ကန္တာရဝတီတိုင်း(မ်)
စနစ်ဆိုးတခုရဲ့အောက်မှာ မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ အဲဒီလိုအခြေအနေမှာ လူငယ်တွေအတွက် စံပြခေါင်းဆောင်တဦး ဖြစ်လာဖို့၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းက အားဖြည့်ပေးနိုင်ဖို့နဲ့ အမျိုးသမီးတွေ၊ လူငယ်တွေရဲ့ အသံကို ကိုယ်စားပြုရပ်တည်ပေးနိုင်ဖို့ဟာ သူမရဲ့ အိပ်မက်ဖြစ်တယ်လို့ ပြောလာသူကတော့ အသက် ၃၃ နှစ်အရွယ် လူငယ်အမျိုးသမီး မော်လူမြာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လူငယ်ရေးရာဌာနမှာ ဒု-ဌာနမှူး အဖြစ်လည်းကောင်း၊ ကယားလီဖုလူငယ်အဖွဲ့မှာ ဒု- ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်နေသူတဦးပါ။
“ဒီကာလထဲမှာမှ ကိုယ့်ရဲ့အိပ်မက်လို့ ပြောရမှာပေါ့။ စနစ်ဆိုး၊ ခေတ်ဆိုးထဲမှာ အမျိုးသမီးတွေ၊ လူငယ်တွေအတွက် အများကြီး မျှော်လင့်ချက်မဲ့နေတဲ့အရာတွေ ရှိတယ်။ မတရားမှုခံနေရတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ အများကြီးရှိတယ်။ အဲ့ဒီလူငယ်တွေ၊ အမျိုးသမီးတွေအတွက်ဆိုရင် ကျမကနေပြီးတော့မှ ရှေ့ကနေပြီးတော့မှ မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ အမျိုးသမီးတယောက် ဖြစ်ချင်တယ်။” လို့ မော်လူမြာက ပြောပါတယ်။
သူမရဲ့ နောက်ထပ်ရည်မှန်းချက်တခုကတော့ ပြန်လည်တည်ဆောက်ရေးကာလမှာ လူငယ်တွေ ဦးဆောင်တဲ့ တိုင်းပြည် (သို့မဟုတ်) ပြည်နယ် တခုကို မြင်တွေ့ချင်တာ ဖြစ်ပါတယ်။ စံနှုန်းသတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်ခံနေရဆဲ လူငယ်တွေဟာ အမှန်တကယ် အရည်အချင်းရှိပေမယ့် တိုင်းပြည်ဦးဆောင်တဲ့ နေရာတွေမှာ အခွင့်အလမ်း မရကြသေးဘူးလို့ သူမက မြင်ပါတယ်။
လက်ရှိတော်လှန်ရေးဟာ ဒီအရွေ့အထိ ရောက်လာနိုင်တာ လူငယ်တွေရဲ့ အင်အားကြောင့်ဖြစ်ပြီး ရှေ့ဆက်တဲ့ခရီးမှာလည်း လူငယ်တွေမပါဝင်ရင် ဒီတော်လှန်ရေး အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ မော်လူမြာ က ယုံကြည်ထားပါတယ်။
တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ သူမဟာ ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားတွေနဲ့အတူ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ၊ စစ်ဘေးရှောင်အရေး၊ ဒေသအရေး၊ လူငယ်အရေး၊ လူမှုရေးနဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေမှာလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေပါတယ်။

သူမရဲ့ ဒီခရီးလမ်းဟာ တော်လှန်ရေးကာလမှာမှ စတင်ခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်၊ အလယ်တန်းကျောင်းသူဘဝကတည်းက လူမှုအသိုင်းအဝိုင်းနဲ့ ထိတွေ့ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။
မော်လူမြာ ဟာ ကျောင်းဖွင့်ရက်တွေမှာ စာသင်ခန်းအတွင်း ပညာသင်ယူသလို နွေရာသီ ကျောင်းပိတ်ရက်တွေမှာတော့ လူမှုရေးလုပ်ငန်းတွေအတွက် အချိန်ပေးခဲ့ပါတယ်။ အထူးသဖြင့် ကယားတိုင်းရင်းသူတဦးဖြစ်တဲ့ သူမဟာ ကယားစာပေနဲ့ ဘာသာစကား ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရာကနေ ဒီကနေ့အထိ ဒီလမ်းပေါ် လျှောက်လှမ်းနေသူပါ။
ကိုယ်ပိုင်အားလပ်ချိန် အများစုကိုလည်း လူငယ်အရေးနဲ့ အမျိုးသားအရေးလုပ်ငန်းတွေအတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း CSO၊ NGO အဖွဲ့အစည်းတွေမှာ မိမိဝမ်းစာအတွက် လုပ်ကိုင်ဆောင်ရွက်ရင်း ၂၀၁၇ ခုနှစ်မှာ ကယားလီဖုလူငယ် ဗဟိုကော်မတီဝင်တဦးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ဒေသနဲ့ လူငယ်အရေး လုပ်ငန်းတွေမှာ ပိုမိုထဲထဲဝင်ဝင် လုပ်ဆောင်လာခဲ့ပါတယ်။
လူမှုအသိုင်းအဝိုင်းအတွက် ကိုယ်တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်ကပဲ သူမကို အဲဒီလှုပ်ရှားမှုတွေဆီ ဆွဲခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအတွေ့အကြုံတွေကတဆင့် နောင်တချိန်မှာ ဒေသအရေးနဲ့ လူငယ်ရေးရာလုပ်ငန်းတွေကို ပိုမိုလေးနက်စွာဆောင်ရွက်ဖို့ သူမရဲ့ ခံယူချက်ကို ခိုင်မာလာစေခဲ့ပါတယ်။
ငယ်စဉ်ကတည်းက အဲဒီလမ်းကြောင်းပေါ်ကို ဦးတည်လျှောက်လှမ်းခဲ့တဲ့ သူမအတွက် ဂုဏ်သတင်း ဒါမှမဟုတ် ရာထူးတခုကို ရယူလိုတဲ့ ဆန္ဒထက် မိမိဒေသရဲ့ အမှန်တကယ်လိုအပ်ချက်တွေကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရခြင်းကသာ လူမှုရေးလုပ်ငန်းတွေမှာ ပိုမိုနက်ရှိုင်းစွာပါဝင်လာစေခဲ့တဲ့ အကြောင်းရင်းဖြစ်တယ်လို့ မော်လူမြာ က ပြောပါတယ်။
လက်ရှိမှာ သူမရဲ့ အိပ်မက်နဲ့ လက်တွေ့အကောင်အထည်ဖော်မှုတွေကတော့ တစိတ်တပိုင်း ထပ်တူကျနေပြီလို့ ဆိုနိုင်ပါတယ်။ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခု တည်ဆောက်ဖို့၊ ဒေသနဲ့ လူထုအတွက် အကျိုးရှိမယ့်ပြောင်းလဲမှုတွေကို ဖော်ဆောင်ဖို့ ကြိုးပမ်းရင်း မော်လူမြာဟာ ယနေ့တိုင် အဲဒီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေဆဲပါပဲ။

ဒေသအရေး ကွင်းဆင်းလုပ်ငန်းတွေဆောင်ရွက်ရင်း ဒေသတွင်းလူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ပညာရေးအခွင့်အလမ်းမညီမျှမှုတွေ၊ အခြေခံပညာရေးကိုပင် လက်လှမ်းမမီနိုင်တဲ့ အခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အားလုံးကို လွှမ်းခြုံကူညီနိုင်ခြင်း မရှိသေးပေမဲ့ မိမိတတ်နိုင်တဲ့ အတိုင်းအတာအတွင်း ပံ့ပိုးကူညီပေးဖို့ ကြိုးစားနေတယ်လို့ မော်လူမြာက ပြောပါတယ်။
ခေတ်ကာလအခြေအနေကြောင့် ရုန်းကန်နေရတဲ့ မိသားစုတွေဟာ စားဝတ်နေရေးကို ဦးစားပေးရတဲ့အတွက် သားသမီးတွေကို ကျောင်းမပို့နိုင်တဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။ အဲဒီအကျိုးဆက်အဖြစ် ပညာရေးကို ဆက်လက်သင်ယူချင်ပေမယ့် မိဘဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်တဲ့ ကျောင်းနေအရွယ်ကလေးတွေ ရှိသလို၊ အလွန်ဝမ်းနည်းဖွယ် ဖြစ်ရပ်တချို့လည်း ကရင်နီပြည်မှာ ကြုံတွေ့နေရတယ်လို့ သူမက ဆိုပါတယ်။ ဒီလိုအခြေအနေတွေကပဲ ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ဖို့ သူမရဲ့ ရည်မှန်းချက်ကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။
“ခုထက်ထိ ဒီအရေးကိုဆောင်ရွက်နေတယ်။ ကိုယ့်ကိုယ်ကို လုပ်နိုင်ပြီလားမေးရင်တော့ ခုထက်ထိတော့ ကိုယ်လုပ်နိုင်ခဲ့တယ်ဆိုတဲ့အရာတွေ အများကြီးရှိတယ်ပေါ့။ ပြီးရင် ဒီကြားထဲမှာလည်း အခက်အခဲစိန်ခေါ်မှုတွေ အများကြီးရှိတယ်။ တိုက်ခိုက်ခံရမှုတွေ အများကြီးရှိတယ်။ ဆိုတော့ ကျမက တောက်လျှောက် ဒီအရေးကိုဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်တော့ ကိုယ့်ကိုယ်ကိုတော့ အားရတဲ့အချိန်တွေတော့ ရှိခဲ့တယ်။ အားမရတဲ့အချိန်လည်း ရှိခဲ့တယ်။“ လို့ မော်လူမြာ က ပြောပါတယ်။
လက်ရှိမှာတော့ ပညာရေးကဏ္ဍကို ပံ့ပိုးဆောင်ရွက်နေသလို ကျောင်းတက်ဖို့ အခက်အခဲရှိတဲ့ ကလေးတွေအတွက်လည်း မိမိတတ်နိုင်တဲ့ဘက်ကနေ သူမရဲ့ လူငယ်အဖွဲ့တွေနဲ့အတူ ကယားလီဖုဘော်ဒါဆောင်ကို ဖွင့်လှစ်ပေးထားပါတယ်။ တချိန်တည်းမှာပဲ စစ်ရှောင်အရေး၊ လူငယ်အရေးနဲ့ အမျိုးသားရေး ကဏ္ဍတွေမှာလည်း ပါဝင်ဆောင်ရွက်နေရတာကြောင့် သွားလာရေးအခက်အခဲနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေက သူမအတွက် အမြဲလိုလို ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။
ဒီကနေ့အထိ တက်ကြွစွာလျှောက်လှမ်းနေတဲ့ သူမရဲ့ ခရီးလမ်းက အခက်အခဲကင်းခဲ့တာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတဦးအဖြစ် ရင်ဆိုင်ရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ အားမပေးမှုတွေကြားမှာပဲ သူမရဲ့ အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်နေပါတယ်။
“အမျိုးသမီးဖြစ်နေလို့ တခါတလေကျရင် ဦးဆောင်မှုကဏ္ဍမှာဆိုရင် ကိုယ်တွေက အသိအမှတ်မပြု ခံရတာတွေ ရှိတယ်။ ဥပမာ ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း တခါတလေကျရင် အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေက ပိုပြီးတော့မှ နေရာမရဘူး။ အဲ့လိုမျိုးတွေရှိတယ်။ နောက်ပြီးတော့ ဝေဖန်ခံရတဲ့ဟာတွေကလည်း အမျိုးသမီးတွေက ပိုများတယ်။” လို့ မော်လူမြာက လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ပြောပြပါတယ်။
သူမအမြင်မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နေရာတွေ၊ စကားပြောခွင့်ရတဲ့နေရာတွေသာမက နေ့စဉ်ပတ်ဝန်းကျင်မှာပါ အမျိုးသမီးဦးဆောင်မှုကို အပြည့်အဝအသိအမှတ်မပြုသေးတာက စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။
အာဏာမသိမ်းခင် ဆယ်ကျော်သက်အရွယ်ကတည်းက လူငယ်အရေးနဲ့ ဒေသအရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ သူမဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။

သူမအတွက် တော်လှန်ရေးကာလတလျှောက် လူငယ်တွေရဲ့ အသက်၊ ကိုယ်လက်အင်္ဂါနဲ့ လူထုရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေက နောက်ပြန်မဆုတ်ဘဲ ရှေ့ဆက်လျှောက်လှမ်းရမယ့် အဓိကတွန်းအား ဖြစ်နေဆဲပါ။ ဒါကြောင့်လည်း သူတို့အတွက် တထောက်တနေရာကနေ အကူအညီပေးရင်း အကြံပြုချက်တွေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
“ ဒီခေတ်ဆိုး၊ စနစ်ဆိုးကြားထဲမှာတော့ လူငယ်တွေက အများကြီးပေးဆပ်ခဲ့ပြီးပြီ။ မတရားမှုတွေ အများကြီးခံနေရတဲ့ လူငယ်တွေရှိတယ်။ ဆိုတော့ ကျမတို့ခေတ်နဲ့တင် ကျမတို့က အပြီးတိုင် အာဏာရှင်စနစ်ပဲဖြစ်ဖြစ် ခေတ်ဆိုးထဲမှာ မတရားမှုခံနေရတဲ့ လူငယ်တွေအတွက်ပဲဖြစ်ဖြစ် အဲ့ဒီလူငယ်တွေအတွက်ကို ကျမတို့က မားမားမတ်မတ်ရပ်တည်ပြီးတော့မှ အဓိက သူတို့ကို ကာကွယ်ပေးချင်တယ်။ ကျမတို့ရဲ့ မျိုးဆက်မှာတင် အပြီးသတ်ချင်တယ် နောက်မျိုးဆက် အတွက်ဆိုရင် ကျမတို့က ဒီစနစ်ဆိုးကြီးကို မခံစားစေချင်ဘူး။ အဲ့ဒါကြောင့်မို့လို့ ကျမရဲ့ အဓိက လူငယ်တွေအတွက် မျှော်မှန်းချက်ကလည်း အဲ့ဒီဟာပဲ ဖြစ်တယ်။“
ခေတ်ဆိုးကြားမှာ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ လူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ဆက်လက်လျှောက်လှမ်းနေတဲ့ မော်လူမြာရဲ့ ခြေလှမ်းတွေက သူမရဲ့ ကိုယ်ပိုင်အိပ်မက် တခုတည်းအတွက် မဟုတ်ပဲ နောက်မျိုးဆက်တခုလုံးရဲ့ အနာဂတ်အတွက် ဖြစ်နေဆဲပါ။






