Homeဆောင်းပါး“စိန်ခေါ်မှုတွေကြားက ရဲဘော်တွေရဲ့ စစ်ဝတ်တန်ဆာအတွက် စက်ချုပ်လုပ်ငန်း ဆက်လက် လုပ်ကိုင်နေတဲ့ အမျိုးသမီးများ”

“စိန်ခေါ်မှုတွေကြားက ရဲဘော်တွေရဲ့ စစ်ဝတ်တန်ဆာအတွက် စက်ချုပ်လုပ်ငန်း ဆက်လက် လုပ်ကိုင်နေတဲ့ အမျိုးသမီးများ”

-

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာ သိမ်းယူလိုက်တဲ့ ၂၀၂၁ နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး အစုအဖွဲ့တွေထဲ ဝင်ရောက်သွားတဲ့ လူငယ်တွေ အများစုကို ပျောက်ကျားယူနီဖောင်းဝတ်စုံတွေနဲ့ မြင်တွေ့နေကြရမှာပါ။ တော်လှန်ရေးကာလ ရှည်ကြာလာတဲ့အလျောက် လူအင်အားများလာတာ၊ ယူနီးဖောင်းဝတ်စုံ ပျက်စီးတာတွေ ရှိလာပါတယ်။

ဒီလို လိုအပ်ချက်တွေကို ဖြည့်ဆီးနိုင်ဖို့ ကယားလီဖုလူငယ်က စက်ချုပ်လုပ်ငန်းထူထောင်ပြီး ကြိုးစားနေပါတယ်။ စက်ချုပ်လုပ်ငန်းကို အမျိုးသမီးတွေပဲ လုပ်ကိုင်ရမယ်လို့ ဥပဒေသတ်မှတ်ချက် မရှိပေမဲ့ အများအားဖြင့် ဒီလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပိုမိုလုပ်ကိုင်နေကြပါတယ်။

ကယားလီဖုလူငယ်ရဲ့ စက်ချုပ်လုပ်ငန်းမှာ အမျိုးသမီးတွေဟာ စစ်ယူနီဖောင်းတွေ၊ စစ်အသုံးအဆောင် ဆက်စပ်ပစ္စည်းတွေကို ချုပ်လုပ်ကြတာပါ။ ဒါပေမဲ့လည်း ကရင်နီပြည်ရဲ့ နေရာတိုင်းနီးပါးမှာ ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး လမ်းခရီး ပိတ်ဆို့မှုတွေ ၊ အတားအဆီးတွေကြောင့် လိုအပ်တဲ့ကုန်ကြမ်းတွေကို အလွယ်တကူမှာယူလို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း လိုအပ်နေတဲ့အချိန်မှာ အချိန်မီမလုပ်ဆောင် ပေးနိုင်တာတွေလည်း ရှိပါတယ်။

“စစ်ဝတ်တန်ဆာနဲ့ ပတ်သက်ပြီးတော့မှ ဒီဘက်ဒေသတွေမှာဆိုရင် ရောင်းချပေးတဲ့ နေရာတွေမရှိဘူး။ မရှိတော့ ကျမတို့က တဖက်တလှမ်းကနေ ရဲဘော်တွေ တော်လှန်ရေးအင်အားစုတွေ ဝယ်ယူလို့ လွယ်ကူနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြီးတော့မှ တဖက်တလှမ်းကနေ ကျမတို့ရဲ့ လုပ်ငန်းတွေကို ကျမတို့ရဲ့ ဒေသမှာရှိတဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလှမ်းတွေ ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီလုပ်ငန်းတွေကို လုပ်ဆောင်ရခြင်းဖြစ်တယ်” လို့ စက်ချုပ်လုပ်ငန်းရဲ့ တာဝန်ခံ မော်ပကူးမိုး က ပြောပါတယ်။

ဒီအခက်အခဲ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် စက်ချုပ်တဲ့လုပ်ငန်းကို ကရင်နီပြည်တွင်း တနေရာမှာ ၂၀၂၃ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ အဆိုရင် ၂ နှစ်ကျော် ရောက်ရှိလာပါပြီ။ စစ်ဝတ်စုံတွေကို ချုပ်ယူရတဲ့နေရာမှာ သာမန်အဝတ်အစားတွေ ချုပ်ယူသလိုမျိုး လွယ်ကူလှတဲ့ အရာတော့ မဟုတ်ပါဘူး။ စစ်ဝတ်တန်ဆာတွေဟာ သာမာန်အဝတ်တွေထက် ပိုမိုထူကဲပြီး ပိုမိုရှုပ်ထွေးပါတယ်။

“လူလည်း ပင်ပန်းတယ်။ စိတ်လည်း ပင်ပန်းတယ်။ ညညဆိုလည်း တကိုယ်လုံးတွေ ညောင်းညာတယ်။ ချေထောက်နဲပဲ နင်းရတာကော။ အ့တာကြောင့် အရမ်းကွာတယ်။ ဘာဖြစ်လို့လည်းဆိုရင် ယူနီဖောင်းတွေက ပိုလည်း ထူသေးတယ်။ ရိုးရိုး အဝတ်အစားတွေထက် ပိုထူတယ်။” လို့ စက်ချုပ်သူ အမျိုးသမီး တဦးဖြစ်တဲ့ မော်ဖရေးမြာက ဆိုတာပါ။

ဒီစက်ချုပ်လုပ်ငန်းကနေ စစ်ယူနီဖောင်း ၊ ကျောပိုးအိတ် ၊ ဘေးလွယ်အိတ် ၊ equipment အမျိုးမျိုး စတာတွေကို နေ့စဉ်ချုပ်လုပ်နေကြတာပါ။ ကျွမ်းကျင်သူတွေကတော့ တရက်ကို ကျော်ပိုးအိတ် (၂) လုံး ချုပ်လုပ်နိုင်ကြပါတယ်။

အဖွဲ့ရဲ့ လုပ်ငန်းရေရှည် ဆက်လက်တည်မြဲနိုင်ဖို့အတွက်အပြင် ရဲဘော်တွေအတွက် အဆင်ပြေစေဖို့ သူတို့ချုပ်လို့ရလာတဲ့ စစ်ဝတ်အသုံးအဆောင်တွေကိုတော့ သင့်လျော်တဲ့ စျေးနှုန်းတခုနဲ့ ပြန်လည် ရောင်းချပေးနေတာပါ။

“ကျမတို့ကတော့ ပစ္စည်းတွေကို မျိုးစုံအလိုက် ပြန်ရောင်းကြတယ်။ ပြန်ရောင်းရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလုပ်ငန်းတွေ ဆက်လက်ပြီးတော့ လည်ပတ်နိုင်ဖို့ အဓိကဦးတည်တာ ဖြစ်တယ်။ ဘာလို့လဲဆိုရင် ကျမတို့ကလည်း မှာယူရတဲ့ ပစ္စည်းတွေက လမ်းကြောင်း ခရီးစရိတ်တွေက တပိုင်းဖြစ်တယ်။ ပြီးတော့မှ ကုန်ပစ္စည်းတွေက ရှားပါးတဲ့ တပိုင်းမှာဆိုရင် ဆက်လက်ပြီးတော့မှ လည်ပတ်နိုင်ဖို့ အဓိကရည်ရွယ်ပြီးတော့မှ ရောင်းချရခြင်းဖြစ်တယ်” လို့ မော်ပကူးမိုး က ပြောပါတယ်။

ကျောပိုးအိတ် ၊ ဘေးလွယ်အိတ် နဲ့ equipment တွေကတော့ ထုတ်ကုန်တွေထဲမှာ ရောင်းအား အကောင်းဆုံးက ဖြစ်နေပါတယ်။

အခြေအနေတွေအရ အဖွဲ့ရဲ့ လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ စစ်သုံးပစ္စည်းတွေကို ရောင်းချနေကြရပေမယ့် ဒါကလည်း တော်လှန်ရေးမှာ တဖက်တလှန်းကနေ ပါဝင်နေတာဖြစ်တယ်လို့ သူတို့က ခံယူထားပါတယ်။

မော်ဖရေးမြာကတော့ စစ်တပ် အာဏာမသိမ်းယူခင်အချိန်မှာကတည်းက စက်ချုပ်ပညာကို တတ်မြောက်ထားသူပါ။

တော်လှန်ရေးမှာ လူငယ်တွေအများစုက လက်နက်ကိုင်ဆောင်ပြီး တိုက်ပွဲဝင်နေကြချိန်မှာ မော်ဖရေးမြာတို့လို တိုက်ပွဲမဝင်နိုင်သူတွေကတော့ သူတို့တတ်မြောက်ထားတဲ့ စက်ချုပ် ပညာရပ်ကို အသုံးချပြီး တော်လှန်ရေးကို ပါဝင်ကူညီနေတာပါ။

“ဒီတော်လှန်ရေးမှာ ကျမက ရဲဘော်တွေက အရှေ့မှာ ပြည်သူတွေအတွက် အသက်ကို ပေးကြတယ်။ ဒါပေမယ့် ကျမကတော့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် တထောင့်တနေရာကနေ ပါဝင်နိုင်ဖို့ ဆိုပြီးတော့မှ အဲလိုစိတ်ထားတွေနဲ့ ဒီစက်ချုပ်တဲ့ အလုပ်ကို လုပ်ဖြစ်သွားတယ်” လို့ မော်ဖရေးမြာ က ပြောပါတယ်။

စက်ချုပ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသူတွေမှာလည်း စိန်ခေါ်မှုတွေ များပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ စက်ချုပ်လုပ်ငန်း ရေရှည်တည်မြဲနိုင်ဖို့ပါပဲ။ ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးတွေ ပေးထားပေမဲ့ လက်ရှိကုန်စျေးနှုန်းတွေနဲ့ယှဉ်ရင် မလောက်ငှနိုင်ပါဘူး။ ၂ နှစ်ကျော် ကြာလာတဲ့အချိန်မှာ စက်ချုပ်ဝန်ထမ်းတွေဟာ ဝမ်းရေးအတွက် စိန်ခေါ်မှုတွေ ပိုများလာသလို ပင်ပန်းလှတဲ့ စစ်ဝတ်တန်ဆာ ချုပ်လုပ်တဲ့ လုပ်ငန်းကို ရေရှည်မလုပ်ကိုင်နိုင်ကြပါဘူး။

ဒါပေမဲ့လည်း မော်ပကူးမိုနဲ့ မော်ဖရေးမြာတို့လို စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတွေကတော့ ခက်ခဲပင်ပန်းမှုတွေကြားက စစ်မြေပြင်က ရှေ့တန်းရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ပုံရိပ်ကို မြင်ယောင်ပြီး အခက်အခဲစိန်‌ခေါ်မှုကိုတွေကို ရင်ဆိုင်အံတုနေကြဆဲ ဖြစ်ပါတယ်။ စက်ချုပ်လုပ်ငန်းရဲ့ ထုတ်ကုန်တွေအပေါ်မှာလည်း အသုံးပြုသူတွေရဲ့ အကြံပြုချက်တွေကို တောင်းခံလေ့ရှိကြပါတယ်။

“ကျမကို အကြံညဏ် ပြန်ပေးရင် ကျမ အရမ်းပျော်တယ်။ ပြီးတော့ သူတို့ယူသုံးတာ အဆင်ပြေတယ် ဆိုရင်လည်း ကျမ ပျော်တယ်” လို့ မော်ဖရေးမြာ က ပြောပါတယ်။

စစ်ဝတ်တန်ဆာချုပ်လုပ်ကြတဲ့ အမျိုးသမီးအဖွဲ့ဟာ တော်လှန်ရေး အတွက် အများကြီး မကူညီနိုင်ရင်တောင် ရဲဘော်တွေအတွက် အကျိုးရှိမယ်ဆိုတဲ့ခံယူချက်နဲ့ ဆက်လက်ပြီး လုပ်ဆောင်သွားနေကြဦးမှာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ