spot_img
Homeဆောင်းပါး“ဖရူဆိုတောင်တန်းပေါ်က ကော်ဖီစိုက်ပျိုးသူများ”

“ဖရူဆိုတောင်တန်းပေါ်က ကော်ဖီစိုက်ပျိုးသူများ”

-

ကယ်ရိုလိုင်း/ အလုပ်သင်သတင်းထောက် (ကန္တာရဝတီတိုင်း(မ်)) ရေးသားသည်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်တန်းဒေသများမှ ဒေသခံပြည်သူများက မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို အကောင်အထည်ဖော် လုပ်ကိုင်လာကြပါတယ်။

လက်ရှိမှာတော့ ကော်ဖီအမှုန့် တပိဿာကို ကျပ် ၁ သိန်းအထိ စျေးရရှိနေတဲ့အတွက် ဒေသခံတောင်သူများအတွက် အလားအလာရှိတဲ့ သီးနှံတမျိုးအဖြစ် သတ်မှတ် စိုက်ပျိုးလာကြပါတယ်။

“ကိုယ့်နေရာဒေသတွင်းမှာပဲ ထုတ်လုပ်နိုင်အောင် လုပ်ပြီးတော့မှ၊ ကိုယ့်ကျေးရွာပေါ့။ ပြီးတော့မှ နာမည်နဲ့ ကော်ဖီတံဆိပ် ထုတ်လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့” လို့ ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်သူတဦးက သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပြပါတယ်။

“လူထု တဖက်ကနေ ဝင်ငွေ တပိုင်းရအောင်ပေါ့။ တောင်ယာတခုတည်း မဟုတ်ပဲနဲ့ ဒီအပိုဝင်ငွေရအောင်၊ နောက်တချိန်ကျရင် ဒီကော်ဖီစိုက်ပျိုးရေး များလာလို့ရှိရင် တောင်ယာခုတ်စနစ် သူ့ဟာသူ ကျသွားမယ်လေး” လို့ သူက ဆက်ပြောပါတယ်။

ယခုလက်ရှိ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ကော်ဖီစိုက်ပျိုးမှု ဧက ၁၀၀ ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

မိသားစု အသက်မွေးဝမ်းကျောင်းအပြင် ဝင်ငွေရဖို့အတွက် တောင်ယာတခုတည်းကိုသာ အဓိကထားပြီး စိုက်ပျိုးလုပ်ကိုင်လာခဲ့တဲ့ ဒေသခံတောင်သူ တဦးကတော့ လက်ရှိမှာ တောင်ယာအပြင် ကော်ဖီကိုပါ အပိုဝင်ငွေရရှိအောင် စတင်စိုက်ပျိုးလုပ်ကိုင်လာတယ်လို့ ဆိုပါတယ်။

“ကော်ဖီဖိုး နည်းနည်းပါးပါး ရတဲ့ဟာကတော့ သားသမီးတွေအတွက် နည်းနည်း သက်သာလာတာပေါ့။ ဝင်ငွေကတော့ သားသမီး ကျောင်းဖက်မှာကတော့ ပညာဖက်မှာပဲ၊ နည်းနည်းပါးပါးတော့ အသုံးဝင်တာ‌ပေါ့” လို့ ကော်ဖီစိုက်ပျိုးထားတဲ့ တောင်သူတဦးက ပြောပါတယ်။

အဆိုပါ တောင်သူဟာ ကော်ဖီစိုက်ပျိုးနည်းတွေကို လေ့လာရင်း စိတ်ဝင်စားကာ လုပ်ကိုင်ခဲ့ခြင်းကြောင့် မိသားစုရဲ့ အခြေခံ စားသုံးမှုအပိုင်းနဲ့ သားသမီးများရဲ့ ပညာရေးအသုံးစရိတ်များကိုလည်း တစိတ်တပိုင်း အထောက်အကူ ပြုလာတယ်လို့ သူက ဆက်ပြောပါတယ်။

ကော်ဖီက စျေးကွက်ကောင်းမွန်ပြီး အလားအလာရှိပေမဲ့ နည်းပညာနဲ့ စက်ပစ္စည်းလိုအပ်ချက်များ ရှိနေတယ်လို့ ဆိုပါတယ်။ အခုချိန်မှ စတင်လုပ်ကိုင်နေကြတဲ့ ဒေသခံများက ကော်ဖီအမှုန့်ကြိတ်စက် မရှိသေးတဲ့အတွက် ကော်ဖီစေ့များကို အခြောက်ခံ၊ လှော်ပြီးမှသာ ရောင်းချနေကြရပါတယ်။

ဒေသတွင်း ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို ၂၀၁၆ ခုနှစ်က (Wakachiai) ဂျပန်ကနေ မျှဝေခြင်း အစီအစဉ်ဖြင့် စတင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်းမြင့်ကော်ဖီအမျိုးအစားများဖြစ်တဲ့ ကာသီမိုး (Catimor) နဲ့ ကာတွိုင်း (Catuai) ကော်ဖီကို အဓိက စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။

ယခင်က ကော်ဖီမှုန့်များကို ဂျပန်နိုင်ငံအထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုအခါ နိုင်ငံရေး အခြေအနေများနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြည်တွင်းမှာယူသူများနဲ့ ထိုင်းနိုင်ငံ နယ်စပ်အထိသာ ပို့ဆောင်နိုင်တော့တယ်လို့ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်သူက ပြောပြပါတယ်။

ကော်ဖီကို ပျိုးပင်ထောင်ရာမှာ အရိပ်မလုံလောက်ခြင်း၊ ပျိုးပင်အရည်အသွေး မကောင်းခြင်းနဲ့ စိုက်ပျိုးမြေနေရာ မသင့်တော်ခြင်းကလည်း တောင်သူတွေအတွက် အခက်အခဲ အများဆုံးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အသီးအားကောင်းစေဖို့အတွက် အပင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ အပင်မမြင့်အောင် ခေါင်နှိမ်ခြင်းများ ပြုလုပ်ရပြီး မလိုအပ်တဲ့ အကိုင်းအခက်အသေးများကိုလည်း ဖယ်ရှားပေးရပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဟာ အအေးပိုင်းဒေသ ဖြစ်တဲ့အတွက် ပိုးကျရောက်မှုများထဲမှာ ပင်စည်ပိုးနဲ့ ပျပိုးများ အများဆုံးတွေ့ရပြီး ဓာတုမြေသြဇာများ အသုံးမပြုဘဲ မိုးရာသီမှာ ပြာမှုန့်ဖြင့်သာ သဘာဝနည်းလမ်းအတိုင်း ပက်ဖျန်းနှိမ်နင်းကြရတယ်လို့ ဆိုပါတယ်။

အဆင့်မြင့် ရေဆေးကော်ဖီ (Washed Coffee) ထုတ်လုပ်နိုင်ဖို့အတွက် တိကျပြီး စနစ်တကျ လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။ ကော်ဖီ အသီးမှည့်များကိုသာ ခူးယူပြီး ရေပေါ်စီးနည်းဖြင့် အဖျင်းများကို ဖယ်ထုတ်ကာ ရေနစ်အစေ့ကောင်းများကိုသာ ရွေးချယ်ရပါတယ်။ အဲ့ဒီနောက် အခွံခွာခြင်း၊ အချဉ်ဖောက်ခြင်း၊ ရေဆေးခြင်းနဲ့ အခြောက်လှန်းခြင်း လုပ်ငန်းစဉ်များကို ကြာချိန်နှစ်ပတ်ဝန်းကျင်အတွင်း လုပ်ဆောင်ပေးရပါတယ်။

ကော်ဖီစေ့ အချောထည်ရရှိဖို့အတွက် အခွံထပ်ချွတ်ခြင်း၊ လှော်ခြင်းနဲ့ အမှုန့်ကြိတ်ခြင်း စတဲ့ လုပ်ငန်းစဉ်များကို အဆင့်ဆင့် လုပ်ဆောင်ပြီးမှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကော်ဖီထုတ်ကုန်များကို ရရှိနိုင်ပါတယ်။

ကော်ဖီကို နေ့စဉ်သောက်သုံးရုံသာမက အလှကုန်ပစ္စည်းထုတ်လုပ်ရာတွင်လည်းကောင်း၊ အမွှေးအကြိုင်လုပ်ငန်းများနဲ့ စားသောက်ကုန်လုပ်ငန်းတွေမှာ သဘာဝအရောင်တင်ပစ္စည်း အဖြစ်လည်းကောင်း အသုံးပြုကြပြီး၊ အခြားလုပ်ငန်းများမှာလည်း အခြေခံကုန်ကြမ်းအဖြစ် အသုံးပြုကြပါတယ်။

ကော်ဖီစျေးကွက်အနေဖြင့် လက်ရှိမှာ ကော်ဖီအမှုန့် တပိဿာကို ကျပ် ၁ သိန်း (၁၀ သားလျှင် ၁ သောင်းကျပ်) ခန့် ရရှိနေပြီး ကော်ဖီအခွံမာခြောက် (Parchment) တပိဿာကို ကျပ် ၃ သောင်း ဝန်းကျင် ပေါက်စျေးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော်ဖီပင်များ အထွက်နှုန်းကောင်းမွန်လာပါက တဧကကို ကော်ဖီအခွံမာခြောက် (Parchment) ပိဿာချိန် ၅၀၀ မှ ၈၀၀ အထိ ထွက်ရှိနိုင်တယ်လို့ ဒေသခံ ကော်ဖီစိုက်ပျိုးသူများက ပြောကြပါတယ်။

ကော်ဖီစိုက်ပျိုးရေးဟာ ဖရူဆိုအနောက်ဘက်ခြမ်း တောင်တန်းဒေသရှိ ပြည်သူများအတွက် အပိုဝင်ငွေရရှိစေတဲ့ သီးနှံတမျိုးဖြစ်စေရုံသာမက တောင်ယာစိုက်ပျိုးရေးတခုတည်းအပေါ် မှီခိုနေရတဲ့ ဘဝများကို လျှော့ချနိုင်မယ့် အလားအလာတရပ်အဖြစ်လည်း မျှော်လင့်နေကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ