spot_img
Homeဆောင်းပါး“နှစ်စဉ်မြင့်တက်လာတဲ့ ပညာရေးလူ့အရင်းအမြစ် လိုအပ်ချက်”

“နှစ်စဉ်မြင့်တက်လာတဲ့ ပညာရေးလူ့အရင်းအမြစ် လိုအပ်ချက်”

-

ကန္တာရဝတီတိုင်း(မ်)

“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀ ဦးထက် ပိုပြီဆိုရင် ကျမတို့က ၂ ခန်း ခွဲပေးရတယ်။ ဒါပေမယ့် ဒီမှာက ဒီကျောင်းရဲ့ ဆရာ၊ ဆရာမ အခြေအနေ၊ ကျောင်းသားအခြေအနေကို ကြည့်ပြီးတော့ ၄၀ ကျော်လည်း ကျမတို့ ၁ ခန်းထဲ ထားလိုက်ရတာ ရှိတယ်။ ၅၀ ကျော်လည်း ၁ ခန်းထဲ ထားလိုက်ရတာရှိတယ်”

ကရင်နီပြည် ဆိုမိုဖေဆိုးလေး(ရှားတော) မြို့နယ်က ကျောင်းတာဝန်ခံ ဒေါ်အမရာဘိုး က ကရင်နီပြည်အတွင်းက စာသင်ကျောင်းတွေ ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေကို ပြောပြတာပါ။

ကျောင်းသား၊ ကျောင်းသူများရဲ့ သင်ကြားရေးထိရောက်မှုကို မြှင့်တင်နိုင်ဖို့အတွက် စာသင်ခန်းတခန်းမှာ ကျောင်းသား ၃၀ ဦးသာ ထားရှိဖို့ သတ်မှတ်ထားပေမဲ့လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က စိန်ခေါ်မှုတွေကြောင့် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။

ဒေါ်အမရာဘိုး က ဆိုမိုဖေဆိုးလေး(ရှားတော) မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတကျောင်းရဲ့ CDM ကျောင်းအုပ်ဆရာမတဦး ဖြစ်သလို မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံတဦးလည်း ဖြစ်ပါတယ်။

ကျောင်းတာဝန်ခံတဦး ဖြစ်နေပေမဲ့ သူမ တာဝန်ယူထားရတဲ့ စာသင်ကျောင်းမှာ သင်ကြားရေး ဆရာ၊ ဆရာမ လုံလောက်မှုမရှိတဲ့အတွက် အခြား ဆရာ၊ ဆရာမများ နည်းတူ ဘာသာရပ်များကို ခွဲဝေသင်ကြားပေးနေရတယ်လို့ ဆိုပါတယ်။

“ကျမတို့က ကျောင်းတာဝန်ခံ ဆိုပေမဲ့လည်း ကျောင်းဆရာမတွေ လုံလောက်မှုမရှိတဲ့အတွက် တာဝန်ခံပေမဲ့လည်း သင်ကြားရေးပိုင်းမှာကော အကုန်လိုက်ပြီးတော့ ကူရတာပေါ့။ တခြားဆရာမတွေက ၃ ဘာသာ ယူရရင် ကျမတို့ကလည်း ၃ ဘာသာ ယူရတယ်။ အဲသလို ယူမှပဲ အချိန်ပြည့် အချိန်ပေးနိုင်မှာဖြစ်တယ်” လို့ ဒေါ်အမရာဘိုး က ပြောပါတယ်။

ဆိုမိုဖေဆိုးလေး (ရှားတော) မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၂၄ ကျောင်း ဝန်းကျင် ဖွင့်လှစ်ထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရာတိုင်းမှာ အခက်အခဲများ ရှိနေကြသော်လည်း ကျောင်းသား၊ ကျောင်းသူ ၁၇၀၀ ဝန်းကျင်က ပညာရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမ ၁၆၀ ဦး ကျော်က သင်ကြားပေးနေကြပြီး အများစုက ပြည်နယ်နဲ့ လူမျိုးအတွက်၊ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်နေကြတဲ့ Volunteer (စေတနာ့ဝန်ထမ်း) ဆရာ၊ ဆရာမ များ ဖြစ်ကြပါတယ်။

“တချို့ကျောင်းတွေမှာဆိုရင် CDM လုံးဝ မရှိတဲ့ကျောင်းတွေ ရှိတယ်။ အခု ကျောင်းသုံးကျောင်းမှာ CDM လုံးဝမရှိဘူး။ ကျမ တို့ကျောင်းကတော့ CDM ၄ ဦးပဲ ရှိတယ်။ ကျန်တာကတော့ Volunteer တွေပဲ ဖြစ်တယ်။ CDM အင်အားက ၃၀ ရာခိုင်နှုန်း Volunteer အင်အားက ၇၀ ရာခိုင်းနှုန်း အဲလိုနဲ့ ပဲ သွားနေရတယ်” လို့ ဒေါ်အမရာဘိုးက ပြောပါတယ်။

သို့သော် တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ Volunteer ဆရာ/မများရဲ့ စားဝတ်နေရေး အခက်အခဲများလည်း ပိုမိုများပြားလာပါတယ်။ ထောက်ပံ့မှု အကန့်အသတ်များကြောင့် စာသင်နှစ်တနှစ် ပြီးဆုံးတိုင်း Volunteer ဆရာ။ ဆရာမ အင်အား လျော့နည်းလာနေတယ်လို့ ဒေါ်အမရာဘိုး က ဆက်ပြောပါတယ်။

ကရင်နီက စာသင်ကျောင်းတိုင်းမှာ CDM တွေနဲ့အတူ Volunteer တွေက ပူးပေါင်းရင်း စာသင်ကြားပေးနေကြတာပါ။ လက်ရှိမှာတော့ ကျောင်းဆရာ၊ ဆရာမ တွေဟာ အထူးသဖြင့် Volunteer တွေဟာ မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် Volunteer ကျောင်းဆရာ၊ဆရာမ အလုပ်ကနေ ရပ်နားပြီး ဝမ်းရေးအတွက် တခြားအလုပ်ကို ရွေးချယ်သွားရခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကျောင်းတိုင်းကျောင်းတိုင်းမှာက ကျောင်းက တိုးမြင့်ဖွင့်လိုက်လို့ ကျောင်းဆရာ/မတွေ လိုအပ်ချက်များတာလည်း ပါတယ်။ နောက်တခုကလည်း ဒီကာလမှာပေါ့နော်၊ CDM အနည်းစုနဲ့ Volunteer အများစုနဲ့ ပူးပေါင်းပြီးတော့ ကျောင်းကို ပြန်ပြီးဖွင့်တဲ့ အခါမှာ Volunteer က ပညာရေး လောက ကနေ လာတာမဟုတ်တဲ့အတွက် တချို့ကျတော့ သူ့ရဲ့ ဝမ်းရေးအတွက် ဦးစားပေးနေရတဲ့ အတွက်ကြောင့်မလို့ ဒီကမုန့်ဖိုးနဲ့ သူတို့အတွက် မိသားစုအခက်အခဲအတွက် မလုံလောက်တဲ့အခါ သူတို့ က တခြားကို ထွက်လိုက်ရတဲ့ အခြေအနေတွေလည်း ရှိတယ်” လို့ ဒေါ်အမရာဘိုး က ပြောပါတယ်။

Volunteer ဆရာ၊ ဆရာမ များသာမက CDM ဆရာ၊ ဆရာမ များကလည်း အလားတူ အခက်အခဲများကို ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ လိုအပ်တဲ့ လူ့အရင်းအမြစ်တွေကို မွေးထုတ်နိုင်ရန်အတွက် ပညာရေးကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ဒေါ်အမရာဘိုးက ယုံကြည်ထားပါတယ်။

စာသင်နှစ်တနှစ် ပြီးဆုံးတိုင်း သင်ကြားရေး ဆရာ/မများရဲ့ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေက ပိုမိုများပြားလာပါတယ်။ အနာဂတ် ကြယ်ပွင့်များနဲ့ လူ့အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မယ့် ရေရှည်တည်တံ့တဲ့ သင်ကြားရေး ဆရာ၊ ဆရာမ များ ရှိနေဖို့လိုအပ်နေကြောင်းကိုလည်း ဒေါ်အမရာဘိုးက ထောက်ပြထားပါတယ်။

“ကျနော်တို့ မြို့နယ်မှာက ဆရာ၊ ဆရာမ တွေ လုံလောက်မှု မရှိတာက ကျနော် တို့ ကျောင်းစဖွင့်တဲ့ ၂၀၂၂ မှာကတည်းကပါ။ ကျနော်တို့ မြို့နယ်မှာဆိုရင်တော့ CDM အရေအတွက်ကလည်း မများဘူး။ များ‌သောအားဖြင့်က Volunteer တွေ ဒေသခံတွေ၊ ကျေးရွာကလူတွေပဲ ပြန်ကူတာ ရှိတယ်ပေါ့နော်။ အဲ့မှာဆိုရင် လူငယ်ပိုင်းတွေက တော်တော်များတယ်။ Volunteer အလုပ်တွေနဲ့ ဝင်လုပ်တဲ့အချိန်မှာ တချို့တွေက ၁ နှစ် ၂ နှစ် ဝင်လုပ်တဲ့ သူတွေရှိတယ်။ တချို့ က ၁ နှစ်ပဲ ကြာတယ်။ တချို့ဆိုရင်တော့ ၄ နှစ် မြောက်တွေရှိလာပြီ။ တချို့ဆိုရင်လည်း ၅ နှစ်မြောက် ဆက်လုပ်တာ‌တွေရှိတယ်။ တချို့တွေက မိသားစုအခက်အခဲတွေကြောင့် သူတို့ရဲ့ ရှေ့ရေးအခြေအနေကြောင့် ထွက်တာ‌တွေ၊ နားတာတွေ ရှိတယ်။ နိုင်ငံခြားတွေမှာ အလုပ်ထွက်လုပ်တာတွေရှိတော့ ဒီ ဆရာ၊ ဆရာမ လိုအပ်ချက်တွေက အများကြီး ရှိလာတာ ဖြစ်တယ်” လို့ ပညာရေးကဏ္ဍမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်တဦးက ပြောပါတယ်။

သင်ကြားရေး ဆရာ/မ များရဲ့ တောင့်ခံနိုင်မှုတခုတည်းနဲ့ မလုံလောက်တဲ့အတွက် ပညာရေးကဏ္ဍကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ကိုလည်း ဒေါ်အမရာဘိုးက အခုလိုပဲ တိုက်တွန်းထားပါတယ်။

“ပညာရေးကို ဘယ်သူပဲဖြစ်ဖြစ် ပိုပြီးတော့ စိတ်ဝင်စားပေးကြဖို့ လိုအပ်တယ်။ ဒီနိုင်ငံတိုးတက်ဖို့က ကျမတို့က ပညာရေးကနေ ပြန်ပြီးတော့ စရမှာဖြစ်တယ်။ နောက်နှစ်ပေါင်း ၂၀ ၊ ၃၀ လောက်ကျရင် လူ့အရင်းအမြစ်တွေ ကျမတို့ ဒီကနေပဲပြန်ယူရမှာ။ အခုကာလနဲ့ဆိုရင် ပညာရေးကို သိပ်ပြီးတော့ အားမပေးတော့တာတွေ ပညာရေးအကြောင်းပြောရင် စိတ်မဝင်စားကြတဲ့ လူတွေ တော်တော်များလာတယ်။ အဲတော့ ပညာရေးကိုတော့ အကုန်လုံးကနေ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းပြီးတော့ မြှင့်တင်ဖို့တော့ လိုအပ်တယ်။ ဆရာ၊ ဆရာမတွေရဲ့ အခြေခံ လစာ၊ မုန့်ဖိုးတွေလည်း တိုးမြှင့်ပေးဖို့ လိုအပ်တယ်”

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ