spot_img
Homeဆောင်းပါးမျှစ်က ဟင်းတခွက်၊ ဝါးက အိမ်တလုံး

မျှစ်က ဟင်းတခွက်၊ ဝါးက အိမ်တလုံး

-

ကန္တာရဝတီတိုင်း(မ်)

မိုးတွင်းကာလရောက်ပြီမို့ ကရင်နီပြည်မှာ ဝါးမျှစ်တွေ ပေါ်နေပါပြီ။ ဒီဝါးမျှစ်တွေက တောတောင်တွေထဲမှာ စစ်ရှောင်နေကြရတဲ့ ကရင်နီ ပြည်သူတွေအတွက် ဟင်းကောင်းလေးတခွက်ပေါ့.။

စစ်ဘေးရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ ဝင်ငွေမရှိတဲ့စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ ဝမ်းရေးအတွက် ရာသီစာပေါ်ဦးပေါ်ဖျား သဘာဝအစားအစာတွေကို ရှာဖွေစားသောက်ကြပါတယ်။ သဘာဝကရတဲ့အစားအစာတွေထဲမှာ ဝါးမျှစ်လည်း တခုအပါအဝင်ဖြစ်ပါတယ်။

“အခုလို ဝါးမျှစ်ပေါ်တဲ့ရာသီမှာက ကျနော်တို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ နေထိုင်နေတဲ့ စစ်ရှောင်တွေ၊ လူထုတွေအတွက် မျှစ်ဟင်းတနပ်စာရတာက ကျနော်တို့ကုန်ကျစရိတ်အတွက် အများကြီး သက်သာတယ် ” လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းတနေရာမှာ စစ်ရှောင်နေတဲ့အမျိုးသား ဦးရှေးရယ်က အခုလို ဆိုပါတယ်။

ဝါးမျှစ်တွေဟာ မိသားစုအတွက်ဟင်းစားတင်မကပါဘူး၊ မျှစ်တွေကို ချိုးပြီးရောင်းရင်းကနေလည်း အပိုဝင်ငွေလေးအနည်းငယ်ကို ရှာဖွေနိုင်ကြပါသေးတယ်။
ဒါပေမဲ့လည်း ဝါးမျှစ်တွေကို မိသားစုတွင်းစားဖို့အပြင် ချိုးယူရောင်းချသူတွေများလာတဲ့အခါ စစ်ရှောင်တွေမှာ အခက်အခဲတခုတိုးလာပြန်ပါတယ်။

ချိုးယူသူတွေများလာတော့ မျှစ်တွေဟာ ဝါးပင်အဖြစ်ကိုမရောက်နိုင်တော့ပါဘူး။ တောထဲတောင်ထဲမှာ စစ်ရှောင်နေကြသူတွေမို့လည်း နေထိုင်စရာတဲအိမ်တွေကို ဝါးတွေနဲ့သာဆောက်လုပ်ကြရတာပါ။ အခုတော့ တဲတွေဆောက်ဖို့ ဝါးတွေရှားပါးလို့လာနေပါတယ်။

တဖက်မှာကလည်း သူတို့ရဲ့မိသားစုအတွက် နွေးထွေးတဲ့အိမ်ကလေးကို တည်ဆောက်ဖို့အတွက် ဝါးပင်တွေကို ထိန်းသိမ်းဖို့ လိုအပ်လာပြန်ပါတယ်။

ထွက်လာသမျှ ဝါးမျှစ်တွေကိုသာ ဟင်းကောင်းတခွက်အဖြစ် ပြောင်းလဲလိုက်ရင်လည်း ဝါးတွေ ဖြစ်ထွန်းမလာနိုင်တော့ပြန်ပါဘူး။

“စစ်ဘေးရှောင်အိမ်တွေဟာ အကုန်လုံးနီးပါး ဝါးတွေနဲ့ဘဲ တည်ဆောက်ကြရတာ ဖြစ်တယ်။ အဲတော့ ဝါးတွေကို ကျနော်တို့ အမြဲတမ်းလိုအပ်နေမှာဖြစ်တဲ့အတွက်ကြောင့် ဝါးမျှစ်တွေကိုမချိုးကြဖို့လိုတယ်။ ထိန်းသိမ်းကြဖို့လိုတယ်” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

အထူးသဖြင့် ကျေးရွာအနီးအနားတွေမှာရှိတဲ့ ဝါးတွေကိုထိန်းသိမ်းဖို့ ပိုမိုလိုအပ်နေတာပါ။
စစ်ဘေးရှောင်ကာလတွေပိုမိုကြာရှည်လာနေသလိုပဲ၊ ထပ်တိုးလာတဲ့ စစ်ဘေးရှောင်ဦးရေတွေနဲ့ နှစ်စဉ်ပြုပြင်ဆောက်လုပ်နေရတဲ့ တဲအိမ်တွေအတွက် သဘာဝကပေးတဲ့ဝါးတွေ၊ သစ်တွေကို ပိုမိုထိန်းသိမ်းနိုင်ဖို့ လိုအပ်လာပါတယ်။

စစ်ဘေးရှောင်လူဦး‌ရေ သောင်းနဲ့ချီခိုလှုံနေထိုင်နေကြတဲ့ ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေဟာ နေအိမ်တွေကို ဝါးတွေနဲ့ပဲ တည်ဆောက်ထားကြတာပါ။

ဝါးဖြစ်တဲ့အတွက်ကြောင့်မလို့ ဝါးပိုးထိုးတာတွေ၊ မိုးဒဏ်၊ လေဒဏ်၊ နေပူဒဏ်တွေကြောင့် နှစ်ရှည်တော့မခံပါဘူး။

တချို့တဲအိမ်တွေဆိုရင် ဝါးပိုးထိုးတာကြောင့် အမှုန်တွေကျပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်မှာကိုတောင် စိုးရိမ်နေကြပါတယ်။
ဒီလိုအကြောင်းရင်းတွေကြောင့်လည်း နှစ်စဉ်နီးပါး တဲအိမ်တွေကို ပြုပြင်ဆောက်လုပ်နေကြရပါတယ်။

ဝါးတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ပြီးခဲ့နှစ်တွေမှာ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက တားမြစ်ပြောဆိုတာတွေရှိပေမဲ့ စာထုတ်ပြန်တာ၊ မလိုက်နာသူတွေကိုအရေးယူတာမျိုးတွေမရှိနေသေးဘူးလို့ စစ်ဘေးရှောင် အမျိုးသား တဦးဖြစ်တဲ့ ခူးထွေးရယ်က အခုလို ပြောပါတယ်။

“ဝါးတွေက အမျိုးမျိုးသုံးလို့ရတယ်။ အထူးသဖြင့် ဒီလို ကာလမှာ ဝါးတွေက အရမ်းအသုံးဝင်တယ်။ သစ်တွေလည်း မရှိတော့ဘူး။ ရှားကုန်ပြီ။ စစ်ဘေးရှောင်တွေကလည်း များလာတယ်။ အိမ်ဆောက်ဖို့ အတွက်ဆို ဝါးကိုပဲ သုံးကြရတယ်။ အရင်ကတည်းက အနီးအနားက ဝါးမျှစ်တွေကို မချိုးကြဖို့ တားမြစ်ထားတာ ရှိတယ်။ဒါပေမဲ့ တင်းတင်းကြပ်ကြပ် စာထုတ်ပြန်တာ ဒဏ်ငွေ ရိုက်တာတို့တော့ မတွေ့ရဘူး”လို့ ခူးထွေးရယ်ကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေရဲ့ အနေအထားဟာ ကျပ်တည်းလာတဲ့ ဝမ်းစာအတွက် သဘာဝကပေးတဲ့ အစာကို မှီခိုနေရသလို၊ မှီခိုတာ များသွားရင်လည်း နေရာထိုင်ခင်းအတွက် ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အနေအထားဖြစ်တာကြောင့် လိုအပ်ချက်တွေကို ဟန်ချက်ညီညီဖြစ်စေဖို့ ကြိုးပမ်းကြရအုံးမယ့်အနေအထားဖြစ်ပါတယ်။

အဖက်ဖက်က မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ ၊ ကုန်စည်လမ်းကြောင်း ပိတ်ဆို့မှုတွေ လူမှုစီးပွားအခက်အခဲတွေအကြား သဘာဝကပေးတဲ့ လက်ဆောင်တွေကိုတော့ မှီခိုနေရအုံးမှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အခြားသော ရွေးချယ်စရာ ဖန်တီးပေးနိုင်ရေးဟာလည်း အလွန်အရေးကြီးတဲ့ လိုအပ်ချက်တရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ