ကန္တာရဝတီတိုင်း(မ်)
စစ်ရှောင်စခန်းတခုက တဲအိမ်လေးတွေကြားမှာ ဝါးခုတ်သံ၊ ဝါးခြမ်းစိပ်သံတွေ ခပ်စိပ်စိပ် ထွက်ပေါ်နေပါတယ်။ အဲ့ဒီအသံတွေကြားမှာ အသက် ၆၀ အရွယ် ဦးရဲလာက ဝါးတွေကို ခုတ်ထစ်၊ ခွဲခြမ်းစိတ်ပြီး စပါးသိုလှောင်ဖို့ အသုံးပြုတဲ့ “ဝါးပုတ်” လို့ခေါ်တဲ့ အကြီးစားတောင်းတွေကို ရက်လုပ်နေပါတယ်။
တချိန်က မိဘဘိုးဘွားတွေဆီက ဆက်ခံလာခဲ့တဲ့ ဒီတောင်းရက်တဲ့ပညာဟာ အခုတော့ ဦးရဲလာအတွက် စစ်ရှောင်ဘဝမှာ မိသားစုရပ်တည်နိုင်ဖို့ အားထားနေရတဲ့ အသက်မွေးဝမ်းကြောင်းတခု ဖြစ်လာပါတယ်။ ဦးရဲလာရက်လုပ်တဲ့ ဝါးပုတ်တွေကို သူ့ရဲ့စပါးတွေ သိုလှောင်ဖို့ အသုံးပြုသလို တခြားသူတွေကို ရောင်းချဖို့အတွက်လည်း နေ့စဉ်ရက်လုပ်နေပါတယ်။
ပြေးရင်းလွှားရင်းနဲ့ စစ်ဘေးရှောင်ဘဝကို ဖြတ်သန်းနေရတဲ့ မိသားစုအတွက်တော့ ဒီတောင်းရက်တဲ့အလုပ်က တခုတည်းသော ဝင်ငွေရလမ်းကြောင်း ဖြစ်ပါတယ်။
“အဲ့ဒီလုပ်ငန်းလုပ်ရတာ မိသားစုအတွက် အဆင်ပြေသွားတာပေါ့။ ပိုပြီးအဆင်ပြေလာခဲ့တာပေါ့။ အထောက်အပံ့လည်း ဖြစ်ခဲ့တယ်။ ဝင်ငွေနည်းနည်းတော့ ပိုရရှိခဲ့တယ်”လို့ ဦးရဲလာက ပြောပါတယ်။
စပါးတောင်းတလုံးကို အနည်းဆုံး ကျပ် ၇၀၀၀၀ ဝန်းကျင် ရရှိပြီး သိုလှောင်နိုင်တဲ့ စပါးပမာဏနဲ့ ဝါးပုတ်ရဲ့ အရွယ်အစားပေါ်မူတည်ကာ စျေးနှုန်းအပြောင်းအလဲ ရှိပါတယ်။ စပါးအိတ် ၁၀ အိတ်ဝင်ဆန့်တဲ့ ဝါးပုတ်တလုံးကို ၇သောင်းကျပ်၊ အိတ် ၂၀ ဆံ့ ပုတ်တလုံးကို ၁သိန်း ၄သောင်းကျပ်၊ အိတ် ၄၀ ဆံ့ ပုတ်တလုံးကို ၂သိန်း ၈သောင်းကျပ်အထိ စျေးနှုန်းအသီးသီး ရှိပါတယ်။ မှာယူသူရှိရင် စပါးအိတ် ၈၀ ဆံ့ ပုတ်အထိလည်း ဦးရဲလာက ရက်လုပ်ပေးပါတယ်။

ဒါပေမဲ့ ပုတ်ရက်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ ဝါးတွေရဖို့ကတော့ လွယ်ကူတာ မဟုတ်ပါဘူး။ တခြားသူတွေရဲ့ အရပ်ဒေသမှာ စစ်ဘေးရှောင်နေရတာကြောင့် ကိုယ်ပိုင်ဝါးရုံမရှိဘဲ ဝါးတွေကို ဝယ်ယူရပါတယ်။ ဝါးတချောင်းကို အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ၉၀၀၀ အထိ ပေးရပြီး စပါးတွေထည့်တဲ့ ဝါးပုတ်တစ်လုံး ဖြစ်လာဖို့အတွက် ပျှမ်းမျှအားဖြင့် ဝါးချောင်း ၈ ချောင်း လိုအပ်ပါတယ်။ လိုအပ်သလို ပိုင်းဖြတ်ပြီး အနည်းဆုံး ၃ ရက်ခန့်ကြာ စိတ်ရှည်လက်ရှည် ရက်လုပ်ရတာပါ။
ဦးရဲလာရဲ့ စပါးတောင်းတွေကို စစ်ရှောင်တွေအပြင် ဒေသခံတချို့လည်း လာရောက်မှာယူကြပါတယ်။ စစ်ရှောင်စခန်းထဲမှာ နေထိုင်တဲ့ မိသားစုတွေအနေနဲ့ သူတို့မှာရှိတဲ့ လက်ကျန်စပါးအနည်းငယ်ကို ဆာလာအိတ်တွေနဲ့ ထားမယ်ဆိုရင် ကြွက်ဖျက်တာ၊ အိတ်တွေဆွေးပြီး ပေါက်ပြဲကုန်တာတွေကြောင့် အခုလို စပါးတောင်းတွေကို လာရောက်မှာယူကြတာ ဖြစ်ပါတယ်။
“စပါးတောင်း(ပုတ်)က သယ်ရ၊ ရွှေ့ရတာပိုလွယ်တယ်။ ခုချိန်က စစ်ရှောင်ရတဲ့ချိန်မို့ စပါးကျီ ဆောက်ဖို့အတွက် မလွယ်ဘူး။ ရွှေ့ရပြောင်းရနဲ့ဆို အဆင်မပြေဘူးပေါ့နော”လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
နွေစပါးနဲ့ မိုးစပါး ရိတ်သိမ်းခါနီးအချိန်တွေဆိုရင် ဦးရဲလာအဖို့ အော်ဒါ(အမှာတွေ) အများဆုံးရရှိတဲ့အချိန် ဖြစ်ပါတယ်။ အခုဆိုရင်တော့ မှာယူသူတွေကြောင့် ဦးရဲလာရဲ့ စစ်ရှောင်စခန်းတဲအိမ်ဘေးမှာ ဝါးပုတ်တွေ အစီအရီနဲ့ ရှိနေပါတယ်။
အော်ဒါလာရောက်မှာယူသူ မရှိတဲ့အချိန်မှာလည်း ဦးရဲလာက ဝါးခြမ်းလေးတွေနဲ့ ခွဲတောင်း(တောင်းအသေး) တွေ ရက်လုပ်ပြီး မိသားစုအသက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် တနိုင်တပိုင် လုပ်ကိုင်နေပါတယ်။ တောင်းရက်ရာကနေ ရရှိတဲ့ ဝင်ငွေကို စားဝတ်နေရေးအတွက် အသုံးပြုသလို အသက်အရွယ်ကြောင့် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေအတွက် ပုံမှန်ဆေးဝယ်ယူရာမှာလည်း သုံးစွဲနေရပါတယ်။
“စားဝတ်နေရေးမှာ အဓိကထားပြီးသုံးစွဲခဲ့တယ်။ နောက်ပြီး ကျန်းမာရေးအတွက် သွေးတိုးကျဆေး၊ သွေးထိန်းဆေးတို့ပဲ ပုံမှန်ဝယ်ထားရရှိတယ်။ အဲ့ဒီလုပ်ငန်းသာ မလုပ်ရင်တော့ ဝင်ငွေတနေရာမှ မရှိပါဘူး”လို့ သူက ပြောပါတယ်။

ဦးရဲလာရဲ့ တောင်းရက်တဲ့ပညာကတော့ မိဘဘိုးဘွားတွေဆီကနေ ဆက်ခံလာခဲ့တာပါ။ ၁၉၉၃ ခုနှစ်၊ အိမ်ထောင်ခွဲစကတည်းက တောင်းရက်လာခဲ့တဲ့ ဦးရဲလာအတွက် လက်ရှိအချိန်အထိ ရက်လုပ်ခဲ့တဲ့ စပါးတောင်းအရေအတွက်ဟာ မရေတွက်နိုင်အောင် ရှိနေပြီလို့ သူက ပြောပါတယ်။ အခုတော့ မျိုးဆက်တွေ တဆင့်ပြီးတဆင့် ဆက်ခံလာတဲ့ ဒီအတတ်ပညာဟာ အခုတော့ ဦးရဲလာတို့ မိသားစုအတွက် စစ်ရှောင်ဘဝမှာ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေပါတယ်။
၅ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ရှောင်ကာလအတွင်း ဦးရဲလာဟာ သူ့ရဲ့ကိုယ်ပိုင်အိမ်လေးဆီ အမြန်ဆုံးပြန်ရောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အဲဒီမျှော်လင့်ချက်ကို ရင်မှာပိုက်ရင်း တဲအိမ်လေးဘေးမှာ ဝါးတွေကို ခုတ်ထစ်၊ ခွဲစိတ်ပြီး တောင်းတွေကို ဆက်လက်ရက်လုပ်နေပါတယ်။







