spot_img
Homeဆောင်းပါးလယ်ယာလုပ်ငန်း၊ ထင်းခုတ်ခြင်း စတဲ့ရိုးရာအသက်မွေးဝမ်းကျောင်းနဲ့ မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းများ အန္တရာယ်

လယ်ယာလုပ်ငန်း၊ ထင်းခုတ်ခြင်း စတဲ့ရိုးရာအသက်မွေးဝမ်းကျောင်းနဲ့ မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းများ အန္တရာယ်

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေကြောင့် တိုက်ပွဲတွေပြင်းထန်တဲ့ ကရင်နီပြည်မှာ ပြည်နယ်လူဦးရေရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းဟာ နေရပ်စွန့်ခွာနေရဆဲပါ။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း နေထိုင်သူ ၄၂၀,၀၀၀ ခန့်ထဲက ၃၅၀,၀၀၀ ခန့်ဟာ နေရပ်စွန့်ခွာသူတွေ ဖြစ်ပါတယ်။

အဲဒီ နေရပ်စွန့်ခွာသူတွေထဲမှာ ကျေးလက်နေပြည်သူတွေ အများအပြားပါဝင်ပြီး၊ လယ်ယာနဲ့ တောင်ယာလုပ်ငန်းတွေကို အဓိကလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်နေရင်း တချို့သူတွေဟာ နေရပ်ပြန်ပြီး စားဝတ်နေရေးအတွက် တောင်ယာ၊ လယ်ယာလုပ်ငန်းတွေကို အရဲစွန့်ပြီး လုပ်ကိုင်နေကြရတာကို တွေ့ရပါတယ်။

ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ဒေသတွေ၊ လက်ရှိစစ်ရေးဖြစ်ပွားလျှက်ရှိနေတဲ့ ဒေသတွေမှာတော့ တောင်ယာ၊ လယ်ယာလုပ်ငန်းတွေလုပ်ကိုင်ရာမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် လယ်သမားတွေ၊ ထင်းခုတ်သမားတွေ၊ တောထဲသွားလာသူတွေအနေနဲ့ သိထားသင့်တဲ့အချက်အလက်တွေကို မျှဝေပေးသွားပါမယ်။

ဘာကြောင့် လယ်ယာနဲ့ တောတွင်းနေရာများမှာ အန္တရာယ်ပိုများသလဲ။

ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်က မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်ကို အသုံးပြုခဲ့တဲ့ ရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။ အဓိကအားဖြင့် ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတလျှောက်၊ စစ်တပ်စခန်းတွေနဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်း အနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေကို ထောင်ခဲ့၊ အသုံးပြုခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီအထိ ကရင်နီပြည်မှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု ဖြစ်စဉ်တခုသာ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ အန္တရာယ်ဟာ ကျေးလက်ဒေသတွေသာမက မြို့ပေါ်ရပ်ကွက်တွေအထိပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာခဲ့ပါတယ်။

မြေမြှုပ်မိုင်းတွေကို အများအားဖြင့် နယ်မြေထိန်းချုပ်ရေးအတွက် စစ်ရေးအရ အရေးပါတဲ့နေရာတွေ ကျေးရွာဝင်ပေါက်တွေ၊ လမ်းတွေ၊ တောင်ကုန်းတွေ၊ ချောင်းကူးနေရာတွေ၊ လယ်ကွင်းတွေအနီး ထောင်ထားလေ့ရှိပါတယ်။

အဲဒီနေရာတွေဟာ လယ်သမားတွေ၊ ထင်းခုတ်သူတွေ နေ့စဉ်အသုံးပြုနေရတဲ့ နေရာတွေနဲ့ တိုက်ဆိုင်နေတတ်ပါတယ်။ ဒါ့အပြင် စစ်ပွဲအတွင်းကျန်ရစ်ခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ နှစ်ကြာလာတာနဲ့အမျှ မှတ်သားရခက်လာပါတယ်။

တောင်ယာ (သို့မဟုတ်) လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ သတိထားရမည့်အချက်များ။

ယခင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (သို့မဟုတ်) လက်နက်ကိုင်တွေ နေရာယူထားခဲ့တဲ့ လယ်ကွင်း နေရာတွေကို အထူးသတိထားရမှာ ဖြစ်ပါတယ်။ လယ်ယာ၊ တောင်ယာလုပ်ငန်း ပြန်လည်စတင်မယ် ဆိုရင် ယခင်ဒေသခံတွေထံ စုံစမ်းမေးမြန်းတာ၊ ဒေသန္တရ မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ ဆက်သွယ် မေးမြန်းတာတွေပြုလုပ်ပြီးမှသာ လုပ်ငန်းစတင်သင့်ပါတယ်။

လယ်ယာ၊ တောင်ယာ တွေထဲကို သွားတဲ့အချိန်မှာလည်း လူသိများပြီးပုံမှန်သုံးနေကျ လမ်းကြောင်း တွေကိုသာ အသုံးပြုသွားလာပါ။ တောင်ယာနဲ့ လယ်ကွင်းအသစ်တွေ၊ လမ်းအသစ်တွေကို ဖောက်လုပ်တာ (သို့မဟုတ်) ဖြတ်သန်းတာတွေမပြုမီ ဒေသခံတွေနဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

မြေပြင်ပေါ်မှာရှိတဲ့ ထူးခြားချက်တွေကို သတိထားသင့်ပါတယ်။ မြေဆွေးတွေ၊ ကြိုးတွေ၊ သတ္တု အစိတ်အပိုင်းတွေ၊ မြေအနည်းငယ်ပုံနေတဲ့နေရာတွေကိုတွေ့ရင် ချက်ချင်းရပ်တန့်ပြီး ထိတာ၊ ကိုင်တာ လုံးဝမပြုသင့်ပါဘူး။ အဲလိုနေရာတွေဟာ မြေမြှုပ်မိုင်း (သို့မဟုတ်) တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို မြှုပ်ထားနိုင်ပါတယ်။

တောင်ယာခင်း (သို့မဟုတ်) လယ်ထဲသွားတဲ့အခါ တိရစ္ဆာန်တွေကို ရှေ့ဆွဲပြီးလမ်းလျှောက်သွားတာကို ရှောင်ကြဉ်ပါ။ နွား၊ ကျွဲ စတဲ့ တိရစ္ဆာန်တွေကို ရှေ့ကနေဆွဲသွားတာဟာ အန္တရာယ်ရှိတဲ့နေရာတွေကို ကိုယ်တိုင် ဦးစွာဝင်ရောက်တာမျိုး ဖြစ်နိုင်ပါတယ်။

တောထဲ ထင်းခုတ်တာ နဲ့ ဟင်းရှာဖွေမှုအတွက် သတိပြုစရာများ။

တောအတွင်း ထင်းခုတ်သွားတာ (သို့မဟုတ်) ဟင်းစားရှာဖို့ သွားတဲ့အခါမှာ လူသိများတဲ့ လမ်းကြောင်းတွေကိုသာ လိုက်ပါသွားရမှာ ဖြစ်ပါတယ်။ တောအတွင်း လမ်းအသစ်ဖောက်ထွင်းတာ (သို့မဟုတ်) ဖြတ်လမ်းကို အသုံးပြုပြီးသွားတာတွေကို လုံးဝရှောင်ကြဉ်ရပါမယ်။

ဒါ့အပြင် တဦးတည်းသွားတာကို ရှောင်ကြဉ်ပါ။ တဦးတည်း တောထဲသွားတာထက် အဖော်နဲ့ သွားလာတာက အန္တရာယ်ဖြစ်ခဲ့မယ်ဆိုရင်တောင် အကူအညီပိုမိုမြန်ဆန်စွာ ရရှိစေပါတယ်။
ကလေးတွေကို တောထဲလွတ်ပြီး ထင်းခုတ်သွားတာ၊ ကျွဲ/နွား ကျောင်းခိုင်းတာတွေ မပြုလုပ်မီ သေချာစဉ်းစားသင့်ပါတယ်။ ကလေးတွေက အန္တရာယ်ရှိတဲ့နေရာကို ခွဲခြားနိုင်စွမ်းနည်းပါးတဲ့အတွက် လုံခြုံမှုရှိတဲ့နေရာတွေမှာသာ ခိုင်းစေသင့်ပါတယ်။

နောက်ထပ်သတိထားရမှာက အခုလိုမိုးရာသီမှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံဖြစ်မှုနဲ့ မြေပြိုမှုတွေကြောင့် မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ နေရာ ရွှေ့ပြောင်းနိုင်ပါတယ်။ ယခင်လုံခြုံတယ်လို့ ယူဆထားတဲ့ နေရာတွေ၊ အိမ်ခြံဝင်းတွေ၊ လမ်းတွေမှာလည်း ပြန်လည်သတိပြုရမှာပါ။

မြေမြှုပ်မိုင်း (သို့မဟုတ်) တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ တွေ့ရှိပါက ဘယ်လိုတုံ့ပြန်ရမလဲ။

ဘယ်နေရာမဆို မြေမြှုပ်မိုင်း (သို့မဟုတ်) တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တွေ့ရှိခဲ့မယ်ဆိုရင် အဲဒီအရာတွေကို လုံးဝ(လုံးဝ) မထိရ၊ မရွှေ့ရ၊ မဖျက်ဆီးရပါဘူး။ ကိုယ်လာခဲ့တဲ့ လမ်းကြောင်းအတိုင်း မိမိခြေရာကောက်ပြီး ဂရုတစိုက်ပြန်လှည့်လာရပါမယ်။

ဖြစ်နိုင်မယ်ဆိုရင် အန္တရာယ်ကင်းတဲ့နေရာကိုရောက်တာနဲ့ အနီးအနားရှိ သစ်ကိုင်း၊ ကျောက်တွေနဲ့ အမှတ်အသားပြုလုပ်ပြီး ဒေသခံတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများကို အသိပေးရပါမယ်။ တွေ့ရှိတဲ့ နေရာနီးမှာ သွားလာသူတွေကို ချက်ချင်းအသိပေးရပါမယ်။

လယ်ယာလုပ်ငန်း (သို့မဟုတ်) တောင်ယာလုပ်ငန်းနဲ့ ထင်းခုတ်တာ စတဲ့ရိုးရာအသက်မွေးဝမ်းကျောင်း တွေဟာ ကျေးလက်နေပြည်သူတွေရဲ့ ဘဝအတွက် မရှိမဖြစ်ပါ။ ဒါပေမဲ့လည်း မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ အန္တရာယ်ရှိတဲ့ဒေသတွေမှာ ဒီလုပ်ငန်းတွေ ပြန်လည်စတင် လုပ်ကိုင်တဲ့အခါ လုံခြုံရေးအချက်တွေကို ဦးစွာလေ့လာသိရှိထားခြင်းက မိမိရဲ့အသက်ကို ကာကွယ်နိုင်ပါတယ်။
ဒေသန္တရ မိုင်းရှင်းလင်းရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ မြေမြှုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ အန္တရာယ်ကိုလျှော့ချဖို့ အထောက်အကူ ဖြစ်စေတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ