ကန္တရဝတီတိုင်း(မ်)
“သီချင်းအော်ဆိုလိုက်တယ်။ တခါတလေ အော်ရရင် ကိုယ့်ရဲ့ ငြီးငွေ့မှုတွေက လေထဲ ပါသွားသလိုပဲ”
ဒါကတော့ မျက်စိ အမြင်အာရုံ နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရတဲ့ တာအယ်စိုးရဲ့ ပြောစကားပါ။ အမြင်အာရုံဆုံးရှုံးသွားပြီးနောက်ပိုင်းမှာ သူရဲ့ ဝမ်းနည်းမှု၊ ပျော်ရွင်မှု စတဲ့ စိတ်ခံစားချက်တွေကို သီချင်းတွေနဲ့ ကုစားနေတဲ့ အကြောင်း သူပြောပြနေတာပါ။
တာအယ်စိုး ဟာ ကရင်နီပြည်တပ်မတော် KA ရဲ့ တပ်ဖွဲ့ဝင်တဦး ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ထိုင်း-ကရင်နီနယ်စပ် တနေရာမှာ ထိုးစစ်ဆင်လာတဲ့ ရန်သူ့ စစ်ကြောင်းကို ဟန့်တားဖို့ မိုင်းတပ်ဆင်ပေးရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မျက်စိအာရုံကို ဆုံးရှုံးခဲ့တာပါ။ အဲ့ဒီပေါက်ကွဲမှုမှာ သူရဲ့ လက်ချောင်းတချို့ကိုလည်း ဆုံးရှုံးခဲ့ပါသေးတယ်။
အမြင်အာရုံပြန်ရနိုင်မယ့် မျှော်လင့်ချက်ယဲ့ယဲ့လေးကို ဆုပ်ကိုင်ပြီး ဆေးရုံမှာဆေးကုသခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။
တာအယ်စိုးကတော့ “ဆေးရုံမှာတော့ မျှော်လင့်ချက်တော့ ထားသေးတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းချင်းနဲ့ ရက်တွေ ကြာလာရင် မဖြစ်နိုင်တော့ဘူးလေ၊ ဘာလို့လဲဆိုတော့ မျက်လုံးက အလုံးမှ မရှိတော့တာ”လို့ ရိုးရိုးလေးပဲ ပြောပြခဲ့ပါတယ်။
အခုဆိုရင်တော့ တာအယ်စိုး တယောက် အမှောင်ထုထဲမှာ ရှင်သန်ရပ်တည်လာတာဟာ အချိန် ၃ နှစ်ကျော် ကြာမြှင့်ခဲ့ပါပြီ။
တိုင်းပြည်အနာဂတ် အသစ်မြင်ချင်လို့ တော်လှန်ရေးထဲကို ဝင်လာခဲ့တဲ့ တာအယ်စိုးဟာ လက်ရှိမှာတော့ အဲ့ဒီပြောင်းလဲခြင်းတွေကို ကိုယ်တိုင်မျက်လုံးနဲ့ မြင်တွေ့ခွင့်မရနိုင်တော့ပါဘူး။ တော်လှန်ရေးမှာ နောက်ထပ်ပါဝင်ခွင့်ရချင်ပေမယ့် သူ့ရဲ့ ဖြစ်တည်မှုက သူ့ကို အခွင့်မပေးတော့ဘူးလို့ သူက ပြောပါတယ်။
“စိတ်တော့ လုပ်ချင်တယ်။ ကူညီချင်တယ်။ ဒါပေမဲ့ ကျနော်တို့ ခန္ဓာကိုယ်ကတော့ အခွင့်မပေးတော့ဘူးကွာ။ ကျနော်တို့ရဲ့ ဖြစ်တည်မှုကို ကျနော်တို့ ပြန်ပြီး လက်ခံရမယ့် အခြေအနေဆိုတော့”လို့ တာအယ်စိုးက ဆိုပါတယ်။
အလင်းရောင် မရှိတော့ဘဲ ရှင်သန်နေရပေမယ့်လည်း တာအယ်စိုးရဲ့ ဝါသနာနဲ့ စိတ်ဓာတ်ကိုတော့ မဖျက်ဆီးနိုင်ခဲ့ပါဘူး။
တာအယ်စိုး အတွက်ကတော့ ငယ်စဉ်ကတည်းက ဝါသနာတခုဖြစ်ခဲ့တဲ့ ဂီတအနုပညာဟာ လက်ရှိမှာ သူ့ဘဝအတွက် အလင်းရောင်တခုလို ဖြစ်လာခဲ့ပါတယ်။ စိတ်ပျက်အားငယ်ချိန်တိုင်းမှာ သီချင်းက သူ့အတွက် စိတ်ခွန်အားဖြစ်စေခဲ့ပါတယ်။

မိုင်းပေါက်ကွဲတဲ့ မတော်တဆကြောင့် လက်ချောင်းကို ဆုံးရှုံးခဲ့ရပေမဲ့ ဂီတာကို သူတီးခတ်နေဆဲပါ။ ဘယ်ဘက်လက်မှာ ကျန်တဲ့ လက်ချောင်း၂ချောင်းနဲ့ ဂစ်တာကော့ဒ်တွေကို ကိုင်ပြီး ညာလက်မှာ ကျန်တဲ့ လက်မကြီးနဲ့ ဂီတာကြိုးကို တီးခတ်နေတဲ့ပုံစံဟာ လေးစားဖွယ်ကောင်းပါတယ်။
အားလပ်ချိန်မှာ ဂီတာတီး သီချင်းဆိုတာ၊ သီချင်းနားထောင်တာတွေနဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ သီချင်း ဝိုင်းဖွဲ့ဆိုတာဟာ သူ့အတွက် ပျော်ရွှင်မှု၊ အေးချမ်းမှု တည်ဆောက်ပေးတဲ့ ရပ်ဝန်းတခုပါ။
တယောက်တည်းရှိနေချိန်မှာတောင် အပျင်းပြေ သီချင်းဆိုလေ့ရှိသလို ရဲဘော် သူငယ်ချင်းတွေနဲ့အတူ ဝိုင်းဖွဲ့ ဆိုနေချိန်ဟာ ပျော်စရာကောင်းတယ်လို့ တာအယ်စိုးက ပြောပါတယ်။
“ကျနော်တို့ ဘောလုံးကန်ချင်တယ်။ ကျနော်တို့ သွားချင်တယ်၊ လာချင်တယ်၊ ကျနော်တို့ ချက်ပြုတ်ချင်တယ်၊ ဘာညာဆို တခါတလေ စိတ်ထွက်ပေါက်အနေနဲ့ လုပ်ချင်တယ်။”လို့ တာအယ်စိုးက သူ့ရဲ့ခံစားချက်ကို ဖွင့်ဟ ပြောပြပါတယ်။
တာအယ်စိုးကတော့ မမြင်နိုင်တော့ပေမယ့် သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေမှာ တခြားသူရဲ့ အကူအညီမပါဘဲ စိတ်အာရုံနဲ့ ခန့်မှန်းသွားလာ နိုင်အောင်ကြိုးစားနေပါတယ်။ အပြင်ကမ္ဘာကို မမြင်ရတဲ့ သူ့ဘဝကို မရပ်တန့်သွားဘဲနဲ့ ကိုယ်လုပ်နိုင်သေးတဲ့ လုပ်နိုင်စွမ်းပေါ်မှာ တာအယ်စိုးဟာ ဆက်ပြီး တလှမ်းချင်း လျှောက်လှမ်းနေပါတယ်။
ငယ်စဉ်ကတည်းက တော်လှန်ရေးထဲ ဝင်ပြီး တိုင်းပြည်ကို ပြောင်းလဲချင်ခဲ့တဲ့ တာအယ်စိုးအတွက်တော့ ကရင်နီ တော်လှန်ရေးမှာ တထောင့်တနေရာကနေ ပါဝင်ခွင့်ရတာဟာ သူ့အတွက် ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ တာအယ်စိုးဟာ တော်လှန်ရေးမှာ ဆက်ပြီး မပါဝင်နိုင်တော့ပေမယ့် မျိုးဆက်သစ် လူငယ်တွေအပေါ်မှာ သူ့ရဲ့ မျှော်လင့်ချက်ကတော့ ရှင်သန်နေဆဲ ဖြစ်ပါတယ်။
“ကျနော်တို့ လူငယ်တွေကတော့ ကျနော့်အမြင် ရှိသလောက်တော့ ညီညွတ်ပါပြီ။ ဒါပေမဲ့ ဒီထက် စုစည်းပြီးမှ ကျနော်တို့ အားနဲ့မာန်နဲ့ တော်လှန်ရေး ခရီးသွားတဲ့နေရာ ကျနော်တို့ အတူတူလုပ်ဆောင်မယ်ဆိုတော့ ကျနော်တို့ တကယ် မကြာဘူးလို့ ပြောရင်လည်း ၆ နှစ်တောင်မှရှိသွားပြီ။ ဒါပေမဲ့ အမြန်ပြီးဆုံးဖို့တော့ ပိုပြီး လမ်းစရှိမယ် ထင်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လဲကျခဲ့တဲ့အချိန်တွေနဲ့ စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေမှာ စိတ်ခွန်အား၊ ခန္ဓာအားနဲ့ အားပေး ၊ ဖေးမ ကူညီခဲ့တဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ပြောသွားတဲ့အခါမှာ တာအယ်စိုးရဲ့ နွေးထွေးတဲ့ စိတ်ထားလေးကို ပေါ်လွင်စေပါတယ်။
အလင်းရောင် ကင်းမဲ့သွားတဲ့ အမှောင်ထုထဲမှာ ရှင်သန်နေရပေမယ့်လည်း အခြေအနေ တခုသာ ပေးမယ်ဆိုရင် မိမိ တတ်နိုင်တာ၊ လုပ်နိုင်တဲ့ အလုပ်ကို လုပ်ရင်း တိုင်းပြည်အတွက် လုပ်ဆောင်ချင်တဲ့ တာအယ်စိုးရဲ့ မျှော်လင့်ချက်က ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။







