ကန္တာရဝတီတိုင်း ( မ် )
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က လူတစုရဲ့ ဖမ်းဆီးရိုက်နှက်ခံရပြီးနောက် ဆေးကုသမှုခံယူနေရတဲ့ ကယောလူမျိုး ဆင်ထိန်းဖြစ်တဲ့ ဦးထွန်းအီရဲ့ အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတမှုရရှိရေးနဲ့ ကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့၊ မနက် ၉နာရီကျော်အချိန်မှာ ဆင်ထိန်း ဦးထွန်းအီရဲ့ ထိုင်းအလုပ်ရှင်၊ မိသားစုဝင်တွေအပါဝင် ထိုင်းရောက်ရွေ့ပြောင်း ကယောလူမျိုးတွေကနေ ဝန်းရံပြီး ချင်းမိုင်မြို့ ရဲဌာနချုပ်မှာ သွားရောက်ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုခဲ့ကြတာပါ။
“တရားဥပဒေနဲ့မညီတဲ့ အလုပ်မလို့ တရားမျှတမှုကိုပဲ ပြန်လိုလားတယ်လို့ တောင်းဆိုထားတယ်” လို့ ဦးထွန်းအီရဲ့ မိသားစုဝင်တဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ညက ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် ၊ မယ်တန်မြို့နယ်မှာ ဦးထွန်းအီက လူတစုရဲ့ဖမ်းဆီးခံရပြီး သတိမေ့မျောတဲ့အထိ ရိုက်နှက်ခံခဲ့ရတာပါ။ လက်ရှိ ဆေးရုံက ICU (အထူးကြပ်မတ်ကုသဆောင်) မှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ၆ရက်ကြာတဲ့အထိ သတိပြန်လည်ခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ ပြစ်မှုကျူးလွန်တဲ့လူတစုက အမှတ် ၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် ၅ ဦးဖြစ်ပြီး စွဲချက်အားလုံးကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။ အမှုအကြောင်းအရာကို အသေးစိတ်သိရဖို့အတွက် ဆေးရုံမှာ ဦးထွန်းအီက အရေးပေါ်ကုသမှုခံယူနေဆဲဖြစ်တာကြောင့် ထွက်ဆိုချက်ပေးနိုင်ခြင်း မရှိသေးပါဘူး။ ထိုင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ၅ ဦးကို တာဝန်အာဏာအလွဲသုံးစားပြုမှုနဲ့ စွဲချက်တင်ထားသလို အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (NACC) ထံ အမှု ဆက်လက်လွှဲပြောင်းသွားမယ်လို့ Chiang Mai News ရဲ့ သတင်းအရ သိရပါတယ်။






