ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်က ကျေးရွာတရွာကို ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါကျေးရွာကို အသေခံဒရုန်း ၂ စင်းအပြင် လက်နက်ကြီးနဲ့ ၁ကြိမ် အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဓာတ်ဆီဆိုင်နားမှာ ကြဲသွားတာ။ ၃ နာရီခွဲအချိန်လောက်နဲ့တူတယ်။ ထိသွားတဲ့တစ်ယောက်က ခေါင်းနဲ့ လက်မောင်းမှာ ထိတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နန်းမယ်ခုံမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်က ဒရုန်းဝဲတာ၊ လေယာဉ်နဲ့ ထောက်လှမ်းတာတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
နန်းမယ်ခုံမြို့နယ်နဲ့ ထိစပ်နေတဲ့ မိုးဗြဲမြို့အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ရေးအခြေအနေအရ ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲအနောက်ဘက်ခြမ်းနဲ့ နန်းမယ်ခုံဘက်တစ်ကြောကို ဆက်သွယ်ထားတဲ့ လမ်းတွေကို အသုံးပြုပြီး သွားလာခြင်းမပြုဖို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။
ယခု စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်နဲ့ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်က နန်းမယ်ခုံမြို့နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသနဲ့ ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ်တို့မှာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။







