spot_img
Homeဆောင်းပါးရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်တဲ့ စပါးမျိုးနဲ့ စိုက်နည်းကို ပြောင်းလဲအသုံးပြုလာတဲ့ ကရင်နီတောင်သူများ

ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်တဲ့ စပါးမျိုးနဲ့ စိုက်နည်းကို ပြောင်းလဲအသုံးပြုလာတဲ့ ကရင်နီတောင်သူများ

-

ကန္တာရဝတီတိုင်း(မ်)

ရာသီဥတုပြောင်းလဲလာတာကြောင့် မိုးရွာသွန်းမှုပုံစံ မမှန်တော့တာ၊ အပူချိန်မြင့်လာတာနဲ့ ရေရှားပါးလာတာတွေကို ရင်ဆိုင်လာရပြီးနောက် ကရင်နီပြည် ဒီးမော့ဆိုဒေသက တောင်သူတွေဟာ ရာသီဥတုဒဏ်ခံနိုင်တဲ့ စပါးမျိုးတွေနဲ့ ရေသုံးစွဲမှုနည်းတဲ့ စိုက်ပျိုးနည်းတွေကို တဖြည်းဖြည်း ပြောင်းလဲအသုံးပြုလာကြပါတယ်။

German watch ရဲ့ Climate Risk Index အရ မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အထိခိုက်ခံရဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အပူချိန်မြင့်တက်လာတာ၊ မိုးခေါင်တာ၊ ရေရှားတာ၊ ရေကြီးတာ၊ မုန်တိုင်း၀င်တာ နဲ့ မြေပြိုတာတွေ ပိုမိုဖြစ်ပွားလာပြီး ကရင်နီပြည်မှာလည်း မကြာသေးခင်နှစ်တွေကစပြီး အပူချိန်မြင့်လာတာ၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာ၊ ရေရှားပါးလာတာတွေ ဆက်တိုက်ကြုံလာရပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ဒေသခံတောင်သူတွေဟာ အရင်က စိုက်ပျိုးခဲ့တဲ့ ဒေသမျိုးစပါးတွေအစား ရာသီဥတုဒဏ် ပိုခံနိုင်တဲ့ စပါးမျိုးတွေကို ပြောင်းလဲစိုက်ပျိုးလာကြတာပါ။

“ယာကိုးစပါးက ရာသီဥတုဒဏ်ကို ပိုခံနိုင်တယ်။ ပိုးမွှားလည်း သိပ်မကျဘူး။ မိုးခေါင်ရေရှားတဲ့ ဒေသတွေမှာ တောင်ယာစပါးအနေနဲ့ စိုက်လို့ရတယ်။ ဆန်ကလည်း နည်းနည်းမာတော့ ကျနော်တို့ တောင်သူတွေအကြိုက်ဖြစ်တယ်။” လို့ ဒီးမော့ဆိုမြို့နယ်က အသက် ၅၀ အရွယ် တောင်ယာ စိုက်တောင်သူ ဦးစေးဒူက ပြောပါတယ်။

ဦးစေးဒူဟာ ငယ်စဉ်ကတည်းက တောင်ယာစိုက်ပျိုးရေးကို လုပ်ကိုင်လာသူဖြစ်ပြီး လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတစ်ရွာမှာ စိုက်ပျိုးရေးကိုပဲ အသက်မွေးဝမ်းကျောင်းအဖြစ် ဆက်လက် လုပ်ကိုင်နေပါတယ်။
သူ့အဆိုအရ ယာကိုးစပါးမျိုးကို ၂၀၀၉-၂၀၁၀ ခုနှစ်ဝန်းကျင်မှာ Care Myanmar က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ကျေးရွာတချို့မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး အခုဆိုရင် ဒီးမော့ဆို (အရှေ့ ) မြို့နယ်က တောင်သူတွေအထိ စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။

Care Myanmar စီမံကိန်းမှာ တာဝန်ယူခဲ့ဖူးတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကလည်း အစပိုင်းမှာ ဒီးမော့ဆိုဒေသက ကျေးရွာတစ်ရွာမှာ စမ်းသပ်စိုက်ပျိုးခဲ့ရာ ရလဒ်ကောင်းတွေ ရရှိခဲ့တာကြောင့် နောက်ပိုင်းမှာ တခြားကျေးရွာတွေကိုပါ တိုးချဲ့ဖြန့်ဝေပေးခဲ့တယ်လို့ ပြောပါတယ်။

“အဲဒီတုန်းက အဓိကရည်ရွယ်ချက်က တောင်သူတွေရဲ့ အထွက်တိုးဖို့ပါ။ ဒေသမျိုးတွေပဲ စိုက်တော့ အထွက်နည်းတယ်။ ဒါကြောင့် မျိုးအမျိုးမျိုး စမ်းသပ်ခဲ့တယ်။ နောက်ဆုံး ယာကိုးက ဒီဒေသရဲ့ မြေ၊ ရာသီဥတုနဲ့ အသင့်တော်ဆုံးဖြစ်ပြီး အထွက်လည်း ကောင်းတာကြောင့် ဒီနေ့အထိ ဆက်စိုက်နေကြတာပါ” လို့ သူက ပြောပါတယ်။

အဲဒီအချိန်က ရွှေအပ်၊ ရွှေရည်အေး၊ မနောသုခနဲ့ ယာကိုးစတဲ့ စပါးမျိုးတွေကို နှိုင်းယှဉ်စမ်းသပ်ခဲ့ရာမှာ ယာကိုးစပါးက ဒီးမော့ဆိုဒေသနဲ့ အကိုက်ညီဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယာကိုးစပါးဟာ ယာမြေတွေအတွက် ထုတ်လုပ်ထားတဲ့ ယာစပါး (Upland Rice) မျိုးဖြစ်ပြီး ရေသွင်းစိုက်ပျိုးဖို့ မလိုပဲ မိုးရေကို အဓိကအားထား စိုက်ပျိုးနိုင်တဲ့ စပါးမျိုးဖြစ်ပါတယ်။

ကရင်နီတစ်ပြည်လုံးကို မျိုးသန့်စပါးဖြန့်ချိနိုင်ဖို့ ရည်မှန်းထားတဲ့ စိုက်ပျိုးရေး ပါရဂူဘွဲ့ရ ဒေါက်တာစောဦးရယ် ကလည်း ယာကိုးစပါးဟာ ရေရှားတဲ့အခြေအနေကို ပိုခံနိုင်သလို ပင်စည်မာတာကြောင့် ပိုးမွှားကျရောက်မှုလည်း နည်းတယ်လို့ ပြောပါတယ်။

“အဓိကတော့ ယာကိုးက ရေငတ်ဒဏ်ကို ခံနိုင်တယ်။ မိုးသိပ်မကောင်းရင်တောင် အပင်ဖြစ်ထွန်းမှု ကောင်းတယ်။ နောက်တစ်ခုက ပိုးမွှားဒဏ်ပေါ့။ တရုတ်မွှေး၊ ရွှေရင်အေး၊ ရွှေအ(ရွှေအပ်) တို့လို မျိုးတွေမှာ ပိုးကျတာများပေမယ့် ယာကိုးမှာတော့ သိပ်မတွေ့ရဘူး။” လို့ ဆိုပါတယ်။

ဦးစေးဒူတို့ ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အိမ်ထောင်စုအများစုက စပါးစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ မိုးရွာသွန်းမှုပုံစံ မမှန်တော့တာ၊ မိုးနောက်ကျတာနဲ့ ရေရှားလာတာတွေကြောင့် လက်ရှိမှာတော့ အိမ်ထောင်စု ထက်ဝက်ကျော်ဟာ ယာကိုးစပါးကို ပြောင်းလဲစိုက်ပျိုးနေကြတယ်လို့ သူက ပြောပါတယ်။ စစ်ပွဲပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသ ဖြစ်တဲ့အလျောက် စားနပ်ရိက္ခာတွေခက်ခဲနေတဲ့ စစ်ရှောင်တွေ၊ ဒေသခံတွေအဖို့ ပိုမိုသင့်လျော်တဲ့ အနေအထားပါ။

“အရင်က ဒေသမျိုးတွေပဲ စိုက်တော့ အထွက်နည်းတယ်။ မိသားစုများတဲ့အိမ်တွေဆို စားနပ်ရိက္ခာ မလုံလောက်ဘူး။ ချေးငှားစားသောက်ရတာတွေလည်း ရှိတယ်။ နောက်ပိုင်း ယာကိုးစိုက်လာတော့ တစ်ဧက ၁၀ အိတ်လောက်ပဲ ထွက်ရာကနေ ၂၀၊ ၃၀ အိတ်လောက်အထိ ထွက်လာတယ်။ စားနပ်ရိက္ခာလည်း ပိုဖူလုံလာတယ်။” လို့ ဦးစေးဒူက ပြောပါတယ်။

ဒါပေမယ့် ရေအလုံအလောက်ရနိုင်တဲ့ ဒေသတချို့မှာတော့ ရွှေရည်အေး၊ ရွှေအပ် စတဲ့ စပါးမျိုးတွေကို ဆက်လက်စိုက်ပျိုးနေကြဆဲပါ။ အဲဒီစပါးမျိုးတွေက ယာကိုးထက် ဈေးကောင်းရသလို စားသုံးတဲ့အခါ အရသာပိုကောင်းတယ်လို့ တောင်သူတွေက ဆိုပါတယ်။

ဒေါက်တာစောဦးရယ်ကတော့ ရာသီဥတုပြောင်းလဲလာတာကြောင့် အပူချိန်မြင့်လာတာနဲ့ မိုးရွာသွန်းမှုပုံစံ မမှန်တော့တာတွေက စပါးပင်တွေမှာ ပိုးမွှားကျရောက်မှု ပိုများလာစေနိုင်တယ်လို့ ပြောပါတယ်။

ယာကိုးစပါးကတော့ မျိုးဗီဇ သဘောသဘာဝကြောင့် ပင်စည်မာပြီး ပိုးမွှားဒဏ်ခံနိုင်ရည် ပိုကောင်းတာကြောင့် အခြားမျိုးတွေလို ပိုးသတ်ဆေး မကြာခဏသုံးစရာ မလိုဘူးလို့ ဆိုပါတယ်။
တဖက်မှာတော့ ဒေသရင်းစပါးမျိုးတွေ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းဖို့လည်း လိုအပ်တယ်လို့ ဒေါက်တာစောဦးရယ် က ပြောပါတယ်။

“တကယ်တော့ ဒေသမျိုးရင်းစပါးမျိုးတွေကို မဖြစ်မနေ ထိန်းသိမ်းထားရမယ်။ ခေတ်ရေစီးကြောင်းနဲ့ အတူ မျိုးရင်းတွေ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်က အရမ်းများတယ်။ အရင်တုန်းကဆို လယ် ၁၀ ဧက ရှိရင် ကောက်ညှင်း တစ်ဧကတော့ မဖြစ်မနေ စိုက်ရမယ်ဆိုတဲ့ အစဉ်အလာ ရှိခဲ့တယ်။ အခုလည်း မျိုးသစ်တွေ ဘယ်လောက်ပဲ ထွက်လာထွက်လာ ဒေသရင်းမျိုးတွေကို ပြန်ပြီး ထိန်းသိမ်းထားသင့်တယ်။” လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

လက်ရှိမှာတော့ စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးနေရတဲ့အတွက် အထွက်ကောင်းတဲ့ မျိုးတွေကို ပိုစိုက်နေကြပေမယ့် အခြေအနေ ပြန်တည်ငြိမ်လာတဲ့အခါ ဒေသမျိုးရင်းစပါးတွေကို ပြန်လည်လေ့လာ ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
အဲဒီမျိုးတွေဟာ ကရင်နီရဲ့ စိုက်ပျိုးရေးသမိုင်းနဲ့ ဒေသယဉ်ကျေးမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ စပါးမျိုးတွေ ပြောင်းလဲလာသလို စိုက်ပျိုးတဲ့ နည်းလမ်းတွေလည်း ပြောင်းလဲလာပါတယ်။ အဲဒီထဲမှာ အခုနောက်ပိုင်း တောင်သူတွေ ပိုအသုံးပြုလာတာက အခြောက်စိုက်စနစ်ပါ။

၂၀၂၂ ခုနှစ်က ထုတ်ပြန်တဲ့ “Climate, Environmental Degradation and Disaster Risk in Myanmar – A MIMU Analytical Brief “အရ ကရင်နီပြည်ဟာ ရေရှားပါးမှုအန္တရာယ် မြင့်မားတဲ့ဒေသတွေထဲမှာ ပါဝင်နေပြီး မြေပြိုမှုအန္တရာယ်လည်း ကြုံတွေ့နိုင်တဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

အဲဒီအပြင် ၂၀၂၅ ခုနှစ် မတ်လအတွင်း လှုပ်ခတ်ခဲ့တဲ့ မြေငလျင်နောက်ပိုင်းမှာလည်း မြေကျွံပေါက် (sinkhole) တွေ ဖြစ်ပေါ်လာတာ၊ ချောင်းရေတွေ သိသိသာသာ ကျဆင်းတာ၊ တချို့နေရာတွေမှာ ရေခမ်းခြောက်သွားတာတွေကို ထပ်မံကြုံတွေ့ခဲ့ရပါတယ်။

မူလကတည်းက မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာကြောင့် ရေပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူတွေအတွက် အခုလို ချောင်းရေပါ လျော့နည်းလာတာက စပါးစိုက်ပျိုးရေးကို ပိုပြီး ခက်ခဲစေခဲ့ပါတယ်။ ဒါကြောင့် ရေနည်းနည်းနဲ့ စိုက်ပျိုးနိုင်တဲ့ အခြောက်စိုက်စနစ်ကို ပိုပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။

“အခုနောက်ပိုင်း အခြောက်စိုက်တာတွေ ပိုများလာတယ်။ ဒီစနစ်က လူပင်ပန်းတာ၊ အချိန်ကုန်တာ အများကြီးသက်သာတယ်။ အရင်လို ပျိုးထောင်စနစ်ဆိုရင် ရေမလောက်ရင် လုံးဝစိုက်လို့မရဘူး။”လို့ ဒီးမော့ဆိုမြို့နယ်က အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့ တောင်သူ ခူးနျားရယ် က ပြောပါတယ်။

ပျိုးထောင်စနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင် စပါးမစိုက်ခင်ကတည်းက ရေကို လုံလောက်အောင် သွင်းထားရသလို တစ်ဧကစိုက်ဖို့ လုပ်သား ၁၀ ယောက်ဝန်းကျင် လိုအပ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒါပေမယ့် အခြောက်စိုက်စနစ်မှာတော့ မြေစိုရုံနဲ့ မျိုးစေ့ကို တိုက်ရိုက်ကျဲစိုက်နိုင်ပြီး ရေကိုလည်း လိုအပ်တဲ့အချိန်မှသာ အသုံးပြုရပါတယ်။

လုပ်သားလိုအပ်ချက်လည်း ထက်ဝက်ကျော် လျော့ကျသွားတာကြောင့် စိုက်ပျိုးစရိတ်ကိုပါ လျှော့ချနိုင်တယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်က ကျေးရွာတစ်ရွာမှ တောင်သူဒေါ်ဆော်မိုးက ပြောပါတယ်။

“အခြောက်စိုက်စနစ်က မြေပြင်ပြီးတာနဲ့ မျိုးစေ့ကို တခါတည်း ကျဲစိုက်လို့ရတယ်။ လုပ်သား လိုအပ်ချက် နည်းတယ်။ အချိန်ကုန်တာ သက်သာတယ်။ စိုက်ပျိုးစရိတ်လည်း လျော့တယ်။ ရေနည်းနည်းနဲ့ စိုက်လို့ရတော့ မိုးရွာတာနဲ့ တခါတည်း စိုက်ပျိုးနိုင်တယ်။”လို့ ဒေါ်ဆော်မိုးက ရှင်းပြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်က တောင်သူတွေဟာ ရာသီဥတုပြောင်းလဲမှုနဲ့ စစ်ရေးပဋိပက္ခဆိုတဲ့ စိန်ခေါ်မှုနှစ်ခုကို တပြိုင်တည်း ရင်ဆိုင်လာရပါတယ်။

၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့ မိုးဗြဲရေကာတာက ရေလွှတ်တာတွေကြောင့် ဘီးလူးချောင်းတလျှောက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး စပါးခင်းဧကထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

ဆန်စပါးအများဆုံး စိုက်ပျိုးတဲ့ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာတော့ သဘာဝဘေးနဲ့ စစ်ရေးအန္တရာယ်တွေကြားကပဲ နှစ်စဉ် မေလကနေ ဇွန်လအတွင်း စိုက်ပျိုးရေးကို ဆက်လက် လုပ်ကိုင်နေကြပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာန အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မြို့နယ်ငါးမြို့နယ်မှာ စိုက်ပျိုးမြေဧက ၃၆,၀၀၀ ကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး သဘာဝဘေးနဲ့ စစ်ဘေးတွေကြောင့် ဧက ၅,၂၀၀ ကျော် လုံးဝပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီလိုစိန်ခေါ်မှုတွေကြားမှာပဲ တောင်သူတွေဟာ လက်လျှော့မသွားဘဲ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးတာ၊ ရေနည်းနည်းနဲ့ စိုက်လို့ရတဲ့ အခြောက်စိုက်စနစ်ကို ပြောင်းသုံးတာ၊ မျိုးသန့်တွေကို ပြန်လည်ဖြန့်ဝေတာလိုမျိုး နည်းလမ်းတွေနဲ့ အခြေအနေအသစ်ကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေကြပါတယ်။

ယာကိုးစပါးကို နှစ်စဉ် ကိုယ့်စိုက်ခင်းကရတဲ့ မျိုးစေ့ကိုပဲ ပြန်သုံးလာကြတာကြောင့် အချိန်ကြာလာတာနဲ့အမျှ မျိုးမသန့်တော့တဲ့ ပြဿနာတွေ ကြုံလာရပါတယ်။

အဲဒီအတွက် ၂၀၂၅ ခုနှစ်ကစပြီး ဒေါက်တာစောဦးရယ်က ယာကိုးမျိုးသန့်ကို ပြန်လည်ရွေးထုတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်ကစလို့ ဒီးမော့ဆို၊ ရှားတောနဲ့ မယ်စဲ့မြို့နယ်တွေက တောင်သူတွေကို အခမဲ့ ပြန်လည်ဖြန့်ဝေ ပေးနေတယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်နိုင်တာ မဟုတ်သေးပေမယ့် ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် မျိုးစေ့ကို ပြောင်းတယ်၊ စိုက်ပျိုးနည်းကို ပြောင်းတယ်၊ မျိုးသန့်တွေကို ပြန်လည်ဖြန့်ဝေတာတွေ ကရင်နီပြည်သူတွေက လုပ်ဆောင်နေကြပါတယ်။

ကရင်နီတောင်သူတွေအတွက် ဒီပြောင်းလဲမှုတွေဟာ စိုက်ပျိုးရေးနည်းလမ်းသစ်တစ်ခုထက် ပိုပြီးမသေချာတဲ့ ရာသီဥတုနဲ့ စစ်ရေးပဋိပက္ခကြားမှာ အသက်မွေးဝမ်းကျောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အားကိုးရာတစ်ခု ဖြစ်လာနေပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ