ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ တလကျော်အတွင်း ၆ လအရွယ် မိန်းကလေးငယ်တဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေး (၁၀) ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းအရ သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းဖြစ်ပြီး အဆိုပါ သေဆုံးမှုဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။

သေဆုံးသူထဲက ၆လအရွယ် မိန်းကလေးတစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၄ရက်နေ့က ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ စစ်အုပ်စုတပ်ကနေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့ရတာပါ။
“ဘာမှမသိတတ်တဲ့ ကလေးငယ်တွေ ဆယ်ကျော်သက်တွေကော တိုက်ခိုက်ခံနေရတော့ သူတို့မှာ စိတ်ဒဏ်ရာတွေ ဖြစ်ကုန်ကြမှာပဲလေ။အဲ့လို စိတ်တွေထိခိုက်တာကော ဒီနောက်ပိုင်း လုံခြုံရေးအခြေအနေအရ ကျောင်းယာယီပိတ်လိုက်တာမျိုးဆို ပညာရေးပါထိခိုက်လာပြီလေ။ ဒါတွေက စစ်အုပ်စုတွေရဲ့ တိုက်ခိုက်မှုနောက်ဆက်တွဲတွေကြောင့်ပဲ။”လို့ စစ်ရှောင်အရေး ကူညီနေသူ အမျိုးသားတဦးက ပြောပါတယ်။
တလကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်ကလေး (၁၀) ဦးအပါအဝင် အမျိုးသမီး (၂၁) ဦးနဲ့ အမျိုးသား (၃၁) ဦး စုစုပေါင်း (၅၂) ဦး သေဆုံးခဲ့တယ်လို့လည်း AAPP ရဲ့ စာရင်းအရ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် တလအတွင်း နိုင်ငံတဝှမ်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးနဲ့ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ ဦးအပါအဝင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၂ ဦး စုစုပေါင်း ၂၆ ဦးသေဆုံးမှုရှိခဲ့တယ်လို့ ဩဂုတ်လ ၁၂ ရက်နေ့မှာ မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU)က ထုတ်ပြန်ပါတယ်။
နေရာဒေသအရ ကရင်နီပြည်မှာ ၁ ဦး အပါအဝင် စစ်ကိုင်းတိုင်းမှာ ၈ ဦး၊ ပဲခူးတိုင်းမှာ ၈ ဦး၊ရခိုင်ပြည်မှာ ၅ ဦး၊ မန္တလေးတိုင်းမှာ ၂ ဦး၊မကွေးတိုင်းမှာ ၁ ဦးနဲ့ ရှမ်းပြည်မှာ ၁ ဦး ပါဝင်နေပါတယ်။
စစ်အုပ်စုတပ်က တော်လှန်ရေးအင်အားစုနယ်မြေတွေမှာ အရပ်သားရှိတဲ့နေရာတွေကို လေကြောင်း၊ ဒရုန်းနဲ့လက်နက်ကြီး အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်နေဆဲဖြစ်ပါတယ်။ အဲ့ဒီကျူးလွန်မှုတွေကို လက်ရှိမှာ အချက်အလက်တွေနဲ့ မှတ်တမ်းတင်ထားဖို့ အရေးကြီးကြောင့်နဲ့ နောင်တချိန်မှာ တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားပါတယ်။





