ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက သုံးနေရာကို စစ်အုပ်စုက ဇွန်လ (၄) ရက်နေ့ ညနေပိုင်း(၅)နာရီခွဲ ဝန်းကျင်အချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“၅နာရီခွဲ ကျော်ကျော် လောက်မှာ ကြဲသွားတယ်ပေါ့နော်။ ပထမဆုံးက ဒေါစီးအီ ဖက် နောက်တစ်လုံးက ကျနော်တို့ ရွာရဲ့ အနောက်ဖက် နောက်ဆုံးတစ်လုံးက ကျနော်တို့ ရွာမှာ” လို့ ကျေးရွာဥက္ကဌတဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
စစ်အုပ်စုက နေရာ သုံးခုကို ဗုံးကြဲခဲ့တာဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့သလို တခြား အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
“သူကအိမ်ပေါ်ကနေ ဆင်းလာပြီး မြင်းခွါရွက်သုပ်စားမို့ နောက် ကြဲတော့ တခါတည်းလဲကျသွားတယ်။ သူ့ယောက်ဖက သူ့ကိုသွားကြည့်တော့ သူ့ယောက်ဖလည်း ထိသွားတာ” လို့ လေယာဉ်ဗုံးစထိမှန်ပြီး သေဆုံးသူအမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဇွန်လအစောပိုင်းမှာပဲ စစ်အုပ်စုက အရပ်သားရှိရာနေရာတွေကို လေကြောင်းတိုက်ခိုက်တာ ၊ ဒရုန်းနဲ့ဗုံးကြဲတာ ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို စစ်အုပ်စုက တိုက်ခိုက်နေတာကြောင့်လည်း ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။






