ကန္တာရဝတီတိုင်း(မ်)
ရှမ်း၊ ကရင်နီပြည် အစပ်မှာရှိတဲ့ ကြေးတုံ စစ်ဘေးရှောင်စခန်းမှာ အခုမေလ (မိုးကျချိန်) မှာပဲ စစ်ရှောင်လူထုတွေထဲက အသက် ၁၀ နှစ်အောက်ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ဖျားနာမှုတွေအဖြစ်များနေပါတယ်။
“မိုးဝင်ခါနီးစမှာ ဖျားကြတာ၊ ခုထိပေါ့နော၊ ငှက်ဖျားလိုမျိုးပြောလိုရတယ်။ အဲမျိုး ခေါင်းမူးတာ၊ ခေါင်းတခြားကိုက်တာမျိုး၊ နှံစေးတာ ကလေးတွေ အများဆုံးဖြစ်တယ်” လို့ စစ်ရှောင်စခန်း ကော်မတီဝင် ဦးယားနိုက ဆိုပါတယ်။
စစ်ဘေးရှောင်ရဲ့ အဆိုအရ မိုးဥကျကာလအတွင်း ဖျားနာမှုတွေရှိသလို သက်ကြီးပိုင်းစစ်ရှောင်တွေမှာ နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချိုရောဂါတွေလည်း ဖြစ်ပွားနေကြပြီး ဆေးကုသစရိတ် မတတ်နိုင်ကြဘူးလို့လည်း ဆိုပါတယ်။
“အသက် ၁၀ နှစ်အောက်နဲ့ လူကြီးပိုင်း အများဆုံး ဖြစ်တာပေါ့၊ များတယ်၊ ဆေးဖိုးမတတ်နိုင်ကြဘူး၊ အများအားဖြင့် တအိမ်နဲ့ တအိမ် ဆေးဝယ်ယူမျှသုံးနေရတာမျိုး ရှိတယ်” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း(မေလ ၁၇ရက်နေ့) မှာပဲ သွေးလွန်တုပ်ကွေးရောဂါလို့ သံသယရှိတဲ့ လူနာတစ်ဦးသေဆုံးသွားတာကြောင့်လည်း စစ်ရှောင်လူထုတွေအကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ စစ်ရှောင်စခခန်းကော်မတီတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ကြေးတုံ စစ်ရှောင်စခန်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ချောင်းဆိုးရင်း သွေးပါလာတာကြောင့် ဆေးရုံသွားနေစဉ်မှာ သေဆုံးသွားရတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။
“သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တာ သေနိုင်လားဆိုတော့ သေနိုင်တာပေါ့ (ဥပမာ) ချောင်းဆိုးတာ၊ အန်တာမျိုးက ပုံမှန် မဟုတ်တာ၊ အန်ထွက်လာတဲ့ သွေးက ကော်ဖီရောင်တို့လိုပေါ့ အဲလိုဖြစ်ရင်တော့ သေနိုင်တယ်”လို့ ဆေးဆရာမတစ်ဦးက ရှင်းပြပါတယ်။
ကြေးတုံစစ်ရှောင်စခန်းမှာတော့ လီဝိုးကျေးရွာဒေသခံလူထုတွေ အများဆုံးနေထိုင်တဲ့ စစ်ရှောင်တစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကာ လူဦးရေ ၂၀၀၀ ကျော်အထိ ရှိနေပါတယ်။






