spot_img
Homeဆောင်းပါးဗုံးသံတွေ တိတ်သွားပေမဲ့ ကလေးတွေရဲ့ ရင်ထဲက ကြောက်စိတ်တွေ မတိတ်နိုင်သေး

ဗုံးသံတွေ တိတ်သွားပေမဲ့ ကလေးတွေရဲ့ ရင်ထဲက ကြောက်စိတ်တွေ မတိတ်နိုင်သေး

-

ကန္တာရဝတီတိုင်း(မ်)

“ကလေးကတော့ စိတ်ဒဏ်ရာ အရမ်းဖြစ်သွားတယ်။ ကျောင်းဝင်းထဲကိုတောင် လာဖို့ မရဲတော့ဘူး။ ရေသွားခပ်ခိုင်းလည်း မသွားရဲတော့ဘူး။ စိတ်ဒဏ်ရာကတော့ အရမ်းပြင်းထန်သွားပြီ။” လို့ ကျောင်းနေအရွယ် ကလေးတစ်ဦးဖြစ်တဲ့ အသက် ၁၂နှစ် အရွယ် မော်ဦးမြာရဲ့ ဖခင်က ပြောပါတယ်။

မနက်မိုးလင်းလို့ မနက်စာစားပြီး လွယ်အိတ်ကလေးလွယ်ကာ ပုံမှန်ကျောင်းတက်နေခဲ့တဲ့ မော်ဦးမြာဟာ အခုအချိန်မှာတော့ ကျောင်းဝင်းထဲကို ခြေဦးတောင် မလှည့်ရဲတော့ပါဘူး။

အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ တုန်းက မော်ဦးမြာတို့ နေထိုင်တဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်ကနေ စခဲ့တာပါ။

အဲဒီနေ့မှာ မော်ဦးမြာတို့ စာသင်ကြားနေတဲ့ စာသင်ကျောင်းဟာ Y12 နဲ့ ဗုံးအလုံးရေး ၂၀ ကျော်ကြဲချတိုက်ခိုက်ခံခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နှစ်ဆောင် ပျက်စီးသွားခဲ့ပြီး ကျောင်းဆောင်အတွင်း ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ပြင်းထန်းတဲ့ ထိခိုက်ဒဏ်ရာရှိသူ ၅ ဦးရှိပြီး ကျောင်းသူ လေးဦးနဲ့ ကျောင်းသားတစ်ဦးပါဝင်ပါတယ်။ အသက်အရွယ်အားဖြင့်တော့ ၁၀ နှစ်ကနေ ၁၆ နှစ်ကြားရှိနေသူတွေပါ။

ထိခိုက်ဒဏ်ရာရှိထားတဲ့ ကလေးတွေထဲမှာ ပိုပြီးစိုးရိမ်ရတဲ့ အခြေအနေရှိသူ ကလေးငယ်တစ်ဦးကိုတော့ အိမ်နီးချင်းထိုင်းနိုင်ငံအထိ ပို့ဆောင်ကုသထားရပါတယ်။

“လောလောဆယ်မှာတော့ ကျနော်တို့ ထိုင်းအထိတောင် ပို့သွားပြီးပြီ။ အခုလောလောဆယ်တော့ သက်သာလောက်ပြီထင်ပါတယ်။ ကျန်နေတဲ့ ၄ ယောက်ကတော့ စိုးရိမ်ရတဲ့အထိ မရောက်တော့ဘူး။ သက်သာလာပြီ။” လို့ မော်ဦးမြာရဲ့ ဖခင်က ပြောပါတယ်။

မော်ဦးမြာကတော့ ထိခိုက်ဒဏ်ရာရှိသွားသူတွေထဲက တစ်ဦးဖြစ်ပြီး ဦးခေါင်းနဲ့ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိထားတာပါ။

လက်ရှိမှာတော့ သူ့ရဲ့ဒဏ်ရာအခြေအနေ ပြန်လည်သက်သာလာပြီဖြစ်ပြီး ဆေးရုံကနေ ဆင်းခွင့်ရပြီဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဝေဟင်ကနေ စာသင်ကျောင်းတွေနဲ့ အရပ်သားတွေရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုလို တိုက်ခိုက်မှုတွေကြောင့် ကလေးတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရသလို ကျောင်းတက်ဖို့အတွက်ပါ လုံခြုံမှုမရှိတော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။

တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ် မော်ဦးမြာတို့လို ကလေးငယ်တွေဟာ လူတွေမြင်နိုင်တဲ့ သွေးထွက်သံယိုဒဏ်ရာတွေအပြင် လူတွေမမြင်နိုင်တဲ့၊ ကိုင်တွယ်ကုသဖို့ ခက်ခဲတဲ့ စိတ်ဒဏ်ရာတွေကိုပါ ရရှိနေကြတာပါ။

ဒါတင်မကသေးပါဘူး ဗုံးသံတွေကြောင့် ပြေးလွှားပုန်းခိုခဲ့ရတဲ့ တခြားသော ကလေးတချို့ဟာ လည်း ပုန်းခိုရာနေရာကနေ ပြန်ထွက်လာနိုင်ခြင်းမရှိတော့ဘဲ လူကြီးတွေက ပြန်လည်လိုက်လံခေါ်ယူခဲ့ရတဲ့ အထိ ကြောက်ရွံ့နေကြပါတယ်။ မိဘတွေရဲ့ ပြောပြချက်အရ ကလေးငယ်တွေထဲက တချို့ဟာ နောက်ပိုင်းမှာတော့ စာသင်ကျောင်းရှေ့ကနေ ဖြတ်လျှောက်ဖို့တောင် မဝံ့ရဲတော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ တိုက်ခိုက်ခံခဲ့ရတဲ့ စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အနီးအနားရှိ စာသင်ကျောင်းတချို့မှာလည်း လေကြောင်းရန်ကို စိုးရိမ်တဲ့အတွက် ယာယီပိတ်ထားရတာတွေ ရှိနေပါတယ်။

“ကလေးတွေ ကြုံတွေ့ရတဲ့ နာကျင်မှုတွေ အမြန်ဆုံး ပျောက်ကင်းစေလိုပြီ။ အရင်လို ကျန်းမာပြီး ပြုံးရွှင်နေတာကိုပဲ ပြန်မြင်ချင်တယ်။”လို့ ကျောင်းသားမိဘတစ်ဦးက သူ့ရဲ့ဆန္ဒကို အခုလို ပြောပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်တွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ အချိန်တိုအတွင်းလုပ်ဆောင်နိုင်ပေမဲ့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ကြောက်ရွံ့မှုနဲ့ စိတ်ဒဏ်ရာတွေကတော့ အလွယ်တကူ ပျောက်ကင်းသွားနိုင်မှာ မဟုတ်ပါဘူး။

တစ်ချိန်က ပျော်ရွှင်စွာ ကျောင်းတက်ခဲ့ကြတဲ့ ကလေးတွေအတွက် စာသင်ကျောင်းဆိုတာ ပညာသင်ယူရာနေရာတစ်ခုသာ ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ပြန်လည်ကြောက်ရွံ့နေရတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ