ဘာသာစကား အခက်အခဲလို့တော့ ပြောရမယ်ထင်တယ်။ ကျမတို့ စခန်းနေ လူထုအများစုက ထိုင်းဘာသာ စကားကို သိပ်လေ့လာ မထားတော့လေ။ တစ်ချို့ကျတော့ အခြေခံတွေ ရှိထားပါတယ်။ အများစုကျတော့ ခက်တာပေါ့နော်။ ဒီ ဘာသာစကားပြောဆိုတဲ့ပိုင်းမှာ” လို့ ပြောပါတယ်။

အမေရိကန်အကူအညီရပ်ဆိုင်းမှုကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာ့ဒုက္ခသည်အရေးနဲ့ပတ်သတ်ပြီး ၂၀၂၅ ခုနှစ်ကတည်းက စီမံကိန်းစချခဲ့ကြတာဖြစ်ပါတယ်။ အရေးပေါ်ရန်ပုံငွေရှာဖွေရေး ကာလတိုစီမံကိန်း၊ စစ်ပြေးဒုက္ခသည်တွေ အလုပ်လုပ်ကိုင်ခွင့်ရရှိနိုင်မဲ့ ကာလလတ်စီမံကိန်းနဲ့ နယ်စပ်ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းမဲ့ ကာလရှည် စီမံကိန်း တို့ကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ထိုင်းအာဏာပိုင်တွေက ရေးဆွဲခဲ့တာဖြစ်ပါတယ်။

“ရေတိုမှာ အလုပ်လုပ်ဖို့အတွက်ဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တစ်နှစ်မပြည့်သေးဘူးပေါ့နော။ ဒီအတွင်းမှာ ကျနော်တို့ ပြန်သုံးသပ်တယ်။ ပြီးတော့ ရေလတ်မှာ တစ်နှစ်ကနေ ငါး နှစ်အတွင်းဆိုတာ စခန်းတွေကို ပေါင်းစည်းဖို့ပေါ့နော။ စခန်းပေါင်းစည်းမယ်။ ကျနော်တို့ ကရင်နီ ဒုက္ခသည်စခန်းနှစ်ခုပေါ့နော။ ဘန့်မယ့်စရင်း နဲ့ ဘန့်မိုင်နန်းဆွိုင် စခန်းနှစ်ခုကိုတစ်ခုထဲပြန်ပေါင်းမယ်။ ရေရှည်မှာဆိုရင် စခန်းမရှိစေရတော့ဘူးပေါ့နော” လို့ ကရင်နီဒုက္ခသည်စခန်း ကော်မတီဝင် အမျိုးသားတစ်ဦးက ပြောပါတယ်။

စခန်းပိတ်သိမ်းမယ်ဆိုပေမဲ့ အလုပ်မလုပ်နိုင်တော့တဲ့၊ အထူးလိုအပ်ချက်ရှိတဲ့ ဒုက္ခသည်တွေကိုတော့ နေရာတစ်ခုတည်းမှာ အတူနေစေပြီးတော့ ထိုင်းအာဏာပိုင်တွေက ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေကို အပြီးပိုင်ပိတ်ဖို့ လုပ်တယ်ဆိုတာကလည်း စခန်းထဲမှာနေထိုင်ကြတဲ့ မြန်မာ့ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲပြန်ပို့မယ့် အနေအထားမတွေ့ရဘူးလို့ နယ်စပ်ဒုက္ခသည်အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက‌ ပြောပါတယ်။ စခန်းကို ပိတ်သိမ်းလိုက်တာက မြန်မာဒုက္ခသည်တွေအတွက် အခွင့်အ‌ရေးတွေရှိလာနိုင်သလို ဒုက္ခသည်တွေရဲ့ စိုးရိမ်ပူပန်မှုကလည်း ရှိနေတယ်လို့ နယ်စပ်ဒုက္ခသည်အရေးစောင့်ကြည့်လေ့လာသူ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ကောင်းတာတစ်ခုက စခန်းထဲမှာ နေတဲ့သူတွေပေါ့။ UN (UN အထောက်အထား) ရှိတဲ့သူတွေ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ထိမ်းမြားလို့ရတယ်။ အိမ်ထောင်ကျလို့ရတယ်။ တရားဝင်လက်ထပ်ထိမ်းမြားလို့ရတဲ့ အနေအထားတွေရှိလာမှာပေါ့နော။ အဲတာက ဘာကို အကျိုးပြုစေမလဲဆိုရင် အနာဂတ်မှာ သူတို့မွေးဖွားလာမဲ့ ကလေးတွေက ထိုင်းနိုင်ငံသားဖြစ်သွားနိုင်တယ်။ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးတို့ကိုပေါ့နော ခံစားခွင့်ရှိလာနိုင်တယ်။ ဒါကောင်းကျိုးပေါ့။ ဆိုးကျိုးကတော့ စခန်းထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တယ်။ နိုင်ငံတကာရဲ့ အကူအညီနဲ့ နှစ်ပေါင်းများစွာနေလာခဲ့တဲ့ အခါမှာ ဒီလို ရုတ်တရက်ကြီး အပြင်မှာကိုယ့်ဟာကို ရှာစားရမယ်။ ကိုယ့်ဟာကို ရပ်တည်ရမယ့်ဟာတွေ၊ ကိုယ့်ကိုယ် ရုန်းကန်ရမဲ့ဟာတွေ ရှိလာတော့ သူတို့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတော့ အစပိုင်းမှာတော့ ရှိလာမှာပေါ့နော” လို့ပြောပါတယ်။

အရင်ကတည်းက မြန်မာဒုက္ခသည်တွေဟာ စခန်းအတွင်းမှာ ကလေးမွေးဖွားရင် ထိုင်းနိုင်ငံကပေးတဲ့ မွေးစာရင်းမရကြပါဘူး။ ဒုက္ခသည်အဖြစ် အသိမှတ်ပြုကြောင်း United Nation (UN) က ပြုလုပ်ပေးတဲ့ ကဒ်ရှိတဲ့ သူတွေကတော့ ကလေးမွေးဖွားရင် UN အသိမှတ်ပြုစာရင်းထဲဝင်ပါတယ်။

ဒါကြောင့်လည်း အခုလို စခန်းပြင်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရတာကနေတစ်ဆင့် နောင်မွေးဖွားလာမဲ့ကလေးတွေကလည်း ထိုင်းနိုင်ငံ အသိမှတ်ပြု မွေးစာရင်းကို ရလာနိုင်တယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက သုံးသပ်ထားကြပါတယ်။

“စခန်းကိုပိတ်မယ်ဆိုတဲ့ဟာက ဖိအားတစ်ခုလို မြင်ကောင်း မြင်မယ်ပေါ့နော။ ဒါပေမဲ့ ကျနော်တို့က ဒီအပေါ်မှာ အခွင့်အလမ်း တစ်ခုလိုနဲ့ ကျနော်တို့ မြင်ဖို့လိုတယ်။ လုပ်စရာရှိတာတွေ ကျနော်တို့ သွက်သွက်လက်လက် လုပ်ထားဖို့လိုတယ်။ နောက်ပြီးတော့ စခန်းတွေကို အသွင်ကူးပြောင်းဖို့အတွက် အစီအမံတွေလုပ်ဖို့လိုတယ်။ လေးငါးနှစ် အစီအမံလား အဲလိုမျိုးပေါ့နော။ ဆို‌တော့ ဆိုလိုတာက စခန်းတွင်းမှာရှိနေတဲ့ ကျနော်တို့ ကလေးတွေအတွက် ပညာရေးတို့၊ ကျန်းမာရေးတို့ကိုပေါ့နော၊ တရားဥပဒေစိုးမိုးရေး အဲဒီကိစ္စရပ်တွေပါပါ အစီအမံချဖို့တော့လိုတယ်။ stake holder တွေ အနေနဲ့ ပေါ့နော။ ဥပမာ ကျောင်းတွေမှာဆိုလို့ရှိရင် ကလေးတွေ အတွက်ထိုင်းစာတွေကို ပညာရပ်တစ်ခုအနေနဲ့ စလုပ်လာဖို့ လိုတယ်ပေါ့နော။ တချိန်တခါမှာ ထိုင်းစာတွေကို ဘာသာရပ်တစ်ခုအနေနဲ့ တတ်ထားမယ်ဆိုလို့ ရှိရင် ကျနော်တို့ ထိုင်းနိုင်ငံမှာ အလုပ်ထွက်လုပ်တာပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ကျတာပဲဖြစ်ဖြစ် အဲဒီအတွက် အများကြီး အကျိုးရှိစေတယ်ပေါ့” လို့ နယ်စပ်ဒုက္ခသည်အရေးစောင့်ကြည့်လေ့လာသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ထိုင်းအစိုးရရဲ့ ဒုက္ခသည်စခန်းပိတ်သိမ်းရေးအစီအစဥ်ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက မြန်မာဒုက္ခသည်တွေက စခန်းအချင်းချင်းပေါင်းစည်းနေထိုင်ဖို့ စီစဥ်နေပြီလို့လည်း စခန်းတာဝန်ရှိသူတွေက မြန်မာ သတင်းဌာနတွေကို ဖြေကြားထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ