spot_img
Homeအင်တာဗျူး“အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့” အထိမ်းအမှတ်အဖြစ် တော်လှန်ရေးနယ်မြေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ CDM သူနာပြု ဆရာ၊ ဆရာမများရဲ့ စကားသံများ

“အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့” အထိမ်းအမှတ်အဖြစ် တော်လှန်ရေးနယ်မြေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ CDM သူနာပြု ဆရာ၊ ဆရာမများရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မေလ ၁၂ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ – International Nurses Day ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားကြတဲ့ ကရင်နီပြည်က သူနာပြု ဆရာ၊ဆရာမ တွေဟာ ပြည်သူတွေနဲ့အတူ အခက်အခဲကြားမှာ ရပ်တည်လာတာဟာ ဒီကနေ့ထိတိုင်ပဲ ဖြစ်ပါတယ်။

သူနာပြုတွေဟာ လူမှုအသိုင်းအဝိုင်းအတွက် အရေးပါဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေကြတာပါ။ အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီပြည်ရဲ့ တော်လှန်ရေးနယ်မြေက CDM သူနာပြု ဆရာ၊ ဆရာတွေရဲ့ စကားသံကို အခုလိုပဲ ဖော်ပြလိုက်ပါတယ်။

ခူးစူးရယ် ( CDM သူနာပြု )

ဒီကနေ့ ကျရောက်သော International Nurses Day တွင် ကမ္ဘာတစ်ဝှမ်းရှိ သူနာပြုများအားလုံးနှင့် အတူ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးသူနာပြုများကိုလည်း လေးစားဂုဏ်ပြုအပ်ပါတယ်။ သူနာပြုဆိုတာ အလုပ်အကိုင်တစ်ခုတည်း မဟုတ်ပါဘူး။လူနာတစ်ယောက်ရဲ့ နာကျင်မှုကို နားလည်ပေးနိုင်တဲ့ နှလုံးသားတစ်ခု၊ အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးနိုင်တဲ့ အားတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ သူနာပြုများစွာဟာ စစ်ဘေး၊ အန္တရာယ်၊ ဆေးဝါးမလုံလောက်မှု၊ နေရာရွှေ့ပြောင်းနေရမှုတွေကြားကနေ ပြည်သူတွေအတွက် ဆက်လက်ရပ်တည်နေကြပါတယ်။ တချို့ဟာ တောထဲမှာ၊ တချို့ဟာ နယ်စပ်ဒေသ တွေမှာ၊ တချို့ဟာ လုံခြုံမှုမရှိတဲ့ နေရာတွေမှာတောင် လူနာတွေကို ကူညီစောင့်ရှောက်နေကြပါတယ်။

ကျနော်တို့မှာ စွမ်းအားကြီးတဲ့ လက်နက်မရှိပေမယ့် ကူညီလိုတဲ့စိတ်ရှိတယ်။ ကြောက်ရွံ့မှုရှိပေမယ့် တာဝန်မပျက်ချင်တဲ့စိတ်ရှိတယ်။ ပင်ပန်းမှုရှိပေမယ့် လူနာရှင်သန်လာတာကို မြင်ချင်တဲ့မျှော်လင့်ချက်ရှိတယ်။ ခေတ်သစ် သူနာပြုရဲ့မိခင်ကြီး လို့ တင်စားခေါ်ဝေါ်ကြတဲ့ Florence Nightingale က “သူနာပြုစုခြင်းဆိုတာ အနုပညာတစ်ရပ်ပါ” လို့ ပြောခဲ့သလိုပဲ သူနာပြုစုခြင်း ဆိုတာ မေတ္တာ၊ သနားကြင်နာမှုနဲ့ လူသားဆန်မှုကို အခြေခံတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသက်အန္တရာယ်ကြားကနေ လူနာတွေကို ကယ်တင်ပေးခဲ့တဲ့ သူနာပြုများ၊ ကျဆုံးသွားခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းများ၊ ဆက်လက်ရပ်တည်နေဆဲ သူနာပြုများ အားလုံးကို လေးစားစွာ ဂုဏ်ပြုလိုပါတယ်။“Uniform” တစ်စုံဝတ်ထားတာထက် “လူသားဆန်မှု” ကို ထမ်းဆောင်နေတဲ့သူတွေ ဖြစ်လို့ ကျနော်တို့ သူနာပြုတွေဟာ ဘယ်အခြေအနေမှာမဆို လူသားဆန်မှုဘက်က ရပ်တည်နေမှာပါ။

Emily ( CDM သူနာပြု )

“International Nurses Day အတွက်တော့ တော်လှန်ရေး မှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ပြုကြောင်း ပြောချင်ပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ လူထုကျန်းမာရေးအတွက် ဆက်ပြီး အလုပ်လုပ်နေကြတာ အရမ်းလေးစားပါတယ်။ အားလုံး ဘေးကင်းကျန်းမာပြီး စိတ်အားမလျော့ဘဲ ဆက်လက်ရပ်တည်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ မျှော်မှန်းထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို လူထုနဲ့အတူခံယူချက် ကျင့်ဝတ်များဖြင့် လုပ်ဆောင်နိုင်ကြဖို့ဆုတောင်းပါတယ်”

မချော ( CDM သူနာပြု )

“ အရင်ကဆိုရင် ဒီလိုနေ့မျိုးမှာ ဆေးရုံမှာ အခမ်းအနားလေးတွေရှိမယ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ပါးပါး ဂုဏ်ပြုကြမယ်။ အခုတော့ “လူနာဆောင်ထဲက ပိုးသတ်ဆေးနံ့”၊ “ညဂျူတီမှာ အတူတူသောက်ခဲ့တဲ့ ကော်ဖီခါးခါး” နဲ့ “လူနာတွေရဲ့ ကျေးဇူးတင်စကားလေးတွေ” ကို အိမ်မက်ထဲမှာပဲ ပြန်တွေ့နေရတယ်။ ဝတ်စုံဖြူဖြူလေးကို ပြန်ဝတ်ပြီး လူနာတွေဆီ အပြေးသွားချင်တဲ့စိတ်က နေ့တိုင်း ရင်ထဲမှာ ရှိနေမှာပါ။ သူနာပြုဆိုတာ အသက်ကယ်ရသူတွေပါ။ ဒါပေမဲ့ မတရားမှုကို လက်မခံဘဲ လမ်းပေါ်ထွက်ခဲ့တာဟာလည်း တိုင်းပြည်ရဲ့ “အနာဂတ်” ကို ကယ်တင်ချင်လို့ဆိုတာ သူတို့ သိပါတယ်။ ငါတို့ ဆေးရုံထဲမှာပဲ နေခဲ့ရင် လူနာအနည်းငယ်ကိုပဲ ကုသပေးနိုင်လိမ့်မယ်၊ ဒါပေမဲ့ CDM လုပ်လိုက်တာဟာ တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကျန်းမာဖို့အတွက် ငါတို့ရဲ့ ဘဝတွေကို ရင်းလိုက်တာပဲ။

လက်ရှိမှာ တောထဲတောင်ထဲမှာဖြစ်ဖြစ်၊ လွတ်မြောက်နယ်မြေမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် မြေအောက် (Underground) မှာဖြစ်ဖြစ် ရောက်ရှိနေတဲ့ CDM သူနာပြုတွေဟာ သူတို့ရဲ့ Florence Nightingale ကတိသစ္စာကို မေ့မသွားကြပါဘူး။ ရရာပစ္စည်းနဲ့ လူနာကို ကုပေးနေရတာ၊ ဒဏ်ရာရရဲဘော်တွေကို ပြုစုပေးနေရတာတွေဟာ သူတို့အတွက်တော့ အမွန်မြတ်ဆုံးသော သူနာပြုများနေ့ ဂုဏ်ပြုမှုပါပဲ။ ကျဆုံးသွားတဲ့ သူနာပြုသူရဲကောင်းများ၊ ဒီခရီးမှာ အသက်ပေးသွားခဲ့တဲ့ သူငယ်ချင်းတွေကို သတိရရင်း မျက်ရည်ကျမိမယ်။ အကျဉ်းထောင်ထဲက သူငယ်ချင်းများ၊ မတရား ဖမ်းဆီးခံထားရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဆုတောင်းပေးနေမယ်။

 

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ