ကန္တာရဝတီတိုင်း(မ်)
နိုင်ငံတကာမိခင်များနေ့ ( Mother’s Day ) ကို နှစ်စဉ် မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့မှာ ကျင်းပတာဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ “ မိခင်များနေ့” မှာ ကာကွယ်ရေးတာဝန် ထမ်းဆောင်နေပြီး မိခင်တွေနဲ့ ဝေးကွာနေရတဲ့ ရှေ့တန်းရောက် ရဲဘော်ရဲမေတွေရဲ့ ရင်တွင်းစကားသံကို ဖော်ပြလိုက်ပါတယ်။
ရဲမေ ဂျေး ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF )
” ရှေးဦးစွာ တော်လှန်ရေးမှာ ပါဝင်နိုင်ဖို့အတွက် ခွင့်ပြုပေးတဲ့ အမေ့ကို ကျေးဇူးတင်တယ်။ တော်လှန်ရေး ကာလတစ်လျှောက် အိမ်ရဲ့အဝေးမှာနေပြီး အလုပ်လုပ်ရတဲ့အတွက် အမေ့ဆီက နွေးထွေးမှု ၊ ကရုစိုက်မှုတွေကို အများကြီးလွမ်းနေကြောင်း ပြောချင်ပါတယ်။ အမေ့ရဲ့ကျေးဇူးကြွေးတွေဆပ်ရအုံးမှာမို့ အမေ ကျန်းကျန်းမာမာ နဲ့ အသက်ရှင်နေပေးပါ လို့ ပြောချင်ပါတယ် ”
ရဲဘော် အာကာ ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF )

“မေလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ အမေ ကျန်းကျန်းမာမာနဲ့ ရှိပါစေကြောင်း ရှေ့တန်းရောက်နေတဲ့သား က ဆုတောင်းပေးပါတယ်။ သားတို့ကို နေပူမရှောင် ၊ မိုးရွာမရှောင် ရှာကျွေးခဲ့တဲ့ အမေ့ကိုလည်း ကျေးဇူးတင်တယ်။ သားတို့ပြန်လာရင် မိသားစု စုံစုံလင်လင်နဲ့ ထမင်းစားကြမယ်နော်။ဒီကနေ့ကစပြီး အမေ ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ထိ နေနိုင်ပါစေလို့ သားဆုတောင်းပါတယ်”
ရဲမေ တဦး ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF )
“ အမေများနေ့မှာ မေမေအပါအဝင် ကမ္ဘာပေါ်ရှိ မေမေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အသက်ရှည်ပါစေ။ ဒီနှစ် အမေများနေ့မှာ မေမေ့အနားမှာ ရှိမနေပေးနိုင်တဲ့ သမီးကို ခွင့်လွှတ်ပေးပါနော်။ အရင်တုန်းကလို မေမေ့လက်ကိုတွဲပြီး Happy Mothers Day လို့ ပြောချင်တယ် ဒီလိုနေ့မျိုးမှာ မေမေ့အနားမှာ ရှိနေပေးချင်တယ်။ သမီးရွေးခဲ့တဲ့ လမ်းကခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီမြေ၊ ဒီလူတွေ၊ ဒီအနာဂတ်အတွက် သမီး ရပ်တည်ချင်ခဲ့တာပါ မေမေ။ မေမေကတော့ အမြဲစိုးရိမ်နေမယ်ဆိုတာ သိတယ်။ ထမင်းမှန်မှန်စားရဲ့လား။ အိပ်ရေးဝရဲ့လား။ အန္တရာယ်ကင်းရဲ့လား ဆိုတဲ့ မေးခွန်းတွေကို မေမေ့နှလုံးသားက နေ့တိုင်းမေးနေမယ်ဆိုတာလည်း သိတယ်။ အရမ်းပင်ပန်းပြီး စိတ်ဓာတ်ကျတဲ့နေ့တွေဆို မေမေ့ကို ပိုသတိရတယ် မေ့မေဆီ ပြေးပြန်ချင်တဲ့စိတ်တွေ တဖွဖွဖြစ်မိတယ်။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ကာလတွေပြီးတဲ့
တစ်နေ့နေ့မှာ မေမေ့အနား အရောက်ပြန်လာနိုင်မယ့်နေ့ကိုသမီး အရမ်းမျှော်လင့်နေပါတယ်။ အဲ့ဒီနေ့ရောက်ရင် မေမေ့ကို အကြာကြီးဖက်ထားပြီး မေမေ့ကို ဘယ်လောက်သတိရကြောင်း မေမေ့ရဲ့ဟင်းချက်လက်ရာလေးကို ဘယ်လောက်လွမ်းရကြောင်း မေမေ့ရဲ့ သမီးငယ်လေးက ဘယ်လိုသန်မာခဲ့ရကြောင်းတစ်ဝကြီး ထိုင်ပြောပြချင်ပါတယ်။ အဲ့ဒီနေ့တွေအထိ ကျန်းကျန်းမာမာနဲ့ရှိနေပေးပါနော မေမေ။ မေမေ့ရဲ့နေရက်တိုင်းမှာ ပျော်ရွှင်ပါစေ။ သမီးအချစ်ရဆုံး မေမေ။”
မိခင်ရဲ့ချစ်ခြင်းမေတ္တာကို ကဗျာနဲ့ တုနှိုင်းရေးစပ်ထားတဲ့ ရဲဘော်ဘိုလော် ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF )

“ရင်ခွင် ပြတိုက်”
မမြင်နိုင်သော မေတ္တာ
မသိနိုင်သော အကြင်နာ
မမှန်းနိုင်သော ဂရုဏာ
မခမ်းနိုင်သော စေတနာ
မကုန်နိုင်သော ချစ်ခြင်းတွေ
တစ်စု တစ်စည်းတည်း
တည်ရှိနေတဲ့ တစ်ခုတည်းသော ရင်ခွင်
ငါတို့ရဲ့ “အမေ”





