ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့မှာ နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အိမ်ထိသွားတယ်၊ စုတ်ပြတ်သွားတယ်။ ည ၁၀ နာရီခွဲဝန်းကျင်က ၃ လုံး၊ မနက်ရောက်တော့ ၄ နာရီမှာ တစ်လုံးထပ်ကြဲတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ တောင်ယာလုပ်ငန်းခွင် လုပ်ကိုင်နေကြတဲ့ လူထုရှိရာဖက်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ကင်းထောက်တာတွေကြောင့်လည်း စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စားဝတ်နေရေးအတွက် တောင်ယာစိုက်ပျိုးလုပ်ကိုင်ကြတဲ့ တောင်သူတွေဟာ လုံခြုံရေးသတိထားပြီး လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
“ခုရက်ပိုင်း သတိနဲ့တော့ နေခိုင်းထားတယ်။ အောက်ဖက်တော့ ပို သတိပေးထားကြရတာပေါ့နော”လို့ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ဗုံးကြဲတာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာကို စစ်ကော်မရှင်တပ်က မကြာခဏ လုပ်ဆောင်နေတာကြောင့် သွားလာရေး သတိထားကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် လူနေအိမ် ၉၆ လုံး ပျက်စီးခဲ့ပြီး အဲ့ဒီထဲ ဖရူဆိုမြို့နယ်ထဲက အများဆုံးဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့( KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။






