spot_img
Homeဆောင်းပါး“စေတနာနဲ့ ဝမ်းရေးကြားက စေတနာ့ဝန်ထမ်းများ”

“စေတနာနဲ့ ဝမ်းရေးကြားက စေတနာ့ဝန်ထမ်းများ”

-

ဟန်နီ ၊ ကယ်ရိုလိုင်း / အလုပ်သတင်းထောက် ( ကန္တာရဝတီတိုင်း(မ်) ) ရေးသားသည်။

“ကျမတို့ ဝမ်းရေးအတွက် လာမယ့်ရှေ့ရေးဆို ကျမတို့ ဘာစားရတော့မလဲ၊ အခု ဒီဘက်ခြမ်း လာတာတောင်မှ ကျမတို့ မိသားစုအတွက်ဆိုရင် အနည်းဆုံး တလကို ဆန် ၁ အိတ်တော့ ပို့ကျွေးနိုင်ခဲ့တယ်”

အထက်ပါစကားကို ပြောသူက အမုဏ်း (အမည်လွှဲ) ပါ။ အမုဏ်း ဟာ ၂၀၂၂ ခုနှစ်ကစတင်ပြီး စစ်ရှောင်ကလေးများအတွက် စေတနာ့ဝန်ထမ်း(Volunteer) ကျောင်းဆရာမအဖြစ် လေးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

တော်လှန်ရေးကာလအတွင်း စစ်ရှောင်စခန်းများနဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း များအတွင်း လူငယ်အများအပြားက Volunteer ဆရာ၊ ဆရာမများအဖြစ် ဝင်ရောက် သင်ကြားပေးခဲ့ကြပါတယ်။ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးများအတွက် လူငယ်ဘဝကို ပေးဆပ်ကာ စာသင်ကြားပေးခဲ့ကြသော်လည်း အချိန်ကြာလာတာနဲ့အမျှ စေတနာနဲ့ ဝမ်းရေးကြားမှာ ရွေးချယ်ရတဲ့ အခြေအနေများနဲ့ ရင်ဆိုင်လာကြရပါတော့တယ်။

အမုဏ်း လည်း အဲ့ဒီအထဲက တဦးဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်း ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေစဉ်က သူမတကိုယ်စာအသုံးစရိတ်များပင် လုံလောက်မှုမရှိတဲ့ အခြေအနေများနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ တဖက်မှာလည်း မိသားစုရဲ့ စားဝတ်နေရေးကို စဉ်းစားရလာတဲ့အတွက် Volunteer ဆရာမဘဝကိုစွန့်ခွာကာ ပြည်ပကိုထွက်ခွာအလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

“ကျမအခုလုပ်နေတဲ့အလုပ်က ကိုယ့်ဟာကိုယ်လည်း ရှာစားနိုင်သလို မိသားစုကိုလည်း တဖက်တလမ်း အနေနဲ့ ကိုယ်က ပံ့ပိုးပေးနိုင်တယ်ပေါ့နော” လို့ အမုဏ်းက ပြောပါတယ်။

လက်ရှိမှာ သူမ ဟာ ထိုင်းနိုင်ငံတွင်းတနေရာမှာ အလုပ်လုပ်ကိုင်နေပြီး မိသားစုကိုပြန်လည် ထောက်ပံ့ပေးနိုင်နေပြီ ဖြစ်ပါတယ်။ သို့သော် Volunteer ဆရာမအဖြစ် စာသင်ကြားခဲ့တဲ့ အချိန်တွေကိုတော့ သူမ မမေ့နိုင်သေးပါဘူး။

“ကလေးတွေနဲ့ စာသင်နေချိန်တွေ၊ ကလေးတွေနဲ့ အတူပျော်ပါးခဲ့တဲ့ အချိန်တွေက အမှတ်တရအဖြစ် ကျန်နေတုန်းပါပဲ” လို့ အမုဏ်း က ပြောပါတယ်။

အမုဏ်း လိုပဲ Volunteer ဆရာ၊ ဆရာမ အများအပြားဟာ စတင်တာဝန်ထမ်းဆောင်ခဲ့စဉ်က မိမိအတွက် အဆင်ပြေခဲ့သော်လည်း မိသားစုစားဝတ်နေရေး၊ လူမှုဝန်းကျင်ရဲ့ ဖိအားများနဲ့ အနာဂတ်ရပ်တည်ရေးတို့ကြောင့် တာဝန်ကနုတ်ထွက်ခဲ့ကြရပါတယ်။ တချို့မှာ ပြည်ပသို့ ထွက်ခွာသွားကြပြီး အချို့မှာ အခြားလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလာကြပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းများနဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများမှာ သင်ကြားပေးနေဆဲ Volunteer ဆရာ၊ ဆရာမများလည်း ရှိနေပါသေးတယ်။ သူတို့အနေနဲ့ သင်ထောက်ကူပစ္စည်း မလုံလောက်ခြင်း၊ ဆရာ၊ ဆရာမ အင်အားမပြည့်စုံခြင်းနဲ့ နိုင်ငံရေး အခြေအနေများကြောင့် ကျောင်းပိတ်ရခြင်း စတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း လက်ရှိသင်ကြားနေသူ Volunteer ဆရာမတဦးက ပြောပါတယ်။

“ကိုယ်ထူကိုယ်ထကျောင်းတွေ ဖြစ်တာကြောင့် လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကလေးတွေ ပညာသင်ခွင့် မဆုံးရှုံးအောင် ဆက်လုပ်နေကြတာပါ” လို့ အဆိုပါ ဆရာမ က ပြောပါတယ်။

Volunteer ဆရာ၊ ဆရာမ များအနေနဲ့ ကလေးများကို စာသင်ကြားပေးရာမှာ စာမေးပွဲအောင်မြင်ရေးထက် ကလေးများ နားလည်တတ်မြောက်ရေးနဲ့ အနာဂတ်မှာအသုံးဝင်မယ့် အသိပညာများရရှိစေရေးကို အဓိကထား သင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။

ကရင်နီပြည်အတွင်းမှာ လက်ရှိ ကျောင်း ဆရာ၊ ဆရာမ စုစုပေါင်း ၅,၀၀၀ ကျော်ရှိနေပြီး၊ ဆရာ၊ ဆရာမ များရဲ့ ခံစားခွင့်နဲ့ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေကြောင်းကိုလည်း IEC ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိက အခြေခံလိုအပ်ချက်များဖြစ်တဲ့ ဆရာ၊ ဆရာမ မုန့်ဖိုးနဲ့ သင်ထောက်ကူပစ္စည်းတွေကို ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်များနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ သို့သော် အရေးပေါ်လိုအပ်ချက်တွေက အင်မတန်မြင့်မားနေတဲ့အတွက် တပြည်နယ်လုံး အတိုင်းအတာနဲ့ မြေပြင်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ပြည့်ပြည့်ဝဝ ပံ့ပိုးပေးနိုင်ဖို့ကတော့ ဘတ်ဂျက်အခက်အခဲ ရှိနေပါတယ်” လို့ IEC ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာ က ပြောပါတယ်။

လက်ရှိ တော်လှန်ရေးကာလနဲ့ ကြားကာလအခြေအနေများမှာ ပညာရေးလုပ်ငန်းအတွက် လိုအပ်တဲ့ အရင်းအမြစ်များ လုံလောက်မှုမရှိသေးကြောင်းနဲ့၊ ပညာရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ မြေပြင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာ အစုအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား/သူများ ပူးပေါင်းပါဝင်ကြရန် အရေးကြီးကြောင်းကို IEC ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာက တိုက်တွန်းထားပါတယ်။

တချိန်က စစ်ရှောင်ကလေးများအတွက် စာသင်ခန်းထဲမှာ ရပ်တည်ခဲ့တဲ့ အမုဏ်း တယောက်ယခုအခါမှာတော့ မိသားစုဝမ်းရေးအတွက် ပြည်ပမြေတနေရာမှာ ရပ်တည်နေရပါပြီ။ ဒါပေမဲ့ သူမ ချန်ထားခဲ့တဲ့ စာသင်ခန်းနဲ့ ကလေးများအပေါ်ထားတဲ့ စေတနာကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ