spot_img
Homeသတင်းဘောလခဲမြို့မှာ စစ်တပ်ယာဉ်တန်းသွားလာချိန် ကုန်စည်တွေပါ တပါတည်း သယ်ယူပို့ဆောင်

ဘောလခဲမြို့မှာ စစ်တပ်ယာဉ်တန်းသွားလာချိန် ကုန်စည်တွေပါ တပါတည်း သယ်ယူပို့ဆောင်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဘောလခဲမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းတွေ သွားလာချိန်မှာ ကုန်စည်သယ်ယူပို့ဆောင် ရောင်းဝယ်မှုတွေ ပြန်လည်ရှိလာတယ်လို့ ဘောလခဲဒေသခံ အမျိုးသားတဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ကုန်စည်သယ်ယူပို့ဆောင်ရာမှာ အာဏာသိမ်းစစ်တပ်ဘက်က လမ်းလုံခြုံရေး ဆောင်ရွက်ပေးနေပြီး စစ်တပ်ယာဉ်တန်းတွေ သွားလာတဲ့အခါ ကုန်ပစ္စည်းတွေကိုပါ တပါတည်း သယ်ယူလာကြတယ်လို့ ဆိုပါတယ်။

“ကုန်တွေ ပြန်လည်ပတ်နေတာ ကြာပါပြီ။ လမ်းလုံခြုံရေးက စစ်ကောင်စီကပဲ လုပ်ဆောင်ပေးနေတာပါ။ အထူးသဖြင့် စစ်ကောင်စီယာဉ်တန်းတွေ သွားလာတဲ့အခါ ကုန်တွေပါ တင်သွင်းကြတာပါ” လို့ ဘောလခဲဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ကုန်စည်ရောင်းဝယ်မှုမှာ ဘောလခဲမြို့ခံတွေက လွိုင်ကော်မြို့ပေါ်ကနေ ကုန်ပစ္စည်းတွေ သယ်ယူလာပြီး ပြန်လည်ရောင်းချတာတွေရှိသလို လွိုင်ကော်မြို့ကနေ လာရောက်ရောင်းချသူတွေလည်း တစ်ခါတလေရှိတယ်လို့ ဆိုပါတယ်။ ကုန်သွယ်ရောင်းဝယ်မှုမှာ ပါဝင်သူအများစုဟာ ဘောလခဲမြို့ခံတွေဖြစ်တယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ဒါပေမဲ့ ကုန်စည်သယ်ယူပို့ဆောင်မှုတွေဟာ အချိန်တိုင်း ပုံမှန်ရှိနေတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ စစ်တပ်ယာဉ်တန်းတွေ သွားလာချိန်မှာ စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်တာအပြင် ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ပို့ဆောင်ရာမှာ ကုန်ပစ္စည်းတွေကိုပါ တပါတည်း သယ်ယူလာကြတယ်လို့ သိရပါတယ်။

နယ်မြေအခြေအနေအရ ဘောလခဲမြို့တွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာဟာ ၂၀၂၃ ခုနှစ်ကတည်းကဖြစ်ပြီး အဲဒီအချိန်က ဒေသခံတွေဟာ စားသောက်ကုန်တွေကို အချင်းချင်း ဖလှယ်စားသောက်ခဲ့ကြရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အစိုးရကတော့ ဒေသတွင်း ပြန်လည်ထူထောင်ရေးအတွက် စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ တိုက်တွန်းတာ၊ ဘောလခဲမြို့ပေါ်မှာ ဆေးရုံပြန်လည်ဖွင့်လှစ်တာနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ ဝန်ထမ်းတွေကို ဦးစားပေး ပြန်လည်ခေါ်ယူပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဘောလခဲမြို့မှာ နေထိုင်သူအများစုဟာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ မိသားစုတွေဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ မြို့တွင်းမှာ ဖုန်းလိုင်းအသုံးပြုနိုင်တဲ့နေရာတွေရှိသလို စတားလင့်ခ်စက်နဲ့ အင်တာနက်အသုံးပြုသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ